ရုရှားစစ်ဗိုလ်ချုပ်ကြီး မော်စကိုမြို့မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံခဲ့ရ

စစ်ယူနီဖောင်း ဝတ်ထားသူတစ်ဦးကို တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Russian Defence Ministry

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး ဗလာဒီမီယာ အလက်ဆီယက်ဗ် ဟာ ရုရှား စစ်ထောက်လှမ်းရေး GRU အဖွဲ့ရဲ့ အရေးပါတဲ့ ညွှန်ကြားရေးမှူးရာထူးမှာ ဒုတိယ အကြီးဆုံးဖြစ်
    • ရေးသားသူ, ပေါ်လ် ကာဘီ
    • ရာထူးတာဝန်, ဥရောပရေးရာ ဘီဘီစီ ဒစ်ဂျစ်တယ် အယ်ဒီတာ
  • ဖတ်ရန်အချိန်: မိနစ် ၄

ရုရှားစစ်တပ်က အထင်ကရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦး မော်စကိုမြို့မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရခဲ့ပါတယ်။

မော်စကိုမြို့တော်ရဲ့ အနောက်မြောက်ပိုင်း ရပ်ကွက်က လူနေတိုက်ခန်းတွဲတစ်ခုမှာ ပစ်ခတ်ခံခဲ့ရအပြီးမှာ ဗိုလ်ချုပ်ကြီး ဗလာဒီမီယာ အလက်ဆီယက်ဗ် ကို ချက်ချင်း ဆေးရုံတင်လိုက်ပါတယ်။ သူ့အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဗိုလ်ချုပ်ကြီး ဗလာဒီမီယာ အလက်ဆီယက်ဗ် ဟာ ရုရှား စစ်ထောက်လှမ်းရေး GRU အဖွဲ့ရဲ့ ဒုတိယ အကြီးဆုံး အရေးပါသူ ဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်နီးပါး ယူကရိန်းစစ်ပွဲ စတင်ခဲ့ကတည်းက မော်စကိုမြို့တော်မှာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသူ ထိပ်တန်းအဆင့် စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အခုနောက်ဆုံး စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ယူကေနိုင်ငံ ဆော်လ်စ်ဘရီမြို့ ဓာတုအဆိပ် တိုက်ခိုက်မှုကို ရုရှား စစ်ထောက်လှမ်းရေး GRU အဖွဲ့က နောက်ကွယ်ကနေ စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရအပြီးမှာ သူ့ကို ဥရောပသမဂ္ဂနဲ့ ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ ရာဇဝတ်အမှုတွဲ ဖွင့်ထားတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက မစ္စတာ ဆဗက်လာနာ ပက်ထရန်ကို ကပြောပါတယ်။ "လူနာကို မော်စကိုမြို့က ဆေးရုံတစ်ရုံကို ပို့ထားတယ်" လို့လည်း ဆိုပါတယ်။

သေနတ်သမားကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အခုအခါ စုံစမ်းစစ်ဆေးသူတွေက စီစီတီဗီ ကင်မရာတွေကနေ သဲလွန်စတွေ လိုက်လံရှာဖွေနေပြီး မျက်မြင်သက်သေတွေကို စတင်မေးမြန်းနေပါတယ်။

ဗိုလ်ချုပ်ကြီး အလက်ဆီယက်ဗ်ရဲ့ အိမ်နီးချင်းတစ်ဦးက သေနတ်သံ အချက်ပေါင်းများစွာ ကြားခဲ့ရအပြီး သူအိပ်ရာကနေ လန့်နိုးခဲ့ကြောင်း၊ နောက်အိမ်နီးချင်းတစ်ဦးရဲ့ လှမ်းအော် အကူအညီတောင်းသံကို ကြားခဲ့ရကြောင်း ရိုက်တာစ် သတင်းဌာနကို ပြောပြပါတယ်။

"ကျွန်မကတော့ ဒါလောက်ပဲ ကြားလိုက်ပါတယ်။ တခြားအိမ်နီးချင်းတွေလည်း အမြန်ရောက်လာပါတယ်။ ဘယ်လိုကူရမလဲ၊ လူနာတင်ယာဉ်နဲ့ ရဲကို ခေါ်ပေးရမလားလို့ မေးကြပါတယ်။ ဒါပေမဲ့ လူနာတင်ယာဉ်နဲ့ ရဲကို ခေါ်ပြီးသွားပါပြီ။"

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်ချုပ်ကြီး အလက်ဆီယက်ဗ် ဟာ ယူကရိန်းစစ်ပွဲအတွင်း အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က မာရီယူပိုလ်မြို့ကို ရုရှားတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားစဉ် ယူကရိန်းနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လက သွေးထွက်သံယို ဖြစ်ခဲ့တဲ့ ခေတ္တ တပ်တွင်းပုန်ကန်မှုကို ဦးဆောင်ခဲ့သူ ဝက်ဂါနာ ကြေးစားတပ်ဖွဲ့ အကြီးအကဲ ယက်ဗ်ဂနီ ပရီဂေါ့ဇင် နဲ့ ညှိနှိုင်းဆွေးနွေးခဲ့စဉ်တုန်းကလည်း ဗိုလ်ချုပ်ကြီး အလက်ဆီယက်ဗ် ကို စေလွှတ်ခဲ့ပါတယ်။

ရုရှား စစ်ထောက်လှမ်းရေး GRU အဖွဲ့မှာ သူ့ရဲ့ အထက်အရာရှိဖြစ်သူဟာ အဘူဒါဘီမြို့မှာ အမေရိကန်၊ ယူကရိန်း ကိုယ်စားလှယ်တွေနဲ့ လုံခြုံရေးကိစ္စတွေအကြောင်း ဆွေးနွေးပြောဆိုနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့မှာ ဦးဆောင်လိုက်ပါသွားသူ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုအကြောင်း သမ္မတ ဗလာဒီမီယာ ပူတင်ကို သတင်းပို့ တင်ပြထားတယ်လို့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ "ဗိုလ်ချုပ်ကြီး အသက်ဘေးက လွတ်ပြီး ပြန်နာလန်ထူလာနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ဒီလိုဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်" လို့ သတင်းထောက်တွေကို သူက ပြောပါတယ်။

မော်စကိုမြို့ ဗိုလိုကိုလမ်စ်ခ် အဝေးပြေးလမ်းမကြီးပေါ်က လူနေ တိုက်ခန်းတွဲတစ်ခုမှာ သောကြာနေ့မနက်ခင်း က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကို ဘယ်သူက နောက်ကွယ်ကနေ စီစဉ်ခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် ကတော့ ယူကရိန်းရဲ့ လက်ချက် ဖြစ်တယ် ဆိုပြီး စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းအစိုးရကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ ရုရှားစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတာကိုတော့ အရင်က ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ရုရှားထောက်လှမ်းရေးအရာရှိတွေက ပြီးခဲ့တဲ့လကုန်တုန်းက စိန့် ပီတာစ်ဘာ့ဂ်မြို့မှာ ရုရှားစစ်သားတစ်ဦးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့မှုတစ်ခုကို သူတို့ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းက မော်စကိုမြို့က တိုက်ခန်းတွဲတစ်ခုရဲ့ အပြင်ဘက်မှာ ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုအတွင်း နောက်စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်တဲ့ အီဂေါ ကီရေလော့ဗ် ကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဥဇဘက် အမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဗိုလ်ချုပ်ကြီး ကီရေလော့ဗ် ဟာ ရုရှားနိုင်ငံရဲ့ နျူကလီးယား၊ ဇီဝနဲ့ ဓာတု ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း မော်စကိုမြို့မှာ ကားအောက်ထဲ ဖောက်ခွဲပစ္စည်းဖွက်ထည့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး ရုရှား စစ်ထောက်လှမ်းရေး GRU အဖွဲ့က နောက်ထိပ်တန်းစစ်အရာရှိကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဖာနီလ် ဆာဗာရော့ဗ် သေဆုံးခဲ့ပါတယ်။ သူဟာ ရုရှားစစ်တပ်ရဲ့ လေ့ကျင့်ရေးဌာနရဲ့ အကြီးအကဲ ဖြစ်တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ က ပြောပါတယ်။