မြောက်ကိုရီးယားကို ဖိတ်ကြားမှု သမ္မတပူတင် လက်ခံ - စက်တင်ဘာ ၁၄ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရုရှား သမ္မတ ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားကို ပူတင်သွားရောက်ဖွယ်ရှိနေ

မြောက်ကိုရီးယားကို လာလည်ဖို့ ဖိတ်ခေါ်ချက်ကို ရုရှားသမ္မတ ပူတင်က လက်ခံလိုက်တယ်လို့ ကရင်မလင် နန်းတော်က အတည်ပြုပါတယ်။

မစ္စတာ ပူတင်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ရုရှား အရှေ့ဖျားက ကော်စမိုဒွန်းမ် ဒုံးပျံလွှတ်တင်ရေးစခန်းမှာ မနေ့ ဗုဒ္ဓဟူးနေ့က ဧည့်ခံတွေ့ဆုံခဲ့ပါတယ်။

လက်ရှိ ရုရှားကိုရောက်နေတဲ့ မစ္စတာကင်ရဲ့ခရီးစဉ် ရက်အနည်းငယ် ထပ်ကြာဖွယ် ရှိပေမယ့် မစ္စတာပူတင်ကတော့ မော်စကိုမြို့ကို ပြန်သွားပြီလို့ ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ဒါ့အပြင် ခေါင်းဆောင်နှစ်ယောက်ဟာ ဒေသထုတ် ရိုင်ဖယ် သေနတ်တွေကို လက်ဆောင်အဖြစ် အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယမှာ လူမတန်တဆ တင်ဆောင်မှု၊ စည်းမျဉ်း မလိုက်နာမှုကြောင့် လှေတိမ်းမှောက်မှု ပိုများလာ

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလတုန်းက ခရဲလားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လှေတိမ်းမှောက်မှု

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ကျောင်းသားတစု လိုက်ပါလာတဲ့ လှေတိမ်းမှောက်ခဲ့ပြီးနောက် ကျောင်းသား ၁ဝယောက် ပျောက်ဆုံးနေပါတယ်။

နောက်ထပ် အယောက် ၂ဝ ကိုတော့ ကယ်ဆယ်ထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေစဲပါ။

ဘာကြောင့် ကျောင်းသားတွေပါတဲ့လှေ ဘဂ်မာတီမြစ်ထဲ တိမ်းမှောက်ရသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိန္ဒိယမှာ လှေမှောက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပြီး များသောအားဖြင့် လှေတွေမှာ လူတွေ မတန်တဆ တင်ဆောင်တာနဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေ မလိုက်နာတာတွေကြောင့် လှေမှောက်တာတွေ ပေါ်ပေါက်ရတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကို ဘင်္ဂလားဒေ့ရှ်မှာဖမ်း

ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတင်းမှားဖြန့်မှုနဲ့ ဖမ်းဆီးမှုတွေ ရှိနေ

ဘင်္ဂလားဒေ့ရှ်မှာ ၂၀၁၃ ခုနှစ် တုန်းက ဆန္ဒပြမှုအတွင်း သတင်းမှားဖြန့်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ၂ယောက်ကို တရားရုံးက ထောင်၂ နှစ်စီ ချမှတ်လိုက်ပါတယ်။

ထောင်ချခံရသူတွေကတော့ အဒီလူအာ ရာမန်ခန်းနဲ့ အေအက်စ်အမ် နာဆရူးဒင်တို့နှစ်ယောက်ဟာ အိုဟီခါ လူ့အခွင့်အရေး အဖွဲ့ကဖြစ်ပြီး သူတို့မှာ အပြစ်မရှိဘူးလို့ ဆိုထားပါတယ်။

သူတို့အဖွဲ့ကတော့ ဆန္ဒပြမှုအတွင်း ဒါကာက အစွန်းရောက် အစ္စလာမ်ဝါဒီအဖွဲ့က အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကို လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရဲနဲ့ အဓိကရုဏ်း ဖြစ်ခဲ့စဉ်အတွင်း လူတော်တော်များများလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

အခုအပြစ်ပေးခံရသူနှစ်ယောက်ဟာ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခံနေရ ၊ ခြောက်လှန့်ခံနေရတယ်လို့ ကုလသမဂ္ဂက အခုလ အစောပိုင်းက ပြောပါတယ်။

သီရိလင်္ကာကို ချေးငွေ ဆက်ပေးဖို့ IMF သုံးသပ်

သီရိလင်္ကာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, IMF ပထမအရစ်ချေးငွေကို ဘယ်လိုသုံးစွဲလဲ ဆိုတာကို စိစစ်သုံးသပ်နေပြီ

သီရိလင်္ကာဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အရေးပေါ်ချေးငွေ ဒေါ်လာသန်း သုံးထောင် အတွက် ပထမဆုံးအကြိမ် သုံးသပ်ဆွေးနွေးဖို့ ကိုလံဘိုမြို့မှာ IMF အရာရှိတွေနဲ့ စတင်တွေ့ဆုံနေပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ကြေညာခဲ့တဲ့ စီးပွားရေးကျားကန်ပေးတဲ့ အစီအစဉ်အပေါ် အစိုးရကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့IMF အရာရှိတွေက လေ့လာဆန်းစစ်နေကြတာပါ။

IMF ချေးငွေတွေ ဆက်လက် ထုတ်ပေးနိုင်ဖို့ သီရိလင်္ကာအနေနဲ့ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိရမှာ ဖြစ်ပါတယ်။

သီရိလင်္ကာမှာ မနှစ်တုန်းက နိုင်ငံခြားသုံးငွေ ကုန်ခန်းသွားပြီး စီးပွားပျက်ကပ် ဆိုက်ခဲ့တာ ဖြစ်ပါတယ်။