တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ရေမျောအဟန့်အတားတွေကို ဖိလစ်ပိုင်ဖယ်ရှား - စက်တင်ဘာ ၂၅ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

Philippine

ဓာတ်ပုံ ရင်းမြစ်, PHILIPPINE COAST GUARD/HANDOUT VIA REUTERS

တောင်တရုတ်ပင်လယ် အတွင်းက အငြင်းပွားနေရာတွေမှာ ငါးဖမ်း သင်္ဘောတွေ ဝင်လို့ မရအောင် တရုတ်က လုပ်ထားတဲ့ ရေမျော အတားအဆီးတွေကို သူတို့ ဖယ်ရှားလိုက်ပြီလို့ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာရဲ့ အမိန့်နဲ့ လုပ်ဆောင်တာလို့လည်း သူတို့က ဆိုပါတယ်။

ဒီအတားအဆီးတွေက စကာဘာရာ ရေတိမ်ပိုင်းမှာ ဖိလစ်ပိုင်ရဲ့ ငါးဖမ်းပိုင်ခွင့်ကို ပိတ်ပင်ထားတာလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

အဲဒီ ကျောက်တန်းနေရာ ကို ဖိလစ်ပိုင် သင်္ဘောတွေ ဝင်လို့မရအောင် ဥပဒေနဲ့အညီ ဆောင်ရွက်မှုတွေကို သူတို့ရဲ့ အစောင့်တပ်တွေက လိုအပ်သလို လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက နိုင်ငံတကာ တရားရုံးကနေ ချမှတ်ထားတဲ့ ဆုံးဖြတ် ချက်ကို အန်တုပြီး တရုတ်က တောင်တရုတ်ပင်လယ် အားလုံးနီးပါး ခန့်ကို သူတို့ ပိုင်နက်အဖြစ် ကြေညာထားပါတယ်။

တောင်တရုတ် ပင်လယ်အတွင်းက လူသူမနီးတဲ့ ကျွန်းတွေမှာလည်း တရုတ်က တဖြည်းဖြည်း စစ်အင်အားတွေ တိုးချလာနေပါတယ်။

နဂိုနို-ကာရာဘတ်က အာမေးနီးယားတွေ ထွက်ပြေးနေကြ

Armenia

ဓာတ်ပုံ ရင်းမြစ်, Getty Images

အငြင်းပွားနေတဲ့ နဂိုနို - ကာရာဘတ်ဒေသကို အဇာဘိုင်ဂျန်က သိမ်းလိုက်တဲ့နောက် အာမေးနီးယား ဒုက္ခသည်တွေ ထွက်ပြေးလာကြတွေများလာပြီး အထိတ်တလန့် စိုးရိမ်မှုတွေ ဖြစ်နေတာလည်း တွေ့ရပါတယ်။

ဒေသတွင်း အဓိကမြို့ဖြစ်တဲ့ စတက်ပန်နယက်မြို့ကနေ အာမေးနီးယားနယ်စပ်ကို သွားရာလမ်းပေါ်မှာ ကားတွေနဲ့ပြည့်နေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေသအာဏာပိုင်တွေကလည်း သွားချင်သူတွေ သွားကြစေဖို့ ဓာတ်ဆီ အလကား ဖြည့်ပေးနေတယ်လို့ သိရပါတယ်။

လူမျိုးတုံး ရှင်းလင်းခံရမှာကို ကြောက်ရွံ့ပြီး ပြေးလာကြတဲ့ ဒုက္ခသည်တွေ အခုဆိုရင် ၅,၀၀၀ ကျော်လောက် နယ်စပ်ကို ကျော်လာခဲ့ပြီလို့ အာမေးနီးယား အစိုးရက ပြောပါတယ်။

ကိုယ့်ပိုင်ဆိုင်မှုထဲက သယ်နိုင်သမျှ ကို သယ်ကာ ထွက်ပြေးလာကြသူတွေဟာ အာမေးနီးယားနယ်စပ်ကို ဝင်လာတာနဲ့ စင်တာတခုမှာ မှတ်ပုံတင်ကြပြီး တချို့က သူတို့ ပြန်သွားနိုင်မယ် မထင်တော့ဘူးလို့ ပြောကြတဲ့အကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နဂိုနို - ကာရာဘတ်‌ဒေသ အဇာဘိုင်ဂျန်တို့ လက်ကို ကျရောက်သွားတဲ့အတွက် ရုရှားအပေါ် အာမေးနီးယားက အပစ်တင်တာတွေကို ရုရှားအစိုးရ က ပယ်ချ လိုက်ပါတယ်။

မနေ့ တနင်္ဂနွေနေ့က အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပက်ရှင်ညန်က နိုင်ငံခြားက လာတဲ့ လုံခြုံရေး ပူးပေါင်းဆက်ဆံမှုက အလုပ်မဖြစ်တော့ကြောင်း ပြောခဲ့ပြီး ဒါဟာ မဟာမိတ်အဖြစ်ရေရှည်လက်တွဲလာခဲ့တဲ့ ရုရှားကို ရည်ညွှန်းတိုက်ခိုက်လာတာ လို့ မြင်ကြပါတယ်။

အဇာဘိုင်ဂျန်နဲ့ ကာရာဘတ်က အာမေးနီးယား ခွဲထွက်ရေး သမားအကြား နောက်ဆုံးဖြစ်လာတဲ့ ပဋိပက္ခမှာ မော်စကိုက ကြားဝင်ကူညီဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကရင်မလင် ပြောခွင့်ရသူ တယောက်က အာမေးနီးယားဟာ သူတို့ရဲ့ မဟာမိတ် အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး နဂိုနို - ကာရာဘတ်က အာမေးနီးယား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရအောင် သူတို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုအတွက်ကူဖို့ ရေနံထုတ်နိုင်ငံတွေကို အခွန်ကောက်ရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

Brown

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၉ ခုနှစ်က ကိုပင်ဟေဂင်မှာလုပ်တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ညီလာခံမှာ ဗြိတိန်ဝန်ကြီးချုပ်ဘဝနဲ့ မစ္စတာ ဘရောင်းတက်ရောက်စဉ်

ရာသီဥတုပြောင်းလဲမှု အရေးကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ ဆင်းရဲတဲ့ နိုင်ငံတွေ ကို အကူအညီပေးနိုင်ဖို့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကို ကမ္ဘာလုံး ဆိုင်ရာ အခွန်စည်းကြပ်တာမျိုး လုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒင် ဘရောင်း က တောင်းဆိုလိုက်ပါတယ်။

မနှစ်က လောင်စာစျေးတွေတက်တဲ့ အဖြစ်ကြောင့် ရေနံထုတ်နိုင်ငံတွေ အကြီး အကျယ် ငွေရခဲ့တာက သူ့အဆို ဒေါ်လာ ၄ ထရီလီယံ ပမာဏအထိရှိတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး စီးပွားရေး ကို ပိုင်ဆိုင်ထားတဲ့ ဂျာမနီရဲ့ ဂျီဒီပီနဲ့ တူညီပါတယ်။

မနှစ်က ရေနံထုတ်နိုင်ငံတွေရဲ့ ရေနံထုတ်ပို့ကုန် တန်ဖိုး ပမာဏရဲ့ ၃% ကို အခွန် ကောက်မယ်ဆိုရင် ကမ္ဘာကြီး ပူနွေးလာတာကို တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၂၅ ဘီလျံရမယ်လို့ မစ္စတာ ဘရောင်းက ဆိုပါတယ်။

သူ့ရဲ့ ကြံရွယ်တင်ပြချက်ကို ရေနံအထုတ်လုပ်ဆုံးနိုင်ငံတွေက လက်ခံကြမယ့်ပုံ မရှိဘူး လို့ သတင်းထောက်တွေက ပြောကြပါတယ်။