ဇွန် ၂၂ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ဆရာတော်တွေကားကို ပစ်ခတ်ခဲ့တယ် လို့ စစ်ကောင်စီဝန်ခံ

စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရတာကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရတာကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး

ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်ခံရမှုကို စစ်ကောင်စီက စိစစ်ခဲ့ပြီးနောက် ဆရာတော်တွေပါဝင်တဲ့ ကားကို နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

‘’ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း၊ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီး ခဲ့ပြီး အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရကြောင်း’’ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

ကမ္မကျေးရွာက ဇွန် ၁၉ ရက်ဖြစ်စဉ်မတိုင်မီ နယ်မြေအခြေအနေ နဲ့ စစ်ကောင်စီတပ် နဲ့ PDF တွေရဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာရောက်ခဲ့ရပြီး ဆရာတော်တွေပစ်ခတ်ခံရတဲ့အခြေအနေလို့ သူက ပြောခဲ့တာဖြစ်ပါတယ်။

မြို့သာနယ်မြေရဲစခန်းကို ဇွန်လ ၁၈ ရက်နေ့ ညနေ မှာ PDF တွေ ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၉ ရက် မနက် ၆ နာရီခွဲလောက်မှာ ဆီမီးခုံနဲ့ မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်” ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စီးကို PDF အဖွဲ့တွေက ခေါ်ဆောင်သွားတဲ့ သတင်းကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေးအဖွဲ့တွေက နှစ်ဖွဲ့ခွဲလိုက်ခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီထဲက တစ်ဖွဲ့ကို ဖောင်းကတောရွာနား အရောက် PDF အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲဒီပစ်ခတ်မှုကနေ ကမ္မရွာဘက်ကို ထွက်ပြေးသွားတဲ့ PDF တွေကို နောက်ထပ် လုံခြုံရေးတစ်ဖွဲ့က ပိတ်ဆို့နိုင်ဖို့ လုပ်ဆောင်နေရင်း (ဆရာတော်တွေပါတဲ့) အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောပြချက်ကတဆင့် သိရပါတယ်။

‘’ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်သွားမယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီနေ့အထိ NUG ၊ PDF ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက တဆက်တည်းထုတ်ပြန်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ် သံဃာထု သည်းခံခွင့်လွှတ်မေ့ပျောက်ဖို့ သီတဂူဆရာတော်မိန့်

ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ

ဓာတ်ပုံ ရင်းမြစ်, ဝင်းနိမ္မိတာရုံစာသင်တိုက်

ဓာတ်ပုံ ပုံစာ, ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ကြဖို့ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က အန္တိမဈာပနမှာ ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။

‘’ပြင်မရတော့တဲ့ ဒီအမှားကို၊ တစုံတယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေးမိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား’’ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က မိန့်ကြားပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ အခြေအနေက ညီညွတ်မှုက အရေးကြီးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာအများကြီးရှိတယ်လို့လည်း သီတဂူဆရာတော်ကတစ်ဆက်တည်း မိန့်ခဲ့ပါတယ်။

သီတဂူဆရာတော်ဟာ ကျန်းမာရေးဆေးစစ်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံကို ဇွန် ၂၃ ရက်မှာ ထွက်ခွာမှာဖြစ်တာကြောင့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရဲ့ အန္တိမဈာပနကို မတက်ရောက်နိုင်ဘူးလို့ မိန့်ခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်ခံရမှုမှာ ဆရာတော်တွေပါဝင်တဲ့ ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

‘’ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း၊ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီး ခဲ့ပြီး အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရကြောင်း’’ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

ကမ္မကျေးရွာက ဇွန် ၁၉ ရက်ဖြစ်စဉ်မှာ စစ်ကောင်စီတပ် နဲ့ PDF တွေရဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာရောက်ခဲ့ရပြီး ဆရာတော်တွေပစ်ခတ်ခံရတဲ့အခြေအနေလို့ သူက ပြောခဲ့တာဖြစ်ပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ ဆန်ကုန်သည်တွေကို စစ်ကောင်စီ ခေါ်ယူစစ်ဆေးနေ

ဆန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

စျေးဝယ်စင်တာတွေမှာတင်တဲ့ ပေါ်ဆန်းမွှေးတံဆိပ်တွေပါ ပစ်မှတ်ထားခံရ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် နဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် တို့အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေက ဘီဘီစီ ကို ပြောပါတယ်။

ဆန်စျေးနှုန်း အဆမတန်တက်လာတာကြောင့် ခေါ်ယူစစ်ဆေးခံနေရတာလို့လည်း ဒီအကြောင်းကို သိရှိထားသူက ပြောပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တွေ ခေါ်ယူစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုလို့မရကြောင်း ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အရေးပေါ် အစည်းအ‌ဝေးလုပ်နေတယ်လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြု ပြောပါတယ်။

အဲဒီအစည်းအ‌ဝေးမှာ စစ်ကောင်စီ က ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် တက်ရောက်ခြင်း ရှိမရှိ ဆန်စပါးအသင်းချုပ် ကို မေးခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လည်း တုန့်ပြန်မှု မရခဲ့ပါဘူး။

ဆန်စျေးနဲ့ပတ်သက်လို့ စစ်ကောင်စီခေါ်ယူစစ်ဆေးတဲ့အထဲမှာ နာမည်ကြီး စျေးဝယ်စင်တာ ပိုင်ရှင်တွေလည်း ပါဝင်ပြီး မနေ့ညပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“စူပါမက်ကက် က တော့ ဆန်လာတင်လည်း ၁၅ ရာခိုင်နှုန်း နဲ့ ၂၀ ရာခိုင်နှုန်း ကြား အမြတ်တင်ပြီး ရောင်းမှာပဲ လေ ဆီလည်း ဒီအတိုင်းပဲ။ သူ့မှာ လူဖိုး မီးစက်ဖိုး အဲယားကွန်းဖိုး ရှိတယ်လေ။ သူတို့ကို သွားဖမ်း လို့ မရဘူးလေ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စျေးဝယ်စင်တာတွေမှာတင်တဲ့ ပေါ်ဆန်းမွှေး တံဆိပ် ရှစ်ခုလောက် ပစ်မှတ်ထား အစစ်ဆေးခံရတယ် လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့အနီးက တပ်စခန်း ၃ ခုကို KIA နဲ့ PDF ထိုးစစ်ဆင်

KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး အင်းတော်ကြီး-ဝှေခါကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၂၂ ရက်မနက်ပိုင်းမှာ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကိုပြောပါတယ်။

အင်းတော်ကြီးဒေသက စစ်ကောင်စီရဲ့ ဝှေလုံတပ်စခန်း၊ ညောင်ပင်စခန်း၊ ချောင်းဝစခန်းတွေကို KIA/PDF တပ်တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။

ဖားကန့်မှာရှိတဲ့ စစ်ကောင်စီ တပ်မကုန်းကနေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်ကြီးဒေသက ဖားကန့်မြို့နဲ့ ၁၅ မိုင်ဝန်းကျင် ကွာဝေးပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်-ဆဒုံး-ကံပိုင်တည်လမ်းတစ်လျှောက်က စစ်တပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်စခန်း ဆယ်နဲ့ချီကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းလမ်းပိုင်းကို KIA/PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသက တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

အီရန်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သွားရောက်

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs Myanmar

ဓာတ်ပုံ ပုံစာ, အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) တက်ရောက်မယ့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

တီဟီရန်မြို့မှာ ကျင်းပမယ့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ကို တက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အီရန်နိုင်ငံ ကို ထွက်ခွာသွားတဲ့အကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၄ ရက်နေ့မှာ စတင်ကျင်းပမဲ့ ၁၉ ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို အီရန်နိုင်ငံက အလှည့်ကျ သဘာပတိ အနေနဲ့ တာဝန်ယူထားတာဖြစ်ပါတယ်။

အာရှစီးပွားရေးထိပ်သီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက အဆင့်မြင့်အရာရှိတွေအပြင် အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ ရှိနေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

အေစီဒီ ဆွေးနွေးပွဲမှာ ဒစ်ဂျစ်တယ်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို အဓိက ထားဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဌာန က သတင်း ထုတ်ပြန်ပါတယ်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (အေစီဒီ) အဖွဲ့ကို ကူဝိတ်နိုင်ငံမှာ ရုံးစိုက်ထားပြီး ဆွေးနွေးပွဲ တွေကိုတော့ ထိုင်းနိုင်ငံမှာ ၂၀၀၂ ခုနှစ်ထဲက ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဖွဲ့ဝင် ၃၅ နိုင်ငံ ရှိနေပြီး ကမ္ဘာ့လူဦးရေ ရဲ့ ၅၀ ရာခိုင်နှုန်းကျော် ကို ကိုယ်စားပြု ထားတယ်လို့ အေစီဒီ က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆွေးနွေးပွဲတွေကိုတော့ ဘာရိန်းနိုင်ငံက အလှည့်ကျ သဘာပတိအနေနဲ့ ၂ နှစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

တောင်ကုတ်မှာ စစ်တပ်နဲ့ အေအေတို့ စစ်ရေးတင်းမာနေ

ဇွန် ၁၃ ရက်က အေအေသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဇွန် ၁၃ ရက်က အေအေသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်း (ပုံဟောင်း)

ရခိုင်ပြည်နယ် တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းက နေပူတောင်စစ်တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်) တို့ မနေ့ ဇွန် ၂၁ ရက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့အထိ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - ပြည်) ကနေ စစ်ကူလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို အေအေက ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တောင်ကုတ်မြို့ပေါ် တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံအချို့ကပြောပေမယ့် ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့ ဇွန် ၂၂ ရက်မှာတော့ တောင်ကုတ်မြို့အခြေစိုက် စစ်တပ်ခြေမြန်တပ်ရင်း (ခမရ-၅၄၄) ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ တောင်ကုတ်မြို့ကို စစ်ရှောင်ရာကနေ စက်လှေနဲ့ ပြန်လာတဲ့ ဒေသခံတချို့ကိုလည်း မြို့ရဲ့ အုန်းတောချောင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တချို့က သေနတ်နဲ့ပစ်ခတ်ပြီး ကမ်းကပ်ခိုင်းတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“စက်လှေသမားကတော့ မောင်းပြေးသွားတယ်၊ ဒေသခံတွေ အထိအခိုက်ကတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅ ) အပါအဝင် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ-၅၄၄)နဲ့ (ခမရ-၃၄၆) တပ်ရင်းတွေ အခြေစိုက်ထိန်းချုပ်ထားပြီး မြို့ပတ်ပတ်လည်ကိုတော့ အေအေ တပ်တွေက ဝိုင်းရံပိတ်ဆို့ထားတဲ့အခြေအနေလို့ သိရပါတယ်။

တောင်ကုတ်မြို့တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရော အေအေဘက်ကပါ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။