ရန်ကုန်မြို့လယ် ကားမှတ်တိုင်ဗုံးကွဲမှု တစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်မြို့လယ်က အနော်ရထားလမ်းပေါ်မှာရှိတဲ့ ဘားလမ်းဘတ်စ်ကားမှတ်တိုင်မှာ ဒီကနေ့ ညနေ ၃ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဥ်မှာ ဒဏ်ရာရသူ ၁၀ ဦး အနက် တစ်ဦးသေဆုံးသွားတယ်လို့ ရန်ကုန်ဆေးရုံကြီးနဲ့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

သေဆုံးသူဟာ ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ ဒဏ်ရာပြင်းထန်သူ နှစ်ဦးအနက် တစ်ဦးဖြစ်ကြောင်းနဲ့ အသေးစိတ် အချက်အလက်များကို ပြောနိုင်ခြင်းမရှိကြောင်းလည်း ရန်ကုန်ဆေးရုံကြီးက သတင်းရင်းမြစ်တွေက ဘီဘီစီကို အတည်ပြုပါတယ်။

ဗုံးပေါက်ကွဲတဲ့ နေရာကို စစ်ကောင်စီတပ်တွေ ရောက်လာစဉ်မှာ ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပေမဲ့ ဒုတိယအကြိမ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရန်ကုန်ဆေးရုံကြီးကို ရောက်လာတာ မရှိကြောင်းလည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ရန်ကုန်မြို့လယ်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဦးတည်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ဘားလမ်းမှတ်တိုင်အနီး ဒီကနေ့ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီကျော်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ မှတ်တိုင်အနီး ဖုန်းဆိုင်ထဲမှာ သွေးတွေ အမြောက်အမြားတွေ့ရပြီး ဆိုင်ရှေ့မှာ လူငယ်တစ်ဦးနဲ့ သူနဲ့ မလှမ်းမကမ်းမှာ လေးဦးခန့်လဲနေတာကို အခင်းဖြစ်တဲ့နေရာကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်အချို့မှာ တွေ့ရပါတယ်။

ဒဏ်ရာရသူတွေကို လူနာတင်ယာဥ်တွေက လာခေါ်သွားတာတွေ့ရပြီး အနည်းဆုံး ၂ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရထားတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

ဗုံးထိမှန်ခဲ့သူ အမျိုးသားတစ်ဦးဆိုရင် ဘာဖြစ်လို့ဖြစ်မှန်းမသိပဲ မှတ်တိုင်က တိုင်ကို ကိုင်ရင်းက တဖြည်းဖြည်းလဲသွားတာတွေ့ရကြောင်းနဲ့ နောက်ပြီး ဗုံးထိတဲ့ သူတွေကလည်း တဖြည်းဖြည်း သွေးအလိမ်းလိမ်းနဲ့ လဲကျကုန်တာတွေကို မြင်ခဲ့ရတယ် မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

ရုတ်တရက် ဗုံးများထပ်ပေါက်အုံးမလားဆိုပြီး ဒဏ်ရာရသူများ အနားကို မကပ်ရဲတဲ့သူတွေရှိသလို အပြေးအလွှားနဲ့ ပြေးပြီးကူညီကြတဲ့သူတွေလည်း မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအနီးက ဘားလမ်းမှတ်တိုင်နားမှာ ဒီနေ့ မေလ ၃၁ ရက် မွန်းလွဲပိုင်း သုံးနာရီကျော် ပေါက်ကွဲမှုဖြစ်ပွားအပြီး ၄ နာရီကျော်မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီး အရေးပေါ် လူနာဌာနကို ပေးပို့ခဲ့ပြီး အနီးအနားကဆိုင်တွေဟာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဆိုင်တွေပိတ်သွားခဲ့ကြောင်း ၃၅ လမ်း အလယ်ဘလောက်နေသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အရပ်သားတွေ အသွားအလာများတဲ့ ဘတ်စ်ကားမှတ်တိုင်လို နေရာတစ်ခုကို ပစ်မှတ်ထား ဖောက်ခွဲခံရတာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဖြည့်စွက်ချက်( မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ည ကိုးနာရီ )

ဒီဖောက်ခွဲမှုကို PDFတွေက လုပ်တာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် အသက် ၃၀ ခန့် အရွယ် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား ၉ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒီကနေ့ ည ၈နာရီမှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုက စစ်အာဏာရှင်တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ကြံမှု ဖြစ်နိုင်တယ် စစ်ကောင်စီကို ဆန့်ကျင်တဲ့တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။