ရွေးကောက်ပွဲနေ့မှာ ပူတင်ကို ဆန္ဒပြကြဖို့ နာဗယ်လ်နီရဲ့ ဇနီး တိုက်တွန်း - မတ်လ ၆ ရက် နိုင်ငံတကာသတင်းများ

ရုရှား အတိုက်အခံ၊ နာဗာလ်နီ၊ ပူတင်၊ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

မကြာသေးခင်က ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီရဲ့ ကျန်ရစ်သူ ဇနီးသည် ယူလီယာ နာဗယ်လ်နာယာ က ရွေးကောက်ပွဲနေ့မှာ သမ္မတ ပူတင်ကို ဝိုင်းဝန်း ကန့်ကွက်မဲပေးပြီး ဆန္ဒပြကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ယူလီယာ နာဗာလ်နာယာ က မော်စကိုမြို့မှာ ကျင်းပတဲ့ သူ့ခင်ပွန်းသည်ရဲ့ စျာပန အခမ်းအနားကို တက်ရောက်လာတဲ့ လူအုပ်ကြီးကြောင့် မျှော်လင့်ချက်တွေ ရှိလာခဲ့တယ်လို့ ယူကျူ ဗီဒီယိုတစ်ခုမှာ ပြောသွားပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့ နေ့လယ်မှာ မဲရုံတွေကို သွားပြီး ဆန္ဒမဲကတ်ပြားတွေပေါ်မှာ နာဗယ်လ်နီရဲ့ အမည်ကို ရေးပြီး မဲပေးတာမျိုး ဒါမှမဟုတ် သမ္မတပူတင်ကလွဲလို့ ကျန်တဲ့ သမ္မတလောင်းတွေကို မဲပေးတာမျိုး ဒါမှမဟုတ်ရင်လည်း မဲရုံအပြင်ဘက်မှာပဲ ရပ်နေပြီး မဲမပေးဘဲ အိမ်ပြန်လာတာမျိုးတွေ လုပ်ကြဖို့ သူက တိုက်တွန်း ပြောသွားခဲ့ပါတယ်။

ပူတင်ကို ဆန့်ကျင်ဖို့ ဒီရွေးကောက်ပွဲကို အသုံးချလို့ ရကြောင်းနဲ့ ဒီလိုလုပ်ဖို့ အလက်ဆီကိုယ်တိုင်က ပြောသွားခဲ့တာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ရီပတ်ဘလီကန် သမ္မတလောင်းရွေးပွဲကနေ နစ်ကီ ဟေလီနုတ်ထွက်

အမေရိကန်ရွေးကောက်ပွဲ၊ ပရိုင်မရီ ရွေးကောက်ပွဲ၊ ထရမ့်၊ ဟေလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရီပတ်ဘလီကန် ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးပွဲမှာ နစ်ကီ ဟေလီ နုတ်ထွက်သွားခဲ့အပြီး ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဒေါ်နယ် ထရမ့် တစ်ဦးတည်းသာ ကျန်ခဲ့ပါတော့တယ်။

လာမယ့်နာရီပိုင်းအတွင်း နစ်ကီ ဟေလီ တရားဝင် ထုတ်ဖော်ကြေညာမယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ပြောပါတယ်။

ခုချိန်အထိ ပြည်နယ်အဆင့် ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးပွဲ အားလုံးအနက် ၂ ခုကိုပဲ မစ်စ် ဟေလီ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ဆူပါ အင်္ဂါနေ့လို့ အများသိကြတဲ့ မတ်လ ၅ ရက် အင်္ဂါနေ့ ရွေးကောက်ပွဲမှာ မစ်စ် ဟေလီဟာ ဗားမောင့်ပြည်နယ်မှာ အံ့သြစရာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ ထရမ့်ထက်တော့ အများကြီး နောက်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

မစ်စ် ဟေလီဟာ သမ္မတဟောင်း ထရမ့်ကို ထောက်ခံအားပေးသွားမယ်လို့တော့ ထုတ်ပြောမယ့်ပုံ မရှိပါဘူး။ သူ့ရဲ့ မဲဆွယ်မှုအတော်များများမှာ ဒေါ်နယ် ထရမ့် သမ္မတရာထူး ပြန်ရလာခဲ့ရင် ကြုံရနိုင်မယ့် အန္တရာယ်တွေအကြောင်းကိုပဲ ဦးစားပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ရှောင်ဒုက္ခသည် အများအပြားကို ဘိုကိုဟာရမ် လက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွား

နိုင်ဂျီးရီးယား၊ ဘိုကို ဟာရမ်၊ ပြန်ပေးဆွဲ

ဓာတ်ပုံ ရင်းမြစ်, BOKO HAREM

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် အတော်များများကို ဘိုကို ဟာရမ် ဂျီဟာ့ဒ်ဝါဒီတွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီစစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အနားက သစ်တောတစ်ခုမှာ ထင်းကောက်နေတုန်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာ လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဘယ်နှယောက်ကို ဖမ်းဆီးသွားသလဲဆိုတာနဲ့ ဖမ်းဆီးခံရတဲ့အချိန် အတိအကျကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဒေသခံ သတင်းမီဒီယာတချို့ကတော့ လူ ၃၀၀ ကျော်လောက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး အများစုဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒါကို သီးခြားလွတ်လပ်တဲ့ အတည်ပြုချက် မရသေးပါဘူး။

အမျိုးသမီး ၄၇ ဦး ပျောက်ဆုံးနေတယ်လို့တော့ ပြင်သစ်သတင်းအေဂျင်စီက သိထားရပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အစ္စလာမစ်ဝါဒီ သူပုန်တွေက တိုက်ခိုက်မှုတွေ မကြာခဏ လုပ်လေ့ရှိတဲ့အတွက် လူ ၂ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဘိုကိုဟာရမ် လက်နက်ကိုင် အားလုံးနီးပါးလောက် သေဆုံး ဒါမှမဟုတ် အာဏာပိုင်တွေထံ လက်နက်ချခဲ့ကြပြီးပြီလို့ ဘော်နိုပြည်နယ်အစိုးရက ပြောခဲ့အပြီးမှာပဲ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကြိုးပေးခံခဲ့ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရဲ့ ကြားနာစစ်ဆေးမှု မမျှတခဲ့ဘူးလို့ တရားရုံးချုပ် ဆုံးဖြတ်

ပါကစ္စတန်၊ ဝန်ကြီးချုပ်ဟောင်း၊ ဘူတို၊ ကြိုးပေးကွပ်မျက်၊

ပါကစ္စတန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်က ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဇူလ်ဖီကာ အလီ ဘူတို ဟာ တရားမျှတတဲ့ ကြားနာစစ်ဆေးမှုကို မခံခဲ့ရဘူးလို့ ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

လူသတ်မှုနဲ့ မစ္စတာ ဘူတို ပြစ်မှုထင်ရှားခဲ့ပြီး ကြိုးပေးကွပ်မျက် စီရင်ခံခဲ့ရချိန်မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ကြားနာစစ်ဆေးတာမျိုး မရှိခဲ့ဘူးလို့ တရားသူကြီးချုပ် ကာဇီ ဖာအက်ဇ် အီဆာ က ပြောပါတယ်။

မစ္စတာ ဘူတိုအပေါ် ကြားနာစစ်ဆေးမှုက တရားမမျှတဘူးဆိုတာကို တရားရုံးအဖွဲ့ဝင် ၉ ဦးက တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မစ္စတာ ဘူတိုဟာ PPP ပါကစ္စတန်ပြည်သူ့ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး အခုအခါ သူ့ရဲ့မြေးဖြစ်သူ ဘီလာဝါးလ် ဘူတို ဇာဒါရီက ဦးဆောင်နေပါတယ်။

တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို မစ္စတာ ဘူတို ဇာဒါရီက ကြိုဆိုလိုက်ပြီး ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဖော်ညွှန်းပြောဆိုလိုက်ပါတယ်။