နှစ် ၃၅၀ အတွင်း ဗြိတိန်ရဲ့ ပထမဆုံး တော်ဝင် အမျိုးသမီး နက္ခတ်ပညာရှင်

ဓာတ်ပုံ ရင်းမြစ်, Amanda Clark/Cabinet Office
- ရေးသားသူ, ပါလပ်ဂို့ရှ်
- ရာထူးတာဝန်, သိပ္ပံ သတင်းထောက်
- ရေးသားသူ, ဂွင်ဒဗ် ဟုချ်
- ရာထူးတာဝန်, သိပ္ပံ ဗီဒီယို ရိုက်ကူးသူ
အထက်တန်းကျောင်းမှာ သိပ္ပံ မသင်ခဲ့ရပေမယ့် ပါမောက္ခ မီရှဲလ် ဒိုဟာတီက သူ့ဖခင်ရဲ့ အဝေးကြည့်မှန်ပြောင်းကို သုံးပြီး အာကာသကို စူးစမ်းလိုစိတ်တွေ တိုးပွားခဲ့ပါတယ်။
အခုတော့ ဗြိတိန်ရဲ့ နှစ် ၃၅၀ သမိုင်းရှိတဲ့ တော်ဝင် နက္ခတ်ပညာရှင် ရာထူးမှာ သူက ပထမဆုံး ခန့်အပ်ခံရတဲ့ အမျိုးသမီး ဖြစ်လာပါပြီ။ ကြာသပတေးဂြိုဟ်ရဲ့ ရေခဲလတွေပေါ် ဂြိုဟ်တုတွေ လွှတ်ပြီး စူးစမ်းလေ့လာတဲ့ အဖွဲ့မှာလည်း သူ ပါပါတယ်။
တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ အကြံပေးအဖြစ် ခန့်အပ်ခံရမှုဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် သိပ္ပံပညာသင်ကြားလိုစိတ်ကို စေ့ဆော်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
သူတို့ ဆောင်ရွက်နေတာတွေဟာ ဗြိတိန်ရဲ့ စီးပွားရေးအတွက်လည်း အရေးကြီးကြောင်း ပြည်သူတွေကို သိစေချင်တယ်လို့လည်း ပါမောက္ခ ဒိုဟာတီက ဆိုပါတယ်။
ကနေ့ခေတ် အာကာသခရီးတွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တခုအတွက် ဒိုဟာတီ ဆောင်ရွက်ပေးနေပါတယ်။ ကြာသပတေးဂြိုဟ်ရဲ့ ရေခဲနေတဲ့ လတွေမှာ သက်ရှိတွေ နေနိုင်သလား ဆန်းစစ်ဖို့ ဥရောပ အာကာသ အေဂျင်စီက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နေစကြာဝဠာထဲက တခြားနေရာတွေမှာ သက်ရှိတွေ မရှိဘူးဆိုရင် အံ့အားသင့်စရာ ကောင်းလိမ့်မယ်လို့လည်း သူက ရယ်မောပြီး ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ ၁၀ နှစ်သမီးကတည်းက သူတို့ သားအဖတို့ ဖန်တီးထားတဲ့ အဝေးကြည့်မှန်ပြောင်းကနေ ကြာသပတေးဂြိုဟ်ကို တွေ့ခဲ့ရပြီးနောက် စိတ်ဝင်စားလာခဲ့ပါတယ်။
ကြာသပတေးဂြိုဟ်နဲ့ လကြီး လေးလုံးကို ပထမဆုံး မြင်ချိန်မှာ ဒီလတွေပေါ်ကို အာကာသယာဉ်လွှတ်ဖို့ ကိစ္စမှာ ပါဝင်လာရမယ်လို့ တွေးမထားမိကြောင်း ပါမောက္ခ ဒိုဟာတီက ပြောပါတယ်။
သူ ကြီးပြင်းခဲ့တဲ့ တောင်အာဖရိကနိုင်ငံက အထက်တန်းကျောင်းမှာလည်း သိပ္ပံ မသင်ခဲ့ရပါဘူး။
သူ ၁၃ နှစ် သမီးအရွယ်မှာ တခြားကျောင်းတကျောင်းက သိပ္ပံ သင်ပေမယ့် သူငယ်ချင်းတွေက မသွားကြလို့ သူတို့တက်တဲ့ကျောင်းကိုပဲ လိုက်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူက အဲဒီအချိန်ကတည်းက သင်္ချာ တော်သူဖြစ်လို့ တက္ကသိုလ်မှာ သိပ္ပံ တန်း တက်ခွင့် ရခဲ့ပါတယ်။
ပထမနှစ်ပိုင်းမှာ သိပ္ပံသင်ရတာက ဘာသာစကားသစ် သင်ရသလို ခက်ခဲတယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့လည်း သူ့သတ္တိနဲ့ အရည်အချင်းတွေကြောင့် ပညာရေးမှာ အမီလိုက်ပြီး ဗြိတိန်ထိ လာကာ ထိပ်တန်း အာကာသ သိပ္ပံပညာရှင် ဖြစ်လာခဲ့ပါတယ်။
ကျွန်မ မကျွမ်းကျင်တဲ့ ကိစ္စတွေမှာ ဖြစ်အောင် လုပ်ရင်း သင်ယူတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်ဝင် နက္ခတ်ပညာရှင် ရာထူးကို ၁၆၇၅ မှာ စတင်ခန့်အပ်ခဲ့ပြီး လန်ဒန် ဂရင်းနစ် အရပ်က တော်ဝင် နက္ခတ်ကြည့်ဆောင်အတွက် ထားရှိတာ ဖြစ်ပါတယ်။ ဒါဘီက ဂျွန် ဖလမ်းစတဒ်က ဒီရာထူးကို ပထမဆုံး ရသူ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း သွားလာရေး တိုးတက်ဖို့ ကြယ်တွေကို အသုံးပြုပြီး ဘုရင်ကို အကြံပေးရတဲ့ အလုပ် ဖြစ်ပါတယ်။
နှစ်ကြာလာတာနဲ့အမျှ ဒီရာထူးရှင် လုပ်ရတဲ့အလုပ်တွေ ပြောင်းလဲလာပြီး နိုင်ငံရဲ့ သိပ္ပံဆိုင်ရာမှာ အရေးကြီးဆုံး တနေရာ ဖြစ်လာတယ်လို့ ဂရင်းနစ် နက္ခတ်ကြည့်ဆောင်ရဲ့ အကြီးတန်း ပြတိုက်မှူး ဒေါက်တာ လူဝီစ် ဒဗွိုင်းက ရှင်းပြပါတယ်။
၁၈၀၀ ပြည့်လွန်နှစ်တွေကတည်းက တော်ဝင် နက္ခတ်ပညာရှင်တွေဟာ အစိုးရ အကြံပေးအဖြစ် ဆောင်ရွက်ရပြီး နက္ခတ်ပညာအပြင် ရထားလမ်း၊ တံတားနဲ့ ကြေးနန်းဆိုင်ရာ ကိစ္စတွေမှာပါ အကြံပေးရတယ်လို့လည်း ဆိုပါတယ်။
၂၀ ရာစုမှာတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိလာပြီး ချီလီနဲ့ ကနေရီ ကျွန်းစုက အဝေးကြည့်မှန်ပြောင်းတွေအပြင် ဂျိမ်းစ်ဝက် အာကာသမှန်ပြောင်းကြီးအထိ ဗြိတိသျှ နက္ခတ်ပညာရှင်တွေ လုပ်ကိုင်လာရကြောင်းလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ် ၃၅၀ ကျော်အတွင်း ဗြိတိန်အတွက် အဆင့်အမြင့်ဆုံး နက္ခတ်ပညာရှင် ရာထူးမှာ အမျိုးသား ၁၅ ယောက်ကို ခန့်ထားခဲ့ပါတယ်။ အက်ဒင်ဘာရာမှာ ရှိတဲ့ နက္ခတ်ကြည့်ဆောင်မှာတော့ ပါမောက္ခ ကက်သရင်း ဟေမန်ကို ၂၀၂၁ က စပြီး စကော့တလန်အတွက် တော်ဝင် နက္ခတ်ပညာရှင် ခန့်ခဲ့ပါတယ်။
ပါမောက္ခ ဒိုဟာတီကို ဗြိတိန်တပြည်လုံးအတွက် ခန့်အပ်မှုကို ဝမ်းမြောက်ကြောင်း ပါမောက္ခဟေမန်က ပြောပါတယ်။
အရင် ရာစုနှစ်တွေတုန်းက လူဖြူအမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ နက္ခတ်ပညာရှင်လောကမှာ ပြောင်းလဲလာပြီလို့လည်း ပါမောက္ခ ဟေမန်က ပြောပါတယ်။
မေးခွန်းကြီးတွေကို ဖြေနိုင်ဖို့ သိပ္ပံပညာမှာ ပိုပြီး မျိုးကွဲ စုံလင်လာတာမို့ ဗြိတိန်တလွှားမှာ တော်ဝင် နက္ခတ်ပညာရှင် အမျိုးသမီး နှစ်ယောက် ရှိလာတာ ဝမ်းသာကြောင်း၊ သိပ္ပံဟာ လူတိုင်းအတွက် ဖြစ်တာကို ဒီခန့်အပ်မှုက ပြနေကြောင်းလည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michele Dougherty
ပါမောက္ခ ဒိုဟာတီဟာ လန်ဒန် အင်ပင်ရီယယ် ကောလိပ်ကျောင်းမှာ ၂၀၁၈ ကနေ ၂၀၂၄ အတွင်း ရူပဗေဒဌာနမှူး လုပ်ခဲ့ပြီး သူ့လက်ထက်မှာ ပထမနှစ် အမျိုးသမီး ဘွဲ့ကြို ကျောင်းသူက ၁၉ ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images









