အလှမယ် သရဖူနဲ့ မြန်မာ့အရေးကမ္ဘာကို ဆွဲဆောင်ဖို့ ကြိုးပမ်းသူ

Sophia Sakis

ဓာတ်ပုံ ရင်းမြစ်, Spohia Sakis Facebook

ဓာတ်ပုံ ပုံစာ, သြစတြေးလျ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲဝင် မဆိုဖီယာဆာကစ်

“အာဏာသိမ်းတဲ့နေ့က စပြီး ရင်ထဲမှာ မြန်မာ ပြည်သူပြည်သားတွေအတွက် အရမ်းကို ယူကျုံးမရ ဖြစ်တဲ့စိတ်တွေ ဝင်လာတယ်၊ တပြိုင်တည်းမှာပဲ အမေစု အတွက် ယူကျုံးမရတဲ့စိတ်၊ ခံပြင်းတဲ့စိတ်၊ နာကျင်တဲ့စိတ်တွေပေါ့နော်၊ မိခင်တစ်ယောက်အနေနဲ့ သူချစ်တဲ့ သားသမီးတွေကို စွန့်ခွာပြီး သူချစ်တဲ့ နိုင်ငံအတွက် စွန့်လွှတ် ပေးဆပ်ပြီး မြန်မာနိုင်ငံတိုးတက်ဖို့ ကြိုးစားလာတဲ့ တလျှောက်လုံးမှာ ရလဒ်က အကျယ်ချုပ်၊ အာဏာသိမ်းခံရ၊ အခုဆို အကျဉ်းကျခံရတယ်ပေါ့နော်၊ စစ်အာဏာသိမ်းရတာ ဘာကြောင့်လဲ ဆိုပြီး ဒေါသ ထွက်တယ်။”

 ဒီအတွေး၊ ဒီခံစားချက်တွေက လူ့အခွင့်အရေး ပြည့်ဝတဲ့ လွတ်လပ်တဲ့ တိုင်းပြည်တပြည်မှာ နှစ်ပေါင်းများစွာ ရောက်ရှိနေထိုင်ပြီး နိုင်ငံရေးဆိုတာကို စိတ်မဝင်စားခဲ့၊ စိတ်ထဲမှာ မရှိခဲ့ဘဲ မြန်မာနိုင်ငံနဲ့ ဆက်စပ် ပတ်သက်မှု မရှိတဲ့ အမျိုးသမီးတစ်ယောက်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့က စတင် ဖြစ်ပေါ် ပြောင်းလဲသွားတဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။

 သူက ခင်ပွန်းသည်နဲ့အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၄၅ နှစ် အရွယ် ကလေး သုံးယောက်ရဲ့ မိခင် မဆိုဖီယာ ဆာကစ် ဖြစ်ပါတယ်။

စိတ်ထိခိုက်ရတဲ့ ခံစားချက်နဲ့အတူ မြန်မာပြည်အတွက် ဘာလုပ်ပေးရမလဲလို့ တွေးတော နည်းလမ်းရှာ ကြိုးပမ်းရင်း အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး ကိုယ်တောင် မသိလိုက်တဲ့ အချိန်မှာ နိုင်ငံရေးထဲ ဝင်မိသွားခဲ့တယ်လို့ မဆိုဖီယာက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာပါခဲ့ပြီး ရှေ့ဆုံးကနေ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့အပြင် သြစတြေးလျက မိတ်ဆွေ ပါလီမန်အမတ်တွေကို ကိုယ်တိုင် ချဉ်းကပ်ပြီး မြန်မာအသိုင်းအဝိုင်းကို ပါလီမန်ထဲ ဝင်ခွင့်ရအောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 ဒါပေမဲ့ သူ လှုပ်ရှားခဲ့တဲ့ကာလ တလျှောက်မှာ သြစတြေးလျ အစိုးရက မြန်မာအသိုင်းအဝိုင်း လိုချင်တဲ့ အဖြေကို ဘာမှ တိတိကျကျ မပေးနိုင်ဘဲ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဖြစ်စေချင်တဲ့အတိုင်းအတာ အထိ သြစတြေးလျ အစိုးရက လုပ်ဆောင်ပေးတာ မရှိတော့ အားမလိုအားမရ ဖြစ်လာတယ်လို့ မဆိုဖီယာက ပြောပါတယ်။

ဒီတော့ မြန်မာ့အရေးမှာ သြစတြေးလျ တနိုင်ငံလုံးမှာ ရှိတဲ့ တခြား နိုင်ငံအသီသီးက အသိုင်းအဝိုင်းတွေ စိတ်ပါဝင်စားလာအောင် လုပ်မှ ဖြစ်မယ်လို့ သူ သဘောပေါက်လာခဲ့ပါတယ်။

 Mr Cesar Melhem MP ( Member for Western Metropolitan Region)

ဓာတ်ပုံ ရင်းမြစ်, Sophia Sarkis Facebook

ဓာတ်ပုံ ပုံစာ, မဆိုဖီယာက လွှတ်တော်အမတ် မစ္စတာ ဆီဆာ မဲလ်ဟမ်နဲ့ မြန်မာ့အရေးဆွေးနွေး

အလှမယ်ဝင်ပြိုင်ဖို့ ဆုံးဖြတ်

"ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအကြောင်းတွေချည်း ပြောနေရင် လူတွေက စိတ်ဝင်စားကြတော့မှာမဟုတ်ဘူး၊ ပြောပါများတော့ စိတ်ပျက်လာကြပြီ။ ဒီတော့ နည်းလမ်းရှာပြီး လူတွေရဲ့ စိတ်ဝင်စားမှု ရအောင် ဆွဲဆောင်မယ်"လို့ မဆိုဖီယာ တွေးမိလာတဲ့ အချိန်မှာ သြစတြေးလျနိုင်ငံရဲ့ အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး တစ်ယောက်အနေနဲ့ ပါဝင်ဖို့ ကမ်းလှမ်းတာခံရတယ်လို့ ဆိုပါတယ်။

 ပြိုင်ပွဲဝင်ဖို့ စိတ်ကူးမရှိခဲ့ပေမဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကိုစတေးမယ် ဆိုပြီး ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ မဆိုဖီယာက ပြောပါတယ်။

 မိခင်တစ်ယောက်ဖြစ်လို့ သားသမီးတွေအရေး၊ အိမ်ထောင်တာဝန်နဲ့ အလုပ်အကိုင် ကြားမှာ ဒီလို လွတ်လပ်ခွင့်ကို စတေးရတယ် ဆိုပေမဲ့ အကျဉ်းကျခံနေရသူတွေ၊ လက်နက်ကိုင် တိုက်ပွဲဝင်ရင်း အသက် စတေးသွားကြရသူတွေနဲ့ စာရင် ဘာမှ မပြောပလောက်ဘူးလို့ သူက ခံယူပါတယ်။

 စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်က ပြည်သူတွေ အတိဒုက္ခရောက်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေသူတွေ အများကြီးရှိတာ သိမြင်နေရလို့ ဒီလူတွေအတွက် သာမန် မိန်းမတစ်ယောက် အနေနဲ့ အကူအညီတွေ သွားတောင်းမယ် ဆိုရင် ဘယ်သူကမှ စိတ်ဝင်စားမှာ မဟုတ်ဘူး၊ အလှမယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရင် အချိန်မရွေး ဘယ်သူ့ကိုမဆို ချဉ်းကပ်လို့ ရမယ်၊ အကူအညီတောင်းလို့ ရနိုင်မယ်လို့ မဆိုဖီယာက တွေးပါတယ်။ ဒါကြောင့် သူ ပြိုင်ပွဲဝင်ခဲ့တာလို့ ပြောပါတယ်။

Sophia Sakis

ဓာတ်ပုံ ရင်းမြစ်, Sophia Sakis Facebook

ဓာတ်ပုံ ပုံစာ, သြစတြေးလျ အိမ်ထောင်ရှင် အလှမယ်ဆန်ခါတင်စာရင်းဝင် မဆိုဖီယာဆားကစ်

အလှမယ် ပြိုင်ပွဲဝင်တော့ မြန်မာ့အရေးဘာတွေ ပိုလုပ်နိုင်မလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သြစတြေးလျမှာ ဒီအလှမယ်ပြိုင်ပွဲကို မြန်မာ တစ်ယောက်က ပါဝင်တယ် ဆိုတာကိုက ထူးခြားနေပြီဖြစ်ပြီး သတင်းမီဒီယာတွေကလည်း စိတ်ဝင်တစားရှိကြတယ်လို့ မဆိုဖီယာက ပြောပါတယ်။

 ကိုယ်တောင်းဆိုလိုတဲ့ အကူအညီ ရဖို့ Mrs Universe Australia အနေနဲ့ ချဉ်းကပ်ရင် တဆင့်တက်သွားပြီလို့ မြင်တယ်၊ သူ့ရဲ့ ယုံကြည်ချက် ဦးတည်ချက်ကိုက မြန်မာပြည်ကို တစ်ဖက်တစ်လမ်းကနေ ကူညီကယ်တင်နိုင်ဖို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ကာလအတွင်း သူ့ရဲ့ မောင်ငယ်လို ချစ်ခင်ရတဲ့ ကိုဖြိုးဇေယျာသော် ကြိုးမိန့်ပေးခံလိုက်ရတဲ့ အဖြစ်က မဆိုဖီယာကို စိတ်ထိခိုက် တုန်လှုပ်စေခဲ့ပြန်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ အကျဉ်းသားတွေ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့အဖြစ်က ဘယ်လိုမှလက်ခံနိုင်စရာ မရှိဘူးလို့ သူက ပြောပါတယ်။ ဒီဖြစ်ရပ်က သူ့ရဲ့ မြန်မာနိုင်ငံအတွက် လှုပ်ရှားဆောင်ရွက်မယ် ဆိုတဲ့ စိတ်ကို ပိုမိုပြင်းပြခိုင်မာစေခဲ့ပါတယ်။

ဖမ်းဆီးမိန့် ထုတ်ပြန်ခံရချိန်က ကိုဇေယျာသော်ကို နိုင်ငံကနေ ထွက်လာပြီး သြစတြေးလျကို လာဖို့ ခေါ်ခဲ့ပေမဲ့ သူက “အာဏာသိမ်းတာကို ဆန့်ကျင်ပြီး တိုင်းပြည်ဒီမိုကရေစီ ရတဲ့အချိန်မှာ အစ်မဆီကို ပြန်လာပြီး အစ်မရဲ့ မွေးနေ့မှာ သီချင်းတွေ လာဆိုဦးမယ်၊ အစ်မမောင် အိုကေ”လို့ ပြောခဲ့တဲ့ စကားကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ မဆိုဖီယာက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ်မှာ ဂီတအနုပညာ၊ လူမှုရေး၊ နိုင်ငံရေး ဘက်စုံတော်သူတစ်ယောက် မသေသင့်ဘဲ သေခဲ့ရပြီး ကြိုးမိန့် ပေးခံခဲ့ရတာဟာ လုံးဝ မဖြစ်သင့်ဘူး၊ ကိုဇေယျာသော်အပြင် ကြယ်စင်၊ မြသွဲ့သွဲ့ခိုင်တို့လို လူငယ်တွေ အသက်ပေးခဲ့ရတာ အလဟဿ မဖြစ်စေရဘူးလို့ မဆိုဖီယာက သန္နိဋ္ဌာန် ချထားပြီး ကိုယ်ရည်မှန်းထားတဲ့အတိုင်း မြန်မာနိုင်ငံအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၁ ရက်နေ့မှာ Mrs Universe Australia အလှမယ် သရဖူဆောင်းနိုင်ရင် အပိုဆုဖြစ်မယ်၊ သရဖူမရလည်း ကိုယ်လုပ်နိုင်တာကို ဆက်လုပ်သွားမှာ ဖြစ်တယ်၊ သူ့အတွက်က အလှမယ် သရဖူက အရေးမကြီးဘူး။ နောင်နှစ် ကျင်းပမယ့် နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲ အထိ ဝင်ခွင့်ရမယ် ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ ခံစားချက်တွေကို သူတို့ကိုယ်စား ကိုယ့်ပါးစပ်က ထုတ်ဖော်ပြောနိုင်မယ့် အခွင့်အရေး ရမှာ ဖြစ်တယ်လို့ မဆိုဖီယာက ပြောပါတယ်။

သရဖူ ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာ တယောက်အနေနဲ့ ဝင်ပြိုင်ပြီး မြန်မာတွေ အတွက် သူတို့ခံစားချက်တွေ နစ်နာချက်တွေကို ကိုယ့်ပါးစပ်ကနေ ထုတ်ဖော်ပြောခွင့်ရတာကိုပဲ မဆိုဖီယာ ကျေနပ် ကြည်နူးနေပါတယ်။

မြန်မာ့အရေး ထုတ်ဖော်ကြသူများ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက နိုင်ငံရေး အခြေအနေတွေအကြောင်းကို နိုင်ငံတကာ စင်မြင့်တွေကနေ အလှမယ်တွေ မော်ဒယ်လ်တွေက ဖော်ထုတ်ပြောပြ လာကြပါတယ်။

အဲဒီလို ဖော်ထုတ်ပြောကြသူတွေထဲက ပထမဆုံး အလှမယ်တစ်ဦးဖြစ်တဲ့ အလှမယ်ဟန်လေးကိုတော့ စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ခဲ့ပေမဲ့ သူက ကုလ UNHCR အကူအညီနဲ့ ကနေဒါနိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပြီး မြန်မာ့အရေးကို ဆက်ပြီးလုပ်မယ်လို့ ပြောထားပါတယ်။