မေလ ၁၇ ရက် ထိပ်တန်းသတင်းများ - မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမှာ ပဲ၊နှမ်းစိုက်ခင်း ဧကထောင်ချီ ပျက်စီး
စစ်ကောင်စီရဲ့သန်းခေါင်ယံ လေကြောင်းဗုံးကြဲမှု ထိုင်း မြန်မာနယ်စပ်မှာ အထိတ်တလန့်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Cobra Column
ထိုင်း မြန်မာ နယ်စပ် က မြဝတီမြို့နယ်ထဲမှာ မေလ ၁၇ ရက် လင်းအားကြီး နံနက် ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ကျယ်လောင် ပြင်းထန်တဲ့ ပေါက်ကွဲသံကို မြဝတီမြို့နယ်ထဲကရော ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲက ပါ ကြားလိုက်ရပြီး အိမ်တွေပါ တုန်ခါ သွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
‘’လေယာဉ်သံကြားကတည်းက နားစွင့်နေတာ။ ခဏနေတော့ ပေါက်ကွဲသံကြားတော့တာပဲ။ လေယာဉ်တစ်စီးထဲ သုံးခါ ဝဲပျံပြီး ကြဲတာ’’လို့ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲသံ ကြားရတဲ့ အနေအထားအရ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသ ဘက်က လို့ သူက ခန့်မှန်းပါတယ်။
KNU တပ်မဟာ(၆) နယ်မြေထဲမှာရှိတဲ့ မြဝတီမြို့နယ် လက်ခတ်တောင် နဲ့ ကျောက်မိုင်းဒေသတွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပါတ်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိတဲ့အကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ခတ်တောင် နဲ့ ကျောက်မိုင်းဒေသက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ စခန်းတွေဆီ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပြီး အခုတော့ လေကြောင်းကနေပါ တိုက်ခိုက်လာတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့သလားဆိုတာကို အသေးစိတ်မသိရသေးဘဲ KNU ဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းအတည်ပြုဖို့ ကြိုးစားနေပါတယ်။
မဲဆောက်မြို့မှာနေထိုင်သူတွေကတော့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လန့်နိုးခဲ့ကြပြီး မနက်ခင်းရောက်မှသာ ဗုံးကြဲတိုက်ခိုက်မှုဆိုတာ သိခဲ့ကြတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။
မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမှာ ပဲ၊နှမ်းစိုက်ခင်း ဧကထောင်ချီ ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းမြို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်ထဲမှာ ပဲနဲ့နှမ်းစိုက်ခင်း ဧက ထောင်နဲ့ချီ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပြလာပါတယ်။
မုန်တိုင်းကြောင့် စလင်းချောင်းရေ ရုတ်တရက်လျှံပြီး ချောင်းတစ်လျှောက်က ရွာတွေကို ရေနစ်မြုပ်ချိန် အဲဒီ ရွာတွေက ပဲနဲ့နှမ်းစိုက်ခင်းတွေလည်း ရေမြုပ်ပျက်စီးခဲ့တာလို့ဆိုပါတယ်။
‘’ကျွန်တော်ဆို နှမ်း ဧက ၂၀နဲ့ ပဲ ၂၄ ဧကလောက် နုန်းမြေအောက်ရောက်ပြီး ပျက်စီးတယ်။ စိုက်ပျိုးငွေ စိုက်ထည့်ထားတာက ၁ ဧကကို ၅ သိန်းဝန်းကျင်ရှိပါတယ်။ ကြက်သွန်ဂိုထောင်တွေလည်း ပါကုန်တယ်။ စိုက်ခါစလည်းမဟုတ်ဘူး။ သိမ်းခါနီးလည်းမဟုတ်ဘူး။ နှမ်းဆို စပြီးတော့ ရိတ်ခါနီး၊ ပေါင်းတုံးတွေ၊ ပဲနောက်တွေဆို ကောက်ခါနီးတွေ ရေထဲပါတာနဲ့ ရေမြုပ်ကုန်တာ။ ဆုံးရှုံးစရိတ်က သိန်း ၅၀၀ နဲ့ ၆၀၀ ကြားရှိတယ်’’ လို့ ဆင်ဖြူကျွန်းဒေသခံတောင်သူကြီး တစ်ဦးက ပြောပါတယ်။
စလင်းချောင်းရေကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်က ရပ်ကွက် ၃ ခုအပြင် ချောင်းတစ်လျှောက်က ကျေးရွာပေါင်း ဆယ်ချီ ရေလွှမ်းခဲ့တာဖြစ်ပါတယ်။
အသက် ၆၀ အရွယ် ဒေသခံတစ်ဦးကတော့ သူ့ရဲ့ တစ်သက်တာမှာ အခုတစ်ကြိမ် စလင်းချောင်းရေ လျှံမှုဟာ အဆိုးရွားဆုံးလို့ ပြောပါတယ်။
ဒီအခြေအနေကြောင့်ပဲ ဆင်ဖြူကျွန်းမြို့ပေါ်က သားအမိ ၂ ဦးနဲ့ စလင်းချောင်းဘေး နွယ်တမယ်ကျေးရွာက အသက် ၂၀ ကျော်အရွယ်အမျိုးသား ၁ ဦး၊ စုစုပေါင်း လူ ၃ ဦး ချောင်းရေနဲ့မျောပါ သေဆုံးခဲ့ပါတယ်။
ချောင်းရေကြောင့် နောက်ထပ် ဆယ်နဲ့ချီတဲ့နေအိမ်တွေ အိမ်အလုံးလိုက်မျောပါခဲ့သလို ချောင်းရေနဲ့ပါလာတဲ့နှုန်းတွေကို ဒေသခံတွေဟာ ဒီနေ့အထိ ရှင်းလင်းနေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့ ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက် ၃ ခုက ရေဘေးသင့် အိမ်ထောင်စု ၈၀ နီးပါးကို အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ကူညီထားတယ်လို့ ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းကြောင့် ဘူသီးတောင်နဲ့ရသေ့တောင်မှာ မြို့ပေါ်ထက် ကျေးရွာတွေ ထိခိုက်မှုပိုများ

ဓာတ်ပုံ ရင်းမြစ်, မောင်တောမြို့နယ်ကရုဏာကွန်ရက်
မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့မှာတော့ မြို့ပေါ် ရပ်ကွက်တွေမှာ ပျက်စီးဆုံးရှုံးမှုနည်းပါးပေမဲ့ မွတ်စလင်အများစုနေထိုင်ရာ ကျေးရွာတွေဘက်မှာ ထိခိုက်မှုများပြားတယ်လို့ လူမှုကူညီရေးအသင်းတွေက ဒီနေ့မှာပြောလာပါတယ်။
မိုခါမုန်တိုင်းဟာ အင်အားအလွန့်အလွန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်ထဲကနေ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသကို ဗဟိုပြုပြီး မေလ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
မုန်တိုင်းကြောင့် ဘူးသီးတောင်မြို့ပေါ်မှာ ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိပေမဲ့ ကျောက်ပန်းဒူ၊ အင်းဒင်ရွာ၊ နောက် ရသေ့တောင်မြို့နယ်ထဲမှာဆိုရင် ကိုးတန်းကောက်၊ ကြံတိုင်းအောင်၊ ချိန်ခါလီ ဒုံးပိုက် စတဲ့ အထက်ကျေးရွာတွေဘက်ကမှာ ထိခိုက်ဆုံးရှုံးမှုများပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရသေ့တောင်ဒေသခံတစ်ဦးကတော့ ‘’ သစ်ပင်တွေလဲ၊ အိမ်ခေါင်မိုးတွေလန်၊ အပျက်အစီးကတော့ တစ်မြို့လုံးလိုလိုပါပဲ။ တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတယ်။ မုန်တိုင်းနောက်ဆက်တွဲ အမိုးအကာ၊ နေဖို့ အခက်အခဲဖြစ်နေတယ်။ ပိုက်ဆံရှိလည်း သွပ်တွေဘာတွေကို ဝယ်လို့မရဘူးလေ။ ဝယ်လို့ မရတော့ နေဖို့ ခက်တယ်။ စားရေးသောက်ရေးကတော့ ရှင်းလင်းရေးလုပ်နေတော့ ဘယ်သူမှ စားရေး အဓိက မလုပ် နိုင်ဘူး။ သောက်ရေကတော့ တချို့ကန်တွေက ရသေးတယ်။ တချို့ကန်တွေကတော့ ဒီရေဝင်သွားတော့ သုံးလို့ မရတဲ့ အခြေအနေဖြစ်နေတယ်။ အခုတော့ ကိုယ့်အိမ်ကိုယ်ရှင်း၊ ကိုယ့်လမ်းကိုယ်ရှင်း လုပ်နေကြတယ်’’ လို့ ဒီနေ့မနက်ပိုင်းမှာပဲ ဘီဘီစီကို ပြောထားပါတယ်။
မေလ ၁၆ ရက်မှာ ဘီဘီစီကသိရှိရတဲ့လူသေဆုံးစာရင်းအရ ရခိုင်ပြည်နယ်ထဲမှာ မုန်တိုင်းကြောင့်သေဆုံးသူ ၄၁ ဦးရှိပြီး အဲဒီထဲမှာ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်ကျေးရွာမှာ သေဆုံးသူ ၁၁ ဦးအထိရှိနေပါတယ်။
နောက်ပြီး အင်းဒင်ကျေးရွာကနေ အငူမော်ကို သွားတဲ့လမ်းဘေးတစ်လျှောက်မှာဆိုရင် မုန်တိုင်းကြောင့်သေဆုံးတဲ့ နွားအကောင်ရေဟာ ခန့်မှန်းခြေ ၁ ထောင်ကျော်အထိရှိတယ်လို့ ဆိုပါတယ်။
မုန်တိုင်းအလွန်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို တိတိကျကျ မသိရသေးသလို ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေကို ကူညီရေးအသင်းတွေ သွားရောက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
မေလ ၁၄ ရက်မှာ မုန်တိုင်းဗဟိုချက်အနေနဲ ဖြတ်သန်းခဲ့တဲ့အဲဒီမြို့နယ်တွေက ထိခိုက်ပျက်စီးမှု နောက်ဆုံးရအခြေအနေတွေကို သိရှိနိုင်အောင် ဘီဘီစီအနေနဲ့ ကြိုးပမ်းနေပြီး နောက်ဆုံးရသတင်း အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သောက်သုံးရေ အခက်အခဲကြုံ

ရခိုင်ပြည်သူ တစ်သန်းလောက်အထိ အစားအစာနဲ့ သောက်သုံးရေ လိုအပ်နေတယ်လို့ NUG ထုတ်ပြန်
မိုခါ မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ဒေသခံတွေ သောက်သုံးရေအခက်အခဲ ရင်ဆိုင်ကြုံတွေ့နေကြရတယ် လို့ စစ်တွေမြို့က ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။
မေလ ၁၇ ရက် ဒီကနေ့မှာ ရခိုင်ပြည်နယ်မြို့တော်စစ်တွေက ရေ လုံးဝအခက်အခဲရှိနေတဲ့ မြို့ပေါ်နေရာတချို့နဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရွေ့လျားရေသန့်ထုတ်စက်တွေနဲ့ သောက်ရေရရှိရေးအတွက် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် တွေမှာအခုလို သောက်သုံးရေပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ မေလ ၁၆ ရက် ညပိုင်းထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ လေးရာကျော်ရှိနေပြီး ရခိုင်ပြည်သူ တစ်သန်းလောက်အထိ အစားအစာနဲ့ သောက်သုံးရေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က မြန်မာပြည်တွင်းကို မိုခါ မုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန် မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာနေထိုင်သူ လူဦးရေ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ် သင့်တဲ့ အခြေအနေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာမှာ မိုခါ မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲနီးပါးအထိရှိ

ဓာတ်ပုံ ရင်းမြစ်, TN
မြန်မာပြည်တွင်းကို မိုခါ မုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန် မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာနေထိုင်သူ လူဦးရေ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ် သင့်တဲ့ အခြေအနေရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုလာပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေပြီး အဲဒီမြို့နယ်တွေကို အရေးပေါ်လိုအပ်ချက်အတွက် ဦးစားပေးအနေနဲ့ စစ်တမ်းစတင်ကောက်ယူဖို့ဆောင်ရွက်နေတယ်လို့ UNOCHA ဘက်က ပြောပါတယ်။
မိုခါ မုန်တိုင်းဟာ အင်အားပြင်းမုန်တိုင်းငယ်အဖြစ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ မိုးသည်း ရေကြီးမှုတွေကြောင့် မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက လူဦးရေ ၁ သိန်းကျော်ဟာ ဆိုးဝါးတဲ့ရေကြီးမှု ဒဏ် ခံခဲ့ရပါတယ်။
ဘီဘီစီက စုံစမ်းသိရှိရသလောက် မိုခါမုန်တိုင်းတိုက်ခတ်ချိန် မိုးသည်းရေကြီးတာကြောင့် မကွေးတိုင်းထဲက ဆင်ဖြူကျွန်းမြို့နယ်မှာ စလင်းချောင်းရေ အဆမတန်မြင့်တက်ခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ချောင်းတစ်လျှောက် ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့လူတွေ ရေဘေးသင့် ခဲ့ရပါတယ်။ ချင်းပြည်နယ်ထဲမှာလည်း မုန်တိုင်းကြောင့် လူနေအိမ် ၁ ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ မြောက်ယမားချောင်း ဖြတ်သန်းစီးဆင်းရာ ယင်းမာပင်၊ ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်တွေက ဒါဇင်နဲ့ချီတဲ့ရွာတွေ ရေဘေးသင့်ခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံးကတော့ မုန်တိုင်းသင့်သူတွေအတွက် အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းတွေ၊ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအကူအညီတွေ လိုအပ်နေတယ်လို့ ပြောသလို ရခိုင်ပြည်နယ်ထဲမှာတော့ ရေကြီးတာကြောင့် နေရာရွေ့သွားနိုင်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကိုလည်း သတိပေးထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုခါ ဆိုင်ကလုန်းကြောင့် တိုင်း နဲ့ ပြည်နယ် ၁၁ ခုမှာ အိမ်ခြေ တစ်သောင်းကျော် ပျက်စီးပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ မေလ ၁၅ ရက်ညပိုင်းအထိ နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။
မိုခါဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးမှုတွေကို ကူညီကယ်ဆယ်ဖို့ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေအပါအဝင် ကူညီကယ်ဆယ်ရေးသမား လေးရာကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့ မေလ ၁၇ မနက်ပိုင်းက ပို့ဆောင်လိုက်ပါတယ်။
ကူညီကယ်ဆယ်ရေးသမားတွေထဲ ရန်ကုန်၊ပဲခူးနဲ့ ဧရာဝတီတိုင်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေ နဲ့အတူ စစ်တပ်လေယာဉ်တွေနဲ့ အသုတ်လိုက် ပို့ဆောင်ပေးနေတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးမဆွေးနွေးဖို့၊ မသင်ကြားဖို့ ပုဂ္ဂလိကပညာရေးဥပဒေနဲ့ စစ်ကောင်စီ ကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတော်မူဝါဒနဲ့ဆန့်ကျင်တဲ့ ပါတီနိုင်ငံရေး၊ နိုင်ငံရေးအကြောင်းအရာတွေကို ဟောပြောခွင့်၊ သင်ကြားပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်းတွေကို မလုပ်ရဘူးလို့ ထည့်သွင်းကန့်သတ် ပြဌာန်းလာပါတယ်။
“နိုင်ငံတော်မူဝါဒနဲ့ ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာအကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာ များကိုး ဟောပြောြခင်း၊ ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထို့သို့ ဆောင်ရွက်ရန် စီစဥ်ဆောင်ရွက်ခြင်း” ဆိုကာ အဲဒီဥပဒေရဲ့ ပုဒ်မ ၆၈ မှာ ထည့်သွင်း ကန့်သတ်ထားပါတယ်။
အဲဒီလိုနိုင်ငံရေးဆိုင်ရာ ဟောပြော၊ ပို့ချ၊ သင်ကြားမှု၊ ထည့်သွင်းစီစဥ်ထားမှုတွေကို ပြလုပ်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၆ လကနေ ၁ နှစ်အပြင် ဒဏ်ငွေ ကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ စတဲ့ ဒဏ် ၂ရပ် လုံးကိုချမှတ်ဖို့ ဥပဒေအတွင်း ထည့်သွင်းထားပါတယ်။
ဥပဒေပါပြဌာန်းချက်တွေအရ ပုဂ္ဂလိကကျောင်းတွေကို ဝန်ကြီးဌာနကဖွဲ့စည်းခွင့်ရတဲ့ ကြီးကြပ်ရေးအဖွဲ့က အထက်ပါကန့်သတ်ချက်အပါအဝင်၊ ဆရာအသိမှတ်ပြုလက်မှတ်ထုတ်ပေးရေး၊ ကျောင်းဖွင့်လှစ်နိုင်ရေးအ ပါအဝင် ပုဂ္ဂလိကကျောင်းနဲ့ဆက်စပ်တဲ့အရာအားလုံးကို ထိန်းချုပ်လုပ်ကိုင်မှာဖြစ်ပါတယ်။
အဲဒီကြီးကြပ်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးကခေါင်းဆောင်ပြီး ဒုဝန်ကြီး၊ အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူး ချုပ်နဲ့ ဝန်ကြီးဌာနနဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်တွေသာပါဝင်ပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်းသတ်မှတ်တာ၊ ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသားပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင် လက်မှတ် ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာတွေကို ခွင့်ပြုလို့ရသလို ငြင်းပယ်နိုင်တယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် ကြီးကြပ်ရေးအဖွဲ့တွေကို ပုဂ္ဂလိကကျောင်းဖွင့်လှစ်ခွင့်ကအစ ဆရာ၊ ဆရာမခန့်အပ်ခွင့်အထိ အခွင့်အာဏာအားလုံးနီးပါး ပေးထားသလို သင်ရိုးညွှန်းတမ်းတွေကိုပါ သူတို့ ရဲ့ခွင့်ပြုချက်ရမှ သင်ကြားလို့ ရမယ်လို့ ပြဌာန်းထားပါတယ်။
မုန်တိုင်းကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ အာဏာသိမ်းမှုကိုဆန့် ကျင်ခဲ့ကြတဲ့ CDM ဆရာ၊ ဆရာမနဲ့ ပညာရေးလုပ်သားတွေကို ထိန်းချုပ်တာတင်မကပဲ၊ လွတ်လပ်တဲ့ ပုဂ္ဂလိက ပညာရေးအခန်းကဏ္ဍ တခုလုံးကိုထိန်းချုပ်လိုက်တာလို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှား ကြတဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက ဝေဖန်၊ ကန့်ကွက်ပြောဆိုနေကြပါတယ်။
အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီက မိုခါမုန်တိုင်း ဝင်ရောက်ဖို့အစပျိုးနေတဲ့အချိန် မေလ ၁၂ နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ပုဂံဘုရား ၁၅ ဆူ ရေဝင်၊ ရှေးဟောင်းအဆောက်အအုံ ၈ ခု ထိခိုက်

ဓာတ်ပုံ ရင်းမြစ်, TN
မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက ရှေးဟောင်းဘုရား ၁၅ ဆူ ရေဝင်ပြီး ရှေးဟောင်းအဆောက်အအုံ ၈ ခု ထိခိုက်ခဲ့တယ်လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂ ဘုရား၊ သပိတ်မှောက်ဘုရား နဲ့ ထီးလိုမင်းလိုဘုရား တို့ ရေဝင်ခဲ့ပြီး ရေစုပ်ထုတ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အလားတူ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား နဲ့ ရွှေနန်းရင် တောဘုရားတို့မှာလည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပုဂံက ရှေးဟောင်းဘုရားကြီးတွေအတွင်း ရေထပ်မဝင်အောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ရေထွက်ပေါက်တွေ ဖောက်လုပ်သွားဖို့စီစဉ်နေတယ် လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အာနန္ဒာအုတ်ကျောင်းမုခ်ဦး အပါအဝင် ရှေးဟောင်းဘုရားနဲ့အဆောက်အအုံ ၈ ခု မှာလည်း ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့လို့ ရှေးလက်ရာမပျက် အမြန်ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်နေတယ်လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၁၅ ရက် နဲ့ ၁၆ ရက်တို့မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံမှာရှိနေခဲ့ပြီး ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
မိုးခါမုန်တိုင်းအရှိန်နဲ့ မိုးရောလေပါ ပြင်းထန်မှုကြောင့် ပုဂံဘုးရားတွေ ရေဝင်ရုံသာမက ပုပ္ပါးတောင်မကြီးပေါ်က ဆက်သွယ်ရေးတာဝါတိုင်လည်း ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မိုခါကြောင့် ထိခိုက်မှုအများဆုံးမြို့နယ် ၂၁ ခု အထိရှိလာ

လူ ၂၁ ဦးသေဆုံးပြီး အပျက်အစီး တစ်သောင်းကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်
မိုခါ ဆိုင်ကလုန်းကြောင့် တိုင်း နဲ့ ပြည်နယ် ၁၁ ခုမှာ အိမ်ခြေ တစ်သောင်းကျော် ပျက်စီးပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ မေလ ၁၅ ရက်ညပိုင်းအထိ နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မိုခါကြောင့် အိမ်ခြေ၊ အဆောင်အဦ ပျက်စီးဆုံးရှုံးမှု ရာဂဏန်း ရှိတယ်လို့ မေလ ၁၅ ရက် အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းထက် အဆပေါင်းများစွာ ပိုများလာတာဖြစ်ပါတယ်။
မိုခါကြောင့် ထိခိုက်ပျက်စီးမှုများလို့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့မြို့နယ်တွေအဖြစ် ရခိုင်ပြည်နယ်က ၁၇ မြို့နယ်ကို သတ်မှတ်ထားရာကနေ ချင်းပြည်နယ်က ဟားခါး၊ပလက်ဝ၊မတူပီ နဲ့ တီးတိန်မြို့နယ်တွေကိုပါ စစ်ကောင်စီက ထပ်တိုးလိုက်ပါတယ်။
အသေအဆုံးစာရင်းနဲ့ ပတ်သက်လို့ အရပ်ဘက်က ကောက်ယူတဲ့စာရင်းတွေမှာ စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ နဲ့ ရွာတချို့မှာတင် ရိုဟင်ဂျာ လေးရာကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် ရခိုင်ပြည်နယ်အစိုးရကတော့ ကနဦး ငြင်းဆိုထားပါတယ်။
မေလ ၁၆ ရက်နေ့အထိ ဘီဘီစီက အတည်ပြုထားနိုင်တဲ့ စာရင်းတွေမှာတော့ မိုခါကြောင့် သေဆုံးသူ အယောက် ၄၀ အထိ ရှိနေပြီဖြစ်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရပ်ကွက်၊ ကျေးရွာ ၇၆၉ ခု ကျော်က လူနေအိမ်ခြေ ၁၁၅၃၂ လုံး အပြင် သာသနိက အဆောက်အဦ နဲ့ ဘုန်းတော်ကြီး ကျောင်း တစ်ရာကျော်၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု နဲ့ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လေဆိပ် ၂ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု ပါ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။








