ခြောက်နှစ်ကြာပျောက်ဆုံးနေတဲ့ ဗြိတိန်ဆယ်ကျော်သက် ပြင်သစ်မှာ ပြန်တွေ့

လွန်ခဲ့တဲ့ခြောက်နှစ်က စပိန်မှာ ပျောက်ဆုံးသွားတဲ့ အဲလက်စ် ဘက်တီ

ဓာတ်ပုံ ရင်းမြစ်, GREATER MANCHESTER POLICE

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ခြောက်နှစ်က စပိန်မှာ ပျောက်ဆုံးသွားတဲ့ အဲလက်စ် ဘက်တီ

လွန်ခဲ့တဲ့ခြောက်နှစ်က စပိန်မှာ ပျောက်ဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသားလေးကို ပြင်သစ်မှာ ပြန်တွေ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် အဲလက်စ် ဘက်တီဟာ ဗြိတိန်နိုင်ငံ အိုးဟမ်းက ဖြစ်ပြီး သူ့ကို ဒီဇင်ဘာ ၁၃ ရက်အစောပိုင်းမှာ ပြင်သစ်နိုင်ငံ တူလူ့အရှေ့ဘက် ရီဗယ်မြို့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပိုင်ရီနီးက လမ်းတစ်လမ်းပေါ်မှာ လျှောက်သွားနေတဲ့ သူ့ကို ယာဉ်မောင်းတစ်ဦးက တွေ့ပြီး စိုးရိမ်တဲ့အတွက် ရဲစခန်းကို ခေါ်လာခဲ့တာလို့ ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်တစ်ခုက ဘီဘီစီကို ပြောခဲ့ပါတယ်။

‘’အဘွားကိုချစ်တယ်။ အိမ်ပြန်ချင်တယ်’’ လို့ ယာဉ်မောင်းရဲ့ ဖုန်းကို ဌားပြီး အဲလက်စ် က သူ့အဘွား ကို မက်ဆေ့ပို့ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ စပိန်ကို မိခင်၊ အဘိုးတို့နဲ့ အားလပ်ရက်ခရီးထွက်ရင်း အဲလက်စ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲလက်စ်ရဲ့ မိခင်နဲ့ အဘိုးတို့ ဘယ်နေရာမှာ လက်ရှိနေထိုင်တယ်ဆိုတာကို မသိရပေမယ့် သူပျောက်ဆုံးမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေက အလိုရှိနေကြတာဖြစ်ပါတယ်။

အဲလက်စ်ကို လက်ရှိမှာ လူမှုဖူလုံရေးဌာနက စောင့်ရှောက်ထားပါတယ်။

မိသားစုက ဆယ်ကျော်သက်ရဲ့ သရုပ်သကန်နဲ့ပတ်သက်လို့ အတည်ပြုပေးခဲ့ပြီးပြီလို့ တူလူ့ဥပဒေအရာရှိရုံးက ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲလက်စ်ကို နောက်ဆုံးရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဆင်တူတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြင်သစ်ကိုရောက်နေတာ နှစ်နှစ်ရှိပြီလို့ ကောင်လေးက ပြောခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

သူဟာ ဝေးလံသီခေါင်တဲ့ ပိုင်ရီးနီးတောင်ကြားမှာ နေထိုင်ပြီး ပြောင်းရွှေ့သွားလာနေခဲ့တာ ဖြစ်ပါတယ်။ ပိုင်ရီးနီးက တောင်ပူစာတွေမှာ ထူးခြားတဲ့လူမှုဘဝတွေနဲ့နေထိုင်လိုသူတွေ စုဝေးနေတတ်ပါတယ်။

သူ့မိခင်ဘယ်မှာရှိတယ်နဲ့ ပိုင်ရီးနီးက ဘယ်နေရာမှာနေတယ်ဆိုတာကို အဲလက်စ်က မပြောပြခဲ့ဘူး လို့ ဥပဒေအရာရှိတွေက ပြောပါတယ်။

သူ့အဘွားဖြစ်သလို သူ့ကို ဥပဒေကြောင်းအရ စောင့်ရှောက်ခွင့်ရထားတဲ့ ဆူဆန် ကာရူယာနာကတော့ အဲလက်စ်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ The Sun သတင်းစာကို ပြောပါတယ်။

‘’ကျွန်မ သိပ်ပျော်တာပဲရှင်၊ သူနဲ့စကားပြောခဲ့ပြီးပါပြီ၊ သူနေထိုင်ကောင်းပါတယ်၊ အင်မတန်ကို အံ့ဩစရာကောင်းပါတယ်’’ လို့ ကာရူယာနာက ပြောပါတယ်။

အဲလက်စ်ရဲ့ မိခင် မလာနီ ဘက်တီ နဲ့ အဘိုး ဒေးဗစ် ဘက်တီတို့ဟာ မော်ရိုကိုက ဘာသာရေးဆိုင်ရာအသိုင်းအဝိုင်းတစ်ခုမှာ နေထိုင်ဖို့ အဲလက်စ်ကို ခေါ်ဆောင်သွားခဲ့ကြတာလို့ ကာရူယာနာက ဘီဘီစီကို ၂၀၁၈ ခုနှစ်မှာ ပြောခဲ့ပါတယ်။

အဲဒီတုန်းက မိခင် နဲ့ အဘိုးဖြစ်သူတို့ဟာ အခြားလူတွေနဲ့မတူတဲ့ နေ့စဉ်ဘဝပုံစံကိုရှာဖွေနေတာဖြစ်ပြီး အဲလက်စ်ကို ကျောင်းမသွားစေချင်ဘူးလို့ သူက ပြောခဲ့ပါတယ်။

အဲလက်စ်ရဲ့ မိခင် မလာနီ ဘက်တီ၊ အဲလက်စ် နဲ့ အဘိုး ဒေးဗစ် ဘက်တီ

ဓာတ်ပုံ ရင်းမြစ်, GMP

ဓာတ်ပုံ ပုံစာ, အဲလက်စ်ရဲ့ မိခင် မလာနီ ဘက်တီ၊ အဲလက်စ် နဲ့ အဘိုး ဒေးဗစ် ဘက်တီ

ဥပဒေကြောင်းအရ စောင့်ရှောက်ခွင့်ရထားသူနဲ့ ကြိုတင်သဘောတူညီချက်အရ စပိန်က မာဘယ်လာကို တစ်ပတ်ကြာခရီးစဉ်အတွက် မလာနီ၊ ဒေးဗစ် ဘက်တီနဲ့ အက်စ်တို့ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ဂရိတ်တားမန်ချက်စတာကနေ ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

အဲလက်စ်ကို သူပြန်လာရမယ့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၈ ရက်က မာလာဂါဆိပ်ကမ်းမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကုန်ပစ္စည်းပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးက လမ်းဘေးမှာ ကျောပိုးအိတ်လွယ်၊ စကိတ်ဘုတ်ကို လက်ကကိုင်ပြီး သွားနေတဲ့ အဲလက်စ်ကိုတွေ့ပြီး စိတ်မကောင်းဖြစ်တာနဲ့ ကားနဲ့တင်ခေါ်ခဲ့တာဖြစ်တယ် လို့ ဒေသခံသတင်းသမားတစ်ဦးက ပြောပါတယ်။

သူတို့ သုံးနာရီလောက် ကားအတူစီးရင်း ကောင်လေးက သူ့ဖြစ်ရပ်ကိုပြောပြခဲ့တယ်လို့ La Depeche သတင်းစာက ရဲမီ ဘူဟာဂီယာက ပြောခဲ့ပါတယ်။

ထူးခြားတဲ့ဘဝလူနေမှုကိုရှာဖွေနေတဲ့ အသိုင်းအဝိုင်းမှာ ပိတ်မိနေတာမဟုတ်ပေမယ့် ကိုယ့်လမ်းကိုယ်ရှာချင်တယ်လို့ ကောင်လေးက ယာဉ်မောင်းကိုပြောဆိုခဲ့တယ်လို့ ဘူဟာဂီယာက ပြောပြခဲ့ပါတယ်။

အဲလက်စ်ဟာ ယာဉ်မောင်းက တင်မခေါ်ခင်မှာ ရက်အတော်ကြာ လမ်းလျှောက်နေခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် အဘွားဖြစ်သူကို သူနေထိုင်ကောင်းတဲ့အကြောင်း၊ တွေ့ချင်တဲ့အကြောင်း ပြောချင်တာမို့ ဖုန်းခဏငှားလို့ရနိုင်မလားလို့ အဲလက်စ်က ယာဉ်မောင်းကို ခွင့်တောင်းခဲ့တယ်လို့ ဘူဟာဂီယာက ပြောပြခဲ့ပါတယ်။

ညနက်ချိန်မှာ အဲလက်စ်ဘေးက ဖြတ်မောင်းသွားချိန်မှာ မိုးက သည်းသည်းမည်းမည်းရွာနေတာဖြစ်ပြီး သူ ပြန်လာချိန်မှာလည်း အဲလက်စ်ကို လမ်းမှာထပ်တွေ့တာမို့ ကားရပ်ပြီး ကောင်လေးကို စကားပြောဖို့ ဆုံးဖြတ်လိုက်တာ လို့ ယာဉ်မောင်း ဖေဘီယန် အက်ဆီဒီနီက La Depeche ကို ပြောပါတယ်။

အဲလက်စ်ဟာ ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရပြီး ရေလည်းဆာနေတာမို့ သောက်ရေပေးခဲ့တယ်လို့ မစ္စတာ အက်ဆီဒီနီက ပြောဆိုခဲ့ပါတယ်။

ကနဦးမှာ အဲလက်စ်က ရှက်နေပေမယ့် အင်္ဂလိပ်လိုစကားပြောပြီးနောက် သူတို့နှစ်ဦးဟာ သုံးနာရီကြာ စကားပြောခဲ့ကြတယ်လို့ သူက ပြောပြပါတယ်။

သံရုံးရှိတဲ့ မြို့ကြီးတစ်မြို့ကိုသွားမှာဖြစ်တယ်လို့ အဲလက်စ်က ပြောခဲ့ပေမယ့် မစ္စတာ အက်ဆီဒီနီက ပြင်သစ်အာဏာပိုင်တွေကို အကူအညီတောင်းခဲ့ပါတယ်။

ပါရီက ဗြိတိန်သံရုံးကတစ်ဆင့် ဗြိတိန်ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ဆောင်ဖို့ ပြင်သစ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ထားတယ်လို့ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရှုပ်ထွေးပြီး ရှည်လျားတဲ့ စစ်ဆေးမှုရှိနေပါတယ်။ နောက်ထပ်စစ်ဆေးစရာတွေရှိသလို ဘေးအန္တရာယ်ကင်းရေးကိုလည်း လုပ်ဆောင်ပေးရပါမယ် လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

ပြင်သစ်က ဗြိတိန်နိုင်ငံသားတစ်ဦးကို အကူအညီပေးနေပြီး ဒေသအာဏာပိုင်တွေနဲ့ အသက်အသွယ်ရှိနေတယ်လို့ နိုင်ငံခြား၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး (FCDO) က ထုတ်ပြန်ထားပါတယ်။

အဲလက်စ်ကို အင်္ဂလန်ပြန်ခေါ်ဖို့အတွက် ဗြိတိန်ရဲတပ်ဖွဲ့နဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေ တူလူ့ကို လာနေကြပြီ ဖြစ်ပါတယ်။