အသက် ၂၀ အောက် အမျိုးသမီး ဖီဖာ ကမ္ဘာ့ဖလားပွဲမှာ မြောက်ကိုရီးယားက ၃ ကြိမ်မြောက်ဗိုလ်စွဲ
နစ်ခ် မာ့ရှ်
BBC News

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲမှာ မြောက်ကိုရီးယားအသင်းက ဂျပန် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး တတိယအကြိမ်မြောက် စံချိန်တင် ဗိုလ်စွဲသွားပါတယ်။
မြောက်ကိုရီးယား အသင်းဟာ ဂျာမနီနဲ့ အမေရိကန်လို နာမည်ကျော် အသင်းတွေ နည်းတူ ဒီ ယူ ၂၀ အမျိုးသမီး ဘောလုံးပွဲ သမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်ခဲ့ ပါပြီ။
ပွဲစတင်ပြီး ၁၅ မိနစ်အကြာမှာ ချို အီဆွန်က တလုံးတည်းသော အနိုင်ဂိုးကို မြောက် ကိုရီးယား အသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ကိုလံဘီယာမှာ ကန်ခဲ့တဲ့ ပွဲတိုင်း ကို သူတို့အသင်းက အနိုင်ရခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ် ချိုဟာ ပွဲစဉ်တလျောက်လုံး စုစုပေါင်း ၆ ဂိုးနဲ့ ဂိုးအများဆုံး သွင်းပေးခဲ့ကာ ရွှေဖိနပ်ရသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်မတို့ အခု ဘယ်လို ခံစားရလဲဆိုတာ ပြောရဖို့တောင် အတော်ခက်ပါတယ်၊ ဒီအိပ်မက်ကို ကျွန်မတို့ မက်နေခဲ့ရတာ အတော်ကြာခဲ့ပါပြီ" လို့ အသင်း ကပ္ပတိန် ချေ အွမ်ယွန်က ပြောပါတယ်။
ဆီမီးဖိုင်နယ်ရောက်ဖို့ မြောက်ကိုရီးယားအသင်းဟာ အာဂျင်တီးနား၊ နယ်သာလန် နဲ့ ဘရာဇီးတို့လို အသင်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
အမေရိကန် အသင်းနဲ့ ဆီမီးမှာ တွေ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ကာ ၂၀၂၂ တုန်းက ဒုတိယ ချိတ်ခဲ့တဲ့ ဂျပန် အသင်းနဲ့ ဖိုင်နယ်မှာ ကန်ခဲ့ရတာပါ။
ဘယ်ခြေနဲ့ ကန်သွင်းတဲ့ ချိုရဲ့ ဘောလုံးက တခြားလူနဲ့ ထိပြီး နည်းနည်း လမ်းကြောင်း လွဲသွားခဲ့ပေမဲ့ ဂိုးထဲကို ဝင်သွားနိုင်တဲ့အတွက် အယ်ကမင် ဘောလုံး ကွင်းကြီးက ဖိုင်နယ်ပွဲမှာ မြောက်ကိုရီးယားတို့ အနိုင်ရသွားပါတယ်။
ဒီပွဲအတွက် အကောင်းဆုံး ဘောလုံးသမားအဖြစ် သူရွေးချယ်ခံရသလို ရွှေဖိနပ် အပြင် ဘက်စုံအကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကိုလည်း သူပဲ ပိုက်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာ ကပ်ဘေးကြောင့် ကမ္ဘာ့အားကစားပွဲတွေမှာ နှစ်အတော်ကြာ ဝင်မပြိုင်ခဲ့တဲ့ မြောက်ကိုရီးယားတို့အဖို့ ဒီအောင်ပွဲက အထင်ကရပါ။
၂၀၁၈ နောက်ပိုင်း မြောက်ကိုရီးယား ယူ ၂၀ အမျိုးသမီး ဘောလုံးအသင်းက နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်မပြိုင်ပဲ နေခဲ့ရာကနေ ဒီနှစ် မတ်လအတွင်း ဥဇဘက်ကစ္စတန်မှာ လုပ်တဲ့ အာရှဖလားပွဲမှာ သူတို့ ပြန်ပြီး စပြိုင်ခဲ့ပါတယ်။
၆ နှစ် နားခဲ့တဲ့ သူတို့အသင်းဟာ အဲဒီ အာရှပွဲမှာလည်း ဖိုင်နယ်မှာ ဂျပန် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ကာ သူတို့ရဲ့ ဒုတိယမြောက် အာရှဖလားကို ရခဲ့ပါတယ်။
"အာရှဖလားကို ရခဲ့တယ်၊ အခု ဒီအောင်ပွဲကို ရတယ်၊ အသင်းအတွက် ကျွန်တော် သိပ် ဂုဏ်ယူပါတယ်" လို့ အသင်းနည်းပြ ရီဆွန်ဟိုက ပြောပါတယ်။
"ကျွန်တော်တို့ တိုက်စစ်စဖို့ ပြင်ပြီဆိုရင် သိပ်ကို ခြိမ်းခြောက်နိုင်တဲ့ အသင်းဆိုတာကို ကျွန်တော်တို့ ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက ရှေ့တန်း တိုက်စစ်အတွက် သိပ်ကို မြန်ဆန်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ အဆင့်မှာ ၁၁၁ အဆင့်နေရာမှာသာရှိတဲ့ သူတို့ အမျိုးသား ဘောလုံးအသင်းလို မဟုတ်ပဲ မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းက အင်အားတောင့်ပါတယ်။
ဖီဖာ အဆင့်သတ်မှတ်ချက်အရ မြောက်ကိုရီးယား စီနီယာ အမျိုးသမီးအသင်းဟာ ကမ္ဘာ့အဆင့် ၉ နေရာမှာ ချိတ်ပြီး ဒါဟာ ပြင်သစ်၊ သြစတြေးလျ စတဲ့ အသင်းတွေရဲ့ အထက်မှာရှိပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားတို့ သူတို့ နိုင်ငံအသင်းကန်တာကို နိုင်ငံအတွင်းမှာ ကြည့်ရ ဖို့ကတော့ ကြုံရခဲတဲ့ အဖြစ်ပါ။
ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ခရီးသွားလာရေး လမ်းကြောင်းတွေက အကန့် အသတ် ရှိသလို သံတမန်ရေး အခက်အခဲတွေကလည်း မြောက်ကိုရီးယားမှာ ရှိနေပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယား အသင်း အိမ်ပွဲ ကန်ရပြီဆိုရင် အများစုပွဲ တွေက ကြားနေ တနေရာဖြစ်တဲ့ တရုတ်နိုင်ငံတွင်း တနေရာ ဒါမှမဟုတ် အရှေ့ အလယ်ပိုင်းက တနေရာမှာ ကန်ကြရလေ့ရှိပါတယ်။








