နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေကြချိန်မှာ ကုမ္ပဏီမှတ်ပုံတင်စည်းမျဥ်းတွေက ဆွဲဆောင်မှုရှိရဲ့လား

ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီ မှတ်ပုံတင် စည်းမျဥ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မြန်မာက ထွက်ခွာရခြင်းဟာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်လို့ ဆိုပြီ

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ မှတ်ပုံတင်ပြီး ၂ လအတွင်း နှစ်စဥ်အစီရင်ခံစာနဲ့အတူ တင်ပြဖို့ အချက်တွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက မကြာသေးခင် ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအထဲမှာ ကုမ္ပဏီနာမည်အတိုင်း ဘဏ်စာရင်းဖွင့်ပြီး အစုရှယ်ယာတန်ဖိုးအတိုင်း စာရင်းထဲငွေထည့်ထားကြောင်း အထောက်အထားပြဖို့ ၊ ဒါရိုက်တာတွေ အနေနဲ့လည်း ဖော်ပြထားတဲ့ လိပ်စာမှာ အမှန်တကယ်နေကြောင်း ရဲထောက်ခံစာပြဖို့ ၊ နိုင်ငံခြားသားတွေ ဆိုရင်လည်း Immigration form C တင်ပြဖို့ ၊ ကုမ္ပဏီ လိပ်စာမှာ ရုံးခန်းရှိကြောင်း ရဲထောက်ခံစာပြဖို့ ၊ အစုရှယ်ယာရှင်က ဥပဒေရေးဆိုင်ရာ ပုဂ္ဂိုလ်ဖြစ်ရင် သက်ဆိုင်ရာ အထောက်အထား ပြဖို့ စတဲ့ အချက်တွေ ပါ၀င်ပါတယ်။

ဒီအချက်တွေ တင်ပြဖို့ တောင်းဆိုရတာဟာ ကုမ္ပဏီတွေ ၊ ဒါရိုက်တာတွေ အနေနဲ့ တည်ဆဲ ဥပဒေတွေ လိုက်နာပြီး ငွေကြေး ခ၀ါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာတွေအပေါ် တိုက်ဖျက်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီ မှတ်ပုံတင်ရုံး

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar

ဓာတ်ပုံ ပုံစာ, ကုမ္ပဏီ မှတ်ပုံတင်စည်းမျဥ်းတွေကို လိုက်နာလာအောင် တွန်းအားပေး ထုတ်ပြန်

ဒီလို စည်းကမ်းချက်တွေ ထုတ်ပြန်လာတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အစိုးရအဆက်ဆက် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်လာတဲ့ အစိုးရအရာရှိတယောက်ကို မေးမြန်းကြည့်တဲ့အခါ ဒီစည်းကမ်းချက်တွေ အရင်ကတည်းက ရှိနှင့်ပြီးသား ဖြစ်ပြီး ဒါတွေကို လိုက်နာအောင် ဥပဒေတွေကို ပြန်လည် အသက်သွင်းတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့အချက်တွေမှာ ပြောင်းလဲမှု ရှိပေမဲ့ ဒါတွေဟာ Financial Action Task Force (FATF) ဆိုတဲ့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black list) သတ်မှတ်ထားတာကြောင့် သူတို့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် သတ်မှတ်လုပ်ဆောင်ရတာပါလို့ သူက ရှင်းပြပါတယ်။

ကုမ္ပဏီတွေ အနေနဲ့လည်း အခု ချမှတ်ထားတဲ့ စည်းမျဥ်းတွေကြောင့် အခက်အခဲ မရှိတဲ့ အတွက် ဒီနှစ်မှာ စီးပွားရေး လုပ်ငန်းတချို့ ပြန်လည် လည်ပတ်လာတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

နေပြည်တော်က MIC အစည်းအ၀ေး

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar

ဓာတ်ပုံ ပုံစာ, ခုနှစ်ဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ အစည်းအ၀ေး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ယူကေက Mark & Spancer နဲ့ Uniqlo အ၀တ်အထည်ကုမ္ပဏီကြီးတွေ အထည်ချုပ်လုပ်ငန်းတွေ စွန့်ခွာသွားကြပြီ ဖြစ်သလို Nestle စားသောက်ကုန် ကုမ္ပဏီကြီးဟာလည်း မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ဖေဖော်၀ါရီ လကုန်ပိုင်းတုန်းက မြန်မာမှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

အခုလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အစုလိုက် အပြုံလိုက် မြန်မာကို စွန့်ခွာနေချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို မက်လုံးပေးပြီး ဆွဲဆောင်မှုတွေ မလုပ်သင့်ဘူးလားလို့ ဘီဘီစီက သက်ဆိုင်ရာ အရာရှိကို မေးကြည့်တဲ့အခါ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာနေကြတာ နိုင်ငံရေး အခြေအနေကြောင့် ဖြစ်ပြီး နိုင်ငံရေး တည်ငြိမ်မှုရှိလာရင် ပြန်၀င်လာကြမှာ ဖြစ်ကြောင်းနဲ့ ခုရက်ပိုင်းမှာတင် တချို့ စီးပွားရေး လုပ်ငန်းတွေ အသက်၀င်လာကြပြီလို့ အဲဒီ အရာရှိက ပြန်လည် ဖြေကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကတော့ စင်္ကာပူ ၊ တရုတ် နဲ့ ထိုင်း တို့ ဖြစ်ကြောင်း၊ အခုနှစ်ဆန်းပိုင်း ဇန်နဝါရီမှာတင် အမေရိကန် ဒေါ်လာ ၁၄၃ သန်းကျော်ရှိပြီး အဲဒီကနေ အလုပ်အကိုင် ၁၃၀၀ ကျော် ဖန်တီးပေးထားတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီမှတ်ပုံတင်စည်းမျဥ်းက ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်မှု ရှိရဲ့လား

ဓာတ်ပုံ ရင်းမြစ်, Statement

ဓာတ်ပုံ ပုံစာ, ဧပြီ ၁ရက်နေ့ထုတ် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက်