ကိယက်ဗ်မြို့ ရဟတ်ယာဥ်ပျက်ကျမှု - ယူကရိန်းဝန်ကြီးတွေအပါအဝင် ၁၈ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်း မြို့တော် ကိယက်ဗ် အရှေ့ပိုင်းက မူလတန်းကြိုကျောင်းတစ်ကျောင်းဘေးကို ရဟတ်ယာဥ်တစ်စင်း တိုက်မိပြီး ယူကရိန်း ပြည်ထဲရေးဝန်ကြီးအပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် သုံးဦးပါဝင်ပြီး ၁၅ ဦးကို ဆေးရုံမှာ ကုသပေးနေပါတယ်။
ရဟတ်ယာဥ်မှာ ပြည်ထဲရေးဝန်ကြီး ဒန်ညက်စ် မွန်နက်စ်တာစကီးနဲ့ တခြား လူ ၈ ဦး လိုက်ပါလာကြတာပါ။
ဒီဖြစ်စဥ်မှာ သူ့ရဲ့ ဒုတိယဝန်ကြီးနဲ့ တခြား အရာရှိကြီးတွေလည်း သေဆုံးခဲ့ပါတယ်။
အသက် ၄၂ နှစ် အရွယ် ပြည်ထဲရေး ဝန်ကြီးဟာ သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးရဲ့ အရေးပါ ထင်ရှားတဲ့ ဝန်ကြီးတွေထဲက တစ်ဦးပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုပျက်ကျတဲ့ ရဟတ်ယာဥ်ဟာ အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနပိုင် ရဟတ်ယာဥ်တစ်စင်း ဖြစ်ပါတယ်။
ရုရှားနဲ့စစ်ပွဲ စတင်ပြီးကတည်းက ဒီထိခိုက်သေဆုံးမှုဟာ ယူကရိန်းဘက်က သေဆုံးမှု ရာထူးအဆင့်အမြင့်ဆုံး ဖြစ်ပေမဲ့ဒီရဟတ်ယာဥ်တိုက်မိမှုဟာ မတော်တဆ ဖြစ်မိမှုက လွဲလို့ တခြား အကြောင်းရှိတယ်ဆိုတဲ့ အခြေအနေမျိုးတွေ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဝန်ကြီးဟာ စစ်ပွဲနေရာတစ်ခုကို သွားနေစဥ် ရဟတ်ယာဥ်ပျက်ကျတာ ဖြစ်ပြီး ဒီမတော်တဆမှုမှာ နောက်ထပ် လူ ၂၉ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကိယက်ဗ် ဒေသ စစ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရဟတ်ယာဥ်တိုက်မိမှု ဖြစ်ပြီးတဲ့နောက် မူလတန်းကြိုကျောင်းအနီး မီးလောင်မှု ဖြစ်ခဲ့ပြီး ကလေးတွေနဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။ ရဟတ်ယာဥ် အပျက်အစီးတွေကိုတော့ မီးလောင်နေတဲ့ အဆောက်အအုံ တစ်ခုနားမှာ မြင်ရပါတယ်။
ရဟတ်ယာဥ်ပျက်ကျချိန်မှာ မှောင်မဲမြူတွေဆိုင်းနေပြီး ရဟတ်ယာဥ်ဟာ မူကြိုကျောင်းကို တိုက်မိပြီးနောက် အနားက လူနေအဆောက်အအုံတစ်ခုကို တိုက်မိခဲ့တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြပါတယ်။








