ရန်ကုန်မြို့လယ် ပန်းဆိုးတန်းက ကူးတို့သင်္ဘော ပေါက်ကွဲမှု လူဒါဇင်နဲ့ချီ ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ဝန်းကျင်က ရန်ကုန် မြို့လယ် ပန်းဆိုးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ပန်းဆိုးတန်း ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ သင်္ဘောမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူဒါဇင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသူတွေရှိတယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန နဲ့နီးစပ်သူတွေကရော သင်္ဘောနဲ့လိုက်ပါခဲ့သူမျက်မြင်သက်သေကပါ သေဆုံးသူတွေနဲ့ ပတ်သက်လို့ အတည်ပြု ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းမှာတော့ PDF တပ်ဖွဲ့တွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲမှုလုပ်ခဲ့တာလို့ပြောပြီး လူ ၁၇ ဦးနီးပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလက ရန်ကုန်မြို့လယ် အနော်ရထာလမ်းပေါ်က ဘားလမ်းကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရတဲ့ ဖြစ်စဥ်နောက်ပိုင်း မြို့လယ်မှာ လူထိခိုက်မှုများတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပေါက်ကွဲမှုဖြစ်တဲ့ အချိန်မှာ ရန်ကုန် နဲ့ ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ အမှတ် ၂ ကူးတို့ သင်္ဘောဟာ ဆိပ်ကမ်းကနေခွာနေတဲ့ အချိန်မှာပေါက်ကွဲခဲ့တာလို့ ပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။
“ ပေါက်တာက သင်္ဘောအတက်အဆင်း စက်ခန်းအောက်ခြေနားမှာ ပေါက်တာ သင်္ဘောကမ်းကခွာပြီးမှာ ပေါက်တာ အုံးကနဲ အသံကြားတော့ ကျွန်တော်နားအူသွားတယ်၊ ဘေးမှာကြည့်လိုက်တော့ အတုံးအရုံး လဲနေကြပြီ အခြေအနေအတော်ဆိုးတဲ့လူတွေ တွေ့တယ်၊ ရင်ဘတ်ထိတဲ့ လူတွေရှိတယ် မျက်စိထိတဲ့သူ ရှိတယ်” လို့ မျက်မြင်တွေ့သူက ပြောပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် သင်္ဘောကို ရန်ကုန်ပန်းဆိုးတန်းဘက် ပြန်ကပ်ပြီး ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာရသူ အများစုဟာ ဒလမြို့ ၁၁/၁၄ ရပ်ကွက်နေထိုင်သူတွေ အများစုဖြစ်ပြီးတော့ ရန်ကုန်မြို့ဘက်ခြမ်းမှာ အလုပ်လုပ်ပြီးချိန် ဒလဘက်ကို ပြန်လာသူတွေဖြစ်တယ်လို့ ဒလမြို့မှာ နေထိုင်သူတွေကပြောပါတယ်။
ဒဏ်ရာသူတွေဟာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသမှု ခံယူလျက်ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီ ဗုံးပေါက်ကွဲမှုကို ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့မှာနေထိုင်သူတွေ အများစုကြားခဲ့ရပြီး ဒလဆိပ်ကမ်းနဲ့ ၃ မိုင်လောက်ဝေးတဲ့ ရပ်ကွက်တွေကပါ ကြားခဲ့ရတယ်လို့ ဒလမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
ပန်းဆိုးတန်း ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ သင်္ဘောတွေဟာ ရန်ကုန်တဖက်ကမ်း မြို့နယ်တွေမှာနေထိုင်တဲ့ ဒလ၊ တွံတေး၊ ကော့မှူး၊ကွမ်းခြံကုန်းမြို့နယ်တွေက ဒေသခံတွေအတွက် တစ်နေ့ကို အခေါက်ရေ ၄၀ ပုံမှန်ပြေးဆွဲနေတာဖြစ်ပြီး နေ့စဥ်စီးနင်းသူ သောင်းချီရှိပါတယ်။
ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းက တစ်ဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေဘက် သာမက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ ကျိုတ်လတ် ဒေးဒရဲ ဘိုကလေး စတဲ့မြို့တွေနဲ့ ရန်ကုန်မြို့ ပန်းဆိုးတန်းကို တိုက်ရိုက် ချိတ်ဆက်ထားတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။
ဒလမြို့ခံတွေ ကတော့ ရန်ကုန် ဒလ ပန်ဆိုးတန်း ကူးတို့ဆိပ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ပေါက်ကွဲမှုဖြစ်အပြီးမှာ ပုံမှန်ဆက်လက် ပြေးဆွဲနေပြီး လုံခြုံရေးတင်းကျပ် စစ်ဆေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို နေ့စဥ်လူ သောင်းချီအသုံးပြုတဲ့ သင်္ဘောပေါ်က ပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတွေ လုပ်ဆောင်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဒလမြို့နယ် PDF ဘက်ကတော့အခုဖြစ်စဉ်ကိုငြင်းဆိုသလိုပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်မလုပ်ဘူးလို့တုံ့ပြန်ထားပါတယ်။
နှစ်ဖက်အပြန်အလှန် စွပ်စွဲငြင်းဆိုမှုတွေရှိနေပေမဲ့ ဒီမြစ်ကူး ကူးတို့သင်္ဘောကို အသုံးပြုတဲ့ပြည်သူတွေကတော့ လုံခြုံရေးပိုင်း စိုးရိမ်စိတ်တွေရှိနေကြတယ်လို့ ဘီဘီစီက မေးမြန်းခွင့်ရတဲ့ခရီးသည်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ပြီးခဲ့တဲ့ မေလ က ရန်ကုန်မြို့လယ်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဦးတည်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။








