ဇူလိုင် ၈ ရက် ဘီဘီစီ နောက်ဆုံးရသတင်းများ - ကျုံအိတ်တံတား ထပ် တိုက်ခိုက်ခံရ၊ တံတားပြင်ဆင်မှုရပ်လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, CJ
မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ ကျုံအိတ်တံတား ဒီကနေ့ ဇူလိုင် ၈ ရက်မှာ ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး တံတားပြင်ဆင်မှုရပ်ထားပြီလို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။ ဇွန်လ ၂၉ ရက်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေချိန် မှာပဲ မနေ့ကရော ဒီကနေ့ပါ ဆက်တိုက် တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
"ဒရုန်းနဲ့ ဗုံးလာချတာဗျ။ သူတို့(စစ်ကောင်စီ)မှာ လုံခြုံရေးမရှိတော့ဘူးထင်ပါတယ်။ တံတားပြန်ဆောက်တာ ရပ်လိုက်ပြီ။ တဖက်တည်းကနေပဲ သွားလာနေကြတယ်။ ၆ နာရီကျော်ရင်လည်း ဘယ်ကားမှ မဖြတ်တော့ဘူး။ တော်လှန်ရေးအင်အားစုတွေက မသွားလာဖို့တားထားတယ်လေ" လို့ ဘီးလင်းဒေသခံ တစ်ဦးကပြောပါတယ်။
ဇွန်လ ၂၉ ရက် မနက်ပိုင်းက ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးခံရတုန်းက တစ်ဦးသေဆုံး၊ အယောက် ၂၀ကျော်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။ဒီကျုံအိတ်တံတားကို ဘေလီတံတားအနေနဲ့ ယာယီပြင်ဆင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားခဲ့တာပါ။
ကျုံအိတ်တံတား ပထမအကြိမ်ဖောက်ခွဲခံရစဉ်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ကလုပ်ဆောင်တာလို့သိခဲ့ရပြီး အခုထပ်မံတိုက်ခိုက်မှုနဲ့ ကျိုက်ထိုက ဖြစ်စဉ်တွေကိုတော့ ဘယ်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားဝင်ထုတ်ပြောလာတာမတွေ့ရသေးပါဘူး။
ဒါပေမဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ စစ်ရေးမြှင့်တင်မယ့်အကြောင်း တော်လှန်ရေးအင်အားစု တောင်ပိုင်းစစ်ဒေသက အခုလအစမှာပဲ ကြေညာခဲ့ပြီး မွန်ပြည်နယ်ထဲက ရန်ကုန်- မုတ္တမ၊ ရန်ကုန် - ဘားအံလမ်းတွေကို ည ၆ နာရီနောက်ပိုင်းအသုံးမပြုဖို့ ထုတ်ပြန်ထားပါတယ်။
ကေအိုင်အေ နဲ့ ပြည်သူ့စစ် တနိုင်းလမ်း မှာ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက တနိုင်းလီဒိုလမ်းမပေါ်မှာရှိတဲ့ ရှဒူးဇွပ်ရွာထဲမှာ ကချင်လွတ်မြောက်ရေးတပ် နဲ့ ဝါရာဇွပ်တိုက်နယ် ဌာနေပြည်သူ့စစ်အဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီကနေ့ မနက် အစောပိုင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲဟာ နာရီနဲ့ချီကြာခဲ့တယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
‘’သူတို့ဘက်က ကျဆုံးသွားတဲ့လူတွေနဲ့ လက်နက်တွေတော့သိမ်းဆည်းရမိတာရှိတယ်" လို့ ဝါရာဇွပ်တိုက်နယ် ဌာနေပြည်သူ့ စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်က ပြောပါတယ်။
အခုလို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း (၁၄)ကို ဘီဘီစီက ဆက်သွယ်ဖို့ကြိုးစားသလို ကေအိုင်အို ဗဟိုသတင်းနဲ့ပြန်ကြားရေးဘက်ကိုလည်း ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ရှဒူးဇွပ်ရွာတွင်းတိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေပျက်စီးခဲ့ပေမဲ့ လူထိခိုက်တာမျိုးတော့မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဝါရာဇွပ် တိုက်နယ် ဌာနေပြည်သူစစ်တွေဟာ ရှဒူဇွပ်ရွာထဲမှာ အခြေချနေထိုင်နေတာဖြစ်ပါတယ်။ ပြည်သူ့စစ်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိပြီး တချို့ဒေသတွေမှာဆိုရင် စစ်ကောင်စီတပ် တွေနဲ့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်လို့လည်း ပြောပါတယ်။
အခုသီတင်းပတ်ထဲမှာပဲ ကချင်ပြည်နယ်ထဲမှာ ဝိုင်းမော်မြို့နယ်က နန်ဆန်ယန်နဲ့ ဆဒုံးဒေသတွေဘက်မှာပါ တိုက်ပွဲတွေဆက်တိုက်ရှိနေပြီး ကေအိုင်အေထိန်းချုပ်နယ်မြေလိုင်ဇာအနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဥ်မှာ မြန်မာ့အရေးဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဟာ သူ့ရဲ့ အင်ဒိုနီးရှားခရီးစဥ်အတွင်း မြန်မာ့အရေးအဓိကထားဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင် ၇ ရက် က သတင်းထုတ်ပြန်ပါတယ်။
ဘလင်ကန်ဟာ လာမယ့်အပတ်ထဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကိုတက်ရောက်ဖို့ရှိနေတာပါ။
မနေ့ဇူလိုင် ၇ ရက် က အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာတာဝန်ရှိသူ ဒန်နီရယ် ခရီတန်ဘရင့်ခ် ကတော့ သမ္မတဂျိုးဘိုင်ဒန် နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ရဲ့ ခရီးစဥ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အပြောအရ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို အာဆီယံမှာကိုယ်စားပြုမှု ချန်လှပ်ထားတာကိုဆက်လုပ်ဖို့ လိုသလို ပြင်းပြင်းထန်ထန်အရေးယူဖို့လည်း အမေရိကန်က မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို ပိုတိုးတဲ့ဖိအားပေးမှုနဲ့ အရေးယူမှုတွေလုပ်ဖို့ ရှိတယ်လို့ ဆိုပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေအားလုံး ရဲ့ ကြိုးပမ်းအားထုတ်မှုကလည်းအဓိကကျတယ်လို့ အရှေ့အာရှဆိုင်ရာတာဝန်ရှိသူက ထည့်ပြောပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကလည်း ထင်ရှားတဲ့ရလဒ်တခုဖြစ်လာမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ အမေရိကန် အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံပြီး အကြမ်းဖက်မှုတွေရပ်ဖို့လည်း မျှော်လင့်ကြောင်းပြောထားပါတယ်။
ဘလင်ကန်ရဲ့ အင်ဒိုခရီးစဥ်အတွင်း အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်ကြားမိတ်ဖက်ဆက်ဆံရေးအပြင် မြန်မာနဲ့ တရုတ်ကိုဖိအားပေးမယ့် တောင်တရုတ်ပင်လယ်ပြင်အရေးကိုလည်းဆွေးနွေးဖို့ရှိတဲ့အကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒိုက်ဦးထောင်က နိုင်ငံရေးအကျဥ်းသားတွေသေဆုံးကြောင်း မိသားစုဝင်တွေဆီ ဆက်တိုက်အကြောင်းကြား

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ဒါဇင်ဝက်ခန့်ကို ထောင်ရွှေ့ပြောင်းမယ်လို့ ဆိုကာ ခေါ်ထုတ်သွားပြီးနောက် ပျောက်ဆုံးနေခဲ့ရာကနေ ဒီရက်ပိုင်းထဲ မိသားစုတွေဆီ သေဆုံးကြောင်း အကြောင်းကြားလာတယ်လို့ နီးစပ်သူတွေဆီက တဆင့် သိရပါတယ်။
မနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပဲခူးခရိုင် ကျောင်းသားများသမဂ္ဂ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင် သေဆုံးကြောင်း မိသားစုကို အကြောင်းကြားခဲ့သလို ဒီကနေ့ ဇူလိုင် ၈ ရက်မှာလည်း နောက်ထပ်နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးသူ သေဆုံးကြောင်း ဆက်သွယ်လာခဲ့တယ်လို့ ပြောပါတယ်။
"သတင်းတွေထွက်နေတာက ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်ခံရတဲ့ ၆ ယောက်မှာ ၅ ယောက်သေပြီလို့ကြားတာ။ ဒါပေမဲ့ မိသားစုဆီ ဆက်သွယ်လာကြောင်း အတည်ပြုနိုင်တာက သူတို့ ၂ ယောက်ပဲရှိပါသေးတယ်။ ကိုဂျာကြီး၊ ကိုဘိုဘိုဝင်း၊ ကိုဇီလောင်းတို့ကတော့ ပျောက်နေတယ်လို့ပဲ သိထားရဆဲပါ" လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသူတွေလို့ သိရပါတယ်။ အဲဒီထဲ သေဆုံးခဲ့သူ ကိုခန့်လင်းနိုင်ကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေသေဆုံးတာနဲ့ပတ်သက်လို့ အကျဉ်းဉီးစီးဌာနကို ဘီဘီစီကိုမေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၇ ရက်အထိ ကျောင်းသားကျောင်းသူ ၁၂၅ ယောက်သေဆုံးခဲ့ပြီး ကျောင်းသား ၇၁၆ ယောက်ဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရဆဲ ကျောင်းသားတွေထဲ ထောင်ဒဏ်ချမှတ်ခံရသူ ၁၃၈ ယောက်ရှိပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ ယောက်လည်း ရှိပါတယ်။
ထိုင်းမှာအလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးဖို့ စာရင်းကောက်ခံတော့မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်းမှာ အလုပ်လုပ်ခွင့်အသိအမှတ်ပြုလက်မှတ် (အရပ်အခေါ် ဘတ်ရိုက်) ဖို့အတွက် လာမယ့် ဇူလိုင် ၁၅ ရက်ကစလို့ လကုန်အထိ စာရင်းသွင်းကာလအဖြစ် ထိုင်းအစိုးရဘက်က သတ်မှတ်ပေးထားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
"ပြီးခဲ့တဲ့နှစ်က အခုလိုဇူလိုင်လမှာပဲ စာရင်းသွင်းခိုင်းတာက တလအချိန်ပေးပါတယ်။ အခုတော့ ၁၅ ရက်ပဲရမှာပါ။ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေကနေပဲဖြစ်စေ စာရင်းသွင်းဖို့ အသိပေးလိုပါတယ်" လို့ ထိုင်းအခြေစိုက် Labour Rights Foundation ကတာဝန်ခံ ဦးဇော်က ပြောပါတယ်။
နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်ပြီး သက်တမ်းကျော်လွန်နေတဲ့သူတွေ၊ အထောက်အထားမရှိတဲ့သူတွေပါ စာရင်းပေးလို့ရမှာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ရဖို့ကုန်ကျစရိတ်ဘယ်လောက်ကုန်ကျမလဲဆိုတာကိုတော့ အတိအကျမသိနိုင်သေးဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားသန်းနဲ့ချီရှိနေပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း MOU သက်တမ်းကုန်ကာ တရားမဝင်အလုပ်သမားဖြစ်သွားသူတွေ၊ တရားမဝင် ဝင်ရောက်လာပြီး လာရောက်အလုပ်လုပ်ကိုင်တဲ့သူ သိန်းနဲ့ချီရှိလာတာလည်း ဖြစ်ပါတယ်။ အခုလို ထိုင်းအစိုးရဘက်က ခွင့်ပြုပေးတာဟာ အလုပ်သမားတွေအတွက် ပိုပြီးအဆင်ပြေလာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ ၇ လအတွင်း စစ်ကောင်စီ နဲ့ NUG ဘက်သက်ဆိုင်သူတွေနဲ့ တွေ့ခဲ့တယ်လို့ အင်ဒိုပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ မြန်မာအကျပ်အတည်းဖြေရှင်းဖို့ ပြီးခဲ့တဲ့ ၇ လအတွင်း စစ်တပ်နဲ့ NUG အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအရသက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်သွယ်မှု အကြိမ် ၁၀၀ကျော်လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တီနိုမာဆူဒီ ကပြောပါတယ်။
'' ပြီးခဲ့တဲ့ ၇ လအတွင်းမှာ သက်ဆိုင်သူအားလုံး စေ့စပ်ညှိနှိုင်းဖို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ ဖြစ်စေ၊ အွန်လိုင်းကတဆင့် အကြိမ် ၁၁၀ အထိ ထိတွေ့ဆက်သွယ်တိုက်တွန်းပြောခဲ့ပါတယ် ” လို့ ဆိုပါတယ်။
မာဆူဒီ ရဲ့ အပြောအရဆိုရင် သူတို့တွေ့ဆုံတဲ့အထဲ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ခံထားတဲ့သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ က သက်ဆိုင်သူတွေကို အကြိမ်ရေအနည်းငယ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်သူအားလုံးပါတဲ့ အမျိုးသားရေးအဆင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ တိုက်တွန်းတယ်လို့ မနေ့ ဇူလိုင် ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ဒါပေမဲ့ အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌဖြစ်ပြီးနောက် မှာ အလားတူတိုက်တွန်းမှုကို မကြာခဏပြောခဲ့ပြီးဖြစ်ပါတယ်။
“ထိတွေ့ဆက်ဆံမှုဆိုတာ ပန်းတိုင်မဟုတ်ပေမဲ့ ရှည်ကြာတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကိုသွားတာကနည်းလမ်းကောင်းတစ်ခု” လို့ မာဆူဒီက မှတ်ချက်ပြုပါတယ်။
မတူကွဲပြားမှုတွေရှိနေတဲ့ ဘက်အသီးသီးအနေနဲ့ ကနဦး မှာ စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဖို့လိုပြီး ယုံကြည်မှုတည်ဆောက်နိုင်မှာ ကွဲလွဲမှုတွေကို လျော့ပါးကျဥ်းမြောင်းစေမယ်လို့ ဝန်ကြီးမာဆူဒီ က ဆိုပါတယ်။ ဒါကပဲ အင်အားသုံးအကြမ်းဖက်မှုတွေကို လျော့ပါးနိုင်တဲ့ အဓိကအချက်ဖြစ်စေတယ်လို့ ဆက်ပြောပါတယ်။
ခင်ဦး၊ မြကန်ရွာမှာ ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အပိုင် မြကန်ရွာမှာ မနေ့ ဇူလိုင် ၇ ရက်မနက်ပိုင်းတုန်းက အမျိုးသား ၂ ယောက် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁ ယောက်ကို မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းအနေနဲ့ ပြန်တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြကန်ကျေးရွာဟာ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အဖွဲ့ဝင်တွေ စခန်းချရာ ရွာသစ်ကုန်းရွာရဲ့ အရှေ့တောင်ဘက်မှာတည်ရှိပြီး မနေ့မနက်ပိုင်းမှာ ရွာထဲဝင်ရောက်လာခဲ့ကာ နေအိမ် ၂ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းမှာတော့ အင်းပတ်ရွာနဲ့ ချမ်းသာကုန်းရွာတဝိုက်မှာ စစ်ကောင်စီတပ်တွေကို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
"အခုတောင် တဒုန်းဒုန်းနဲ့ ထုနေလို့၊ ကျွန်တော်တို့ပြေးရဦးမယ်" လို့ ခင်ဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ခင်ဦးမြို့နယ်အနောက်ခြမ်းဘက်ကို အခုဇူလိုင်လ အစထဲက ရေဦး - ညောင်ပင်သာ ကားလမ်းဘေးမှာရှိတဲ့ အင်းပတ်ကွေးစျေးတန်းမှာ အထိုင်ချတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရွာသစ်ကုန်းရွာ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး အနီးက ကျေးရွာတွေထဲကို နေ့စဉ်လိုလို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ မကြာခဏစစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ခင်ဦးဘက်ကအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ပြင်သစ်ဘဏ် ၅ ခု ရဲ့ ရင်းနှီးမြှပ်နှံမှု စစ်အုပ်စုကိုအထောက်အကူဖြစ်နေတယ် လို့ ဝေဖန်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြင်သစ်ဘဏ် ၅ ခု နဲ့ ပင်စင်ရန်ပုံငွေ အဖွဲ့အစည်းတစ်ခု ဟာ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဆောင်နေတာကို လက်ခံ နိုင်ဖွယ်မရှိဘူး လို့ လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Info Birmanie၊ BankTrack နဲ့ Justice for Myanmar တို့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၆ ဘီလျံ ပမာဏ ကို ပြင်သစ်ဘဏ်တွေဖြစ်တဲ့ Crédit Agricole၊ La Banque Postale၊ BPCE Group၊ BNP Paribas၊ Société Générale နဲ့ Fonds de Réserve တို့က ရင်းနှီးမြှုပ်နှံထားကြပြီး ရင်းနှီးမြှုပ်နှံမှု ရဲ့ ၇၅ ရာခိုင်နှုန်းက ရုပ်ကြွင်းလောင်စာ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတာလို့ ဖော်ထုတ်ထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ စစ်အုပ်စုရဲ့ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင် ပေးတဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍ က ကုမ္ပဏီတွေမှာလည်း ရင်းနှီး မြှပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြင်သစ်ဘဏ် ၅ ခု မှာ Credit Agricole က အမေရိကန်ဒေါ်လာ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပိုင်ဆိုင်ထားတယ် လို့ အစီရင်ခံစာက ဖော်ထုတ်ထားပါတယ်။
‘’အဲ့ဒီဘဏ်တွေအနေနဲ့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတာမျိုးမဖြစ်အောင် အခုချက်ချင်း အရေးယူဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ပြင်သစ်အနေနဲ့ အိန္ဒိယနိုင်ငံ အပါအဝင် မြန်မာစစ်အုပ်စုဆီ လက်နက်စီးဝင် ရောက်ရှိမှုကို တားဆီးဖို့ ခိုင်ခိုင်မာမာရပ်တည်ဖို့၊ စစ်အုပ်စုဆီ ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဋ္ဌာန်း နိုင်ရေး တွန်းအားပေးလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဒီဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ဖော်ထုတ်ခဲ့ပေမယ့် မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီ ၂၂ ခု မှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေတယ် လို့ Justice For Myanmar နဲ့ BankTrack တို့က ဆိုပါတယ်။
Crédit Agricole ဟာ ၂၀၂၁ ခုနှစ် ကတည်းက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) မှာ ရင်းနှီးမြှုပ်နှံထားတယ် လို့ ဖော်ပြထားပါတယ်။
ဒီတွေ့ရှိချက်တွေကို ပြင်သစ်-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ပဲရစ်မြို့ကို အိန္ဒိယ၀န်ကြီးချုပ် မိုဒီ သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။








