ဆားဘီးယား ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှု အကြမ်းဖက်လုပ်ရပ်အဖြစ် သမ္မတ ရှုတ်ချ - မေလ ၅ ရက် ညနေခင်း နောက်ဆုံးရသတင်းများ

ဓာတ်ပုံ ရင်းမြစ်, EPA
ဆားဘီးယားနိုင်ငံမှာ အခုရက်ပိုင်းအတွင်း လူအစုလိုက်အပြုံလိုက် ပစ်ခတ် တိုက်ခိုက်ခံရမှု နှစ်ခု ဖြစ်ပွားခဲ့အပြီးမှာ သမ္မတ အလက်ခ်ဆန်ဒါ ဗူးချစ်က ဆားဘီးယားနိုင်ငံမှာ လက်နက်တွေ အားလုံးနီးပါး ပြန်လည်သိမ်းဆည်းမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
လူထုလက်ဝယ် ရှိနေတဲ့ လက်နက် သိန်းပေါင်းများစွာကို ပြန်သိမ်းဆည်းဖို့ သူအဆိုပြု တင်ပြမှာ ဖြစ်ပြီး တရားမဝင် ပိုင်ဆိုင်ထားတဲ့ သေနတ်တွေကို ခြေရာခံ လိုက်လံ သိမ်းဆည်းမယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ ဖြစ်ခဲ့တဲ့ ဒုတိယမြောက်တိုက်ခိုက်မှုဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော်မိန့်ခွန်းမှာ သမ္မတ ဗူးချစ်က ရှုတ်ချပြောဆိုလိုက်ပါတယ်။
ဘဲလ်ဂရိတ်မြို့နားမှာ ကားပြတင်းပေါက်ကနေ လူ ၈ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူလို့ ယူဆရသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
ကျောင်းသားအရွယ် ကလေးငယ်တစ်ဦးက အတန်းဖော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ပထမ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စာသင်ကျောင်းတွေမှာ ရဲတွေ ချထားမယ်လို့လည်း သမ္မတ ဗူးချစ်က ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညံ့ဖျင်းမှု ဗာ့ဂနာကြေးစားတပ်ဖွဲ့ အကြီးအကဲ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, CONCORD PRESS SERVICE
ဗာ့ဂနာ ရုရှားကြေးစား လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲ ယက်ဗ်ဂဲန်နီ ပရီဂေါ့ရှင်း က သူ့ရဲ့ တပ်ဖွဲ့တွေကို ယူကရိန်းအရှေ့ပိုင်း ဘာ့ခ်မွတ်ခ်မြို့ကနေ ဗုဒ္ဓဟူးနေ့မှာ ဆုတ်ခွာခိုင်းမယ်လို့ ပြောပါတယ်။
ရုရှားအစိုးရဟာ ဗာ့ဂနာ တပ်ဖွဲ့ဝင်တွေကို သုံးပြီး ဘာ့ခ်မွတ်မြို့ကို သိမ်းယူနိုင်ဖို့ မနှစ်ကတည်းက ကြိုးစားနေတာ ဖြစ်ပါတယ်။
မစ္စတာ ပရီဂေါ့ရှင်းက သူ့တပ်ဖွဲ့ဝင်တွေ အဲဒီမှာ ဆက်နေဖို့ လက်နက်ခဲယမ်း အလုံအလောက် မရှိကြောင်းနဲ့ တစ်နေ့တခြား မကျေနပ် ဒေါသပိုထွက်လာနေကြပြီး ရုရှားအစိုးရထံသတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း ပြောပါတယ်။
မစ္စတာ ပရီဂေါ့ရှင်းက ဘာ့ခ်မွတ်မြို့နားမှာ ဗာ့ဂနာ လက်နက်ကိုင် အလောင်းတွေကြား လျှောက်သွားနေရင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညံ့ဖျင်းမှုကို ဆဲရေးတိုင်းထွာ ရှုတ်ချ ဝေဖန်ထားတဲ့ ဗီဒီယို တစ်ခုကို သောကြာနေ့အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဘာ့ခ်မွတ်မြို့ကို သိမ်းပိုက်နိုင်ဖို့ စစ်ဆင်တိုက်ခိုက်မှုတွေအတွင်း ရုရှားဘက်ကရော ယူကရိန်းဘက်ကပါ တပ်ဖွဲ့ဝင် ထောင်သောင်းချီ ဆုံးရှုံးခဲ့ကြတယ်လို့ ယူဆရပါတယ်။
ဟောင်ကောင်မှာ ဖျက်ဆီးခိုင်းထားတဲ့ တီယန်နင်မင်ရင်ပြင်အထိမ်းအမှတ်ရုပ်တု ရဲတွေရှာတွေ့ သိမ်းဆည်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်က ဖြိုချဖျက်ဆီးပစ်ဖို့ ညွှန်ကြားထားခဲ့ပေမဲ့ ဖြိုမချဘဲ သိုလှောင်ရုံထဲ ဖွက်ထားတဲ့ ရုပ်တုတစ်ခုကို ဟောင်ကောင်ရဲတွေ သိမ်းဆည်းမိခဲ့ပါတယ်။
နိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ အဲဒီ Pillar of Shame ဆိုတဲ့ ရုပ်တုကို အဖျက်အမှောင့်ဆိုင်ရာ အမှုတွဲတစ်ခုအနေနဲ့ အမှုဖွင့်ပြီး သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
အဲဒီရုပ်တုဟာ ၁၉၈၉ ခုနှစ်က ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ လုံခြုံရေးတပ်တွေရဲ့ အင်အားသုံး ဖြိုခွဲမှုအတွင်း ဆန္ဒပြသူတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရမှု အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်တုဟာ လွတ်လပ်ခွင့် သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး ဟောင်ကောင်တက္ကသိုလ်မှာ စိုက်ထူ ပြသထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်မှာရှိတဲ့ နိုင်ငံရေးအတိုက်အခံတွေကို တရုတ်အစိုးရက တင်းကျပ်မှုတွေ လုပ်လာခဲ့အပြီးမှာ အဲဒီရုပ်တုကို တက္ကသိုလ်အာဏာပိုင်တွေက ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်မှာ မိုးခေါင်ရေရှားမှု ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ ဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်နိုင်ငံရဲ့ ဒေသတချို့မှာ ဆက်လက် ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကို ဖြေရှင်းဖို့ အစိုးရက နည်းလမ်းသစ်တွေနဲ့ ဆောင်ရွက်နေပါတယ်။
နေရာဒေသတချို့မှာ ရေကူးကန် ရောင်းတာ၊ ရေဖြည့်တာတွေကို ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ထားပြီး ကိုယ့်အိမ်ပန်းခြံတွေမှာ အပင်ရေလောင်းတာကိုလည်း ဆက်လက် တားမြစ်ထားပါတယ်။
စပိန်နဲ့ အီတလီနိုင်ငံတွေမှာလည်း အလားတူ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ဂရိစ်၊ ပိုလန်နဲ့ ဘူလ်ဂေးရီးယား လို နိုင်ငံတွေအထိ မိုးခေါင်ရေရှားမှု ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ပြင်သစ် ဂေဟစနစ်အသွင်ပြောင်းရေး ဝန်ကြီးက ကမ္ဘာကြီးပူနွေးလာမှုက လက်ရှိအခြေအနေမှာ ဖြစ်နေတယ်ဆိုတဲ့ အချက်ကို လူတွေ ကျင့်သားရလာကြဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။








