စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေး အစီအစဥ်ကို ဒုက္ခသည်တွေ လာရောက်လေ့လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာ ဒုက္ခသည်အချို့ အခုလအတွင်း ပြန်လက်ခံနိုင်ရေးအတွက် စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်တွေက လာရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာဘက်က ပြန်လည်လက်ခံရေး အစီစဉ်အရ ပြန်လည်လက်ခံနိုင်တဲ့ စာရင်းတွေထဲ ပါဝင်တဲ့ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၅ ရက်က မောင်တောမြို့နယ်ကို ရောက်ရှိလာခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီအဖွဲ့မှာ ဒုက္ခသည် ၂၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အရာရှိအဆင့် ၇ ဦးတို့ပါဝင်ပြီး အဲ့ဒီအဖွဲ့ကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့ဖြစ်တဲ့ RRRC ကဦးဆောင်ပြီး ရောက်ရှိလာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြင်ဆင်ထားချက်တွေနဲ့ သူတို့ပြန်ဝင်လာလို့ရှိရင် နေရေးထိုင်ရေးအတွက် အဆင်ပြေမှုရှိ၊ မရှိစတဲ့အခြေအနေတွေကို လေ့လာခဲ့ကြတယ်လို့ဆိုပါတယ်။
သူတို့ သွားကြည့်ခဲ့ရတဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေနဲ့ လှဖိုးခေါင်ကြားစခန်းတွေအပြင် သူတို့ကိုထားရှိမယ့် ကျေးရွာပေါင်း ၁၅ ရွာကို သွားရောက်လေ့လာ ခွင့်ရခဲ့ကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံဘက်ကို ရောက်လာတဲ့ခရီးစဉ်အတွင်းအတွင်း ဒုက္ခသည်တွေဘက်က မူလကျေးရွာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိဖို့၊ လူ့ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ဖို့နဲ့ နိုင်ငံသားခွင့်အရေးရရှိဖို့ စတဲ့အချက်တွေကို ဒေသအာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တောင်းဆိုချက်တွေအပေါ် ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကို မသိခဲ့ရဘူးလို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“သူတို့ နားထောင်တယ် အပေါ်မှာ ပြန်တင်မယ်ပြောတယ် ဘာမှတော့ပြန်ပြီး မပြောဘူး”လို့ သူကပြောပြပါတယ်။
ဒုက္ခသည်တွေအပြောအရ သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းကို ပြန်လည်ဝင်ရောက်ပြီး နေထိုင်ချင်ကြပေမယ့် မူလနေရပ်တွေမှာ နေထိုင်ခွင့်မရလို့ရှိရင် ပြန်လာကြမှာမဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, UNHCR
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေကို ပြန်လည် လက်ခံနိုင်ရေးအတွက် စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းဖြစ်စဉ်မှာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို ၂၀၁၉ သြဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့်လည်း သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။








