၂၀၂၂ ကမ္ဘာ့ဖလား - နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလားမှာ ဘာတွေ ဖြစ်လာနိုင်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာတာကမ္ဘာ့ဖလားမှာ ဘာတွေ မျှော်လင့်နိုင်မလဲ။ အရင်ပြိုင်ပွဲတွေက ဘာတွေ ပြောနေသလဲ
ဒီနှစ် ကမ္ဘာ့ဖလားက ပိုပြီး ခက်ခဲသလား။ ရှုံးထွက်နဲ့ တက်လာကြတဲ့ အသင်းတွေမှာ မျှော်လင့်ချက် ရှိသလား။ အာရှမှာ ကျင်းပတဲ့ ပြိုင်ပွဲက တချို့ အသင်းတွေကို ပိုအကျိုးရှိစေမလား။
ဒီအချက်တွေ အပါအဝင် တခြားအချက်အလက်တွေကို အခြေခံပြီး အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းတွေ အခြေအနေကောင်းနိုင်မလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။
ဒီကမ္ဘာ့ဖလားလိုပဲ အရင်ကျင်းပခဲ့ပြီးသား ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်မှာတော့ အသင်းပေါင်း ၃၂ သင်းကို ၈ အုပ်စုခွဲပြီး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီပြိုင်ပွဲတွေ အတွင်း ကစားခဲ့ကြတဲ့ ပွဲပေါင်း ၃၈၄ ပွဲကိုလေ့လာကြည့်ပါတယ်။
၁၉၉၈ ကနေ ၂၀၁၈ အထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ၆ ကြိမ်ကို လေ့လာသုံးသပ်ထား တာတွေကို ဆက်လက်ဖတ်ရှုကြည့်ကြပါ။
ပြီးခဲ့တဲ့ ဥရောပတိုက်မှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲ ၃ ခုစလုံးမှာတော့ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ကို ဥရောပအသင်း ၁၀ သင်း တက်လာတာကို တွေ့ရပါတယ်။ ဥရောပ ပြင်ပမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတော့ အဲဒီ အရေအတွက်ထက် နည်းသွားတာကို တွေ့ရပြီး ပျမ်းမျှအားဖြင့် ၇ သင်းသာ တက်နိုင်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ ဥရောပအသင်းတွေက ၅ ကြိမ် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ၁၉၉၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့လို့ ခြေစစ်ပွဲ ဝင်စရာ မလိုခဲ့တဲ့ ပြင်သစ်ကလွဲလို့ ကျန်အသင်းတွေဟာ ခြေစစ်ပွဲတွေမှာလည်း ခြေစွမ်းတွေ ပြနိုင်ခဲ့ကြပါတယ်။
ကျန် ချန်ပီယံ ၄ သင်းဖြစ်ကြတဲ့ ၂၀၀၆ ချန်ပီယံ အီတလီ၊ ၂၀၁၀ ချန်ပီယံ စပိန်၊ ၂၀၁၄ ချန်ပီယံ ဂျာမနီနဲ့ ၂၀၁၈ ချန်ပီယံ ပြင်သစ်တို့ဟာ ခြေစစ်ပွဲတွေ အတွင်း လုံးဝ ရှုံးပွဲ မရှိတာတို့၊ ခြေစစ်ပွဲ ၁၀ ပွဲကစားရာမှာ ၁ ပွဲ ရှုံးခဲ့တာတို့လို ခြေစွမ်းမျိုးတွေ ပြနိုင်ခဲ့ကြပါတယ်။ နိုင်ပွဲ ရရှိမှုကလည်း ၈၀ ရာခိုင်နှုန်းနဲ့ အထက်ချည်းပဲ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေအတွင်းမှာလည်း ဥရောပ အသင်းတွေဟာ အဲဒီ ၈၀ ရာခိုင်နှုန်းကို ပြည့်မီခဲ့ကြတာ တွေ့ရပါတယ်။ ဒိန်းမတ်က ၉၅ ရာခိုင်နှုန်း၊ အင်္ဂလန်နဲ့ ဂျာမနီက ၉၀ ရာခိုင်နှုန်း၊ ဆာဗီးယားနဲ့ ဘဲလ်ဂျီယံက ၈၇.၅ ရာခိုင်နှုန်း၊ စပိန်၊ ဆွဇ်ဇာလာနဲ့ ပြင်သစ်က ၈၁.၃ ရာခိုင်နှုန်း၊ ခရိုအေးရှားနဲ့ နယ်သာလန်က ၈၀ ရာခိုင်နှုန်း ရရှိခဲ့ကြတာ တွေ့ရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ကြည့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လောက် အကြိတ်အနယ် ပြိုင်ကြရမလဲ ဆိုတာကို မှန်းဆလေ့ရှိကြပါတယ်။ အရင် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြည့်ရအောင်ပါ။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖီဖာရဲ့ တိုက်ကြီးများအလိုက် ပါ၀င်ယှဉ်ပြိုင်နိုင်တဲ့ အသင်းအရေအတွက် သတ်မှတ်ချက်ကြောင့် တချို့ ပြိုင်ပွဲဝင်ခွင့်မရတဲ့ အသင်းတွေရဲ့ ကမ္ဘာ့အဆင့်က ပြိုင်ပွဲဝင် အသင်းတွေထက် ပိုမြင့်မားကြပါတယ်။
ဒီတကြိမ် ပြိုင်ပွဲမှာ မပါတဲ့ အသင်းတွေထဲမှာ အဆင့်အမြင့်ဆုံးကတော့ ကမ္ဘာ့အဆင့် (၆) အီတလီ အသင်း ဖြစ်ပါတယ်။ တကယ်လို့ သာ ပြိုင်ပွဲဝင်ခွင့်ကို နေရာနဲ့ မသတ်မှတ်ဘဲ ကမ္ဘာ့အဆင့်နဲ့ ဆုံးဖြတ်ခဲ့ရင် ကိုလံဘီယာ (၁၇)၊ ပီရူး (၂၃)၊ ဆွီဒင် (၂၅)၊ ယူကရိန်း (၂၇)၊ ချီလီ (၂၉)နဲ့ နိုင်ဂျီးရီးယား (၃၂)တို့လည်း ဒီကာတာ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရကြမှာပါ။
အခုပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် မမြင့်မားတဲ့ အသင်း ၇ သင်း ပါဝင် ယှဉ်ပြိုင်ကြမှာကို ကြည့်ပြီး ဒါကို များတယ်လို့ ထင်မိကြမှာပါ။ တကယ်တော့ ဒါဟာ ၃၂ သင်း ပြိုင်ပွဲတွေ စတင်ကျင်းပပြီး ကတည်းက အနည်းဆုံး အရေအတွက် ဖြစ်ပါတယ်။ တချို့ ပြိုင်ပွဲတွေမှာဆိုရင် ကမ္ဘာ့ထိပ်ဆုံး ၃၂ သင်း ထဲမှာ မပါတဲ့ အသင်း ၁၁ သင်းအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာတောင် ရှိပါတယ်။
ဆိုတော့ ဒီတကြိမ်ပြိုင်ပွဲက တော်တော် အကြိတ်အနယ် ဖြစ်နိုင်ပါတယ်။
နောက်ပြီး အင်္ဂလန်နဲ့ ဝေလ အသင်းတွေပါတဲ့ အုပ်စုဟာ ကာတာ ပြိုင်ပွဲမှာ အကြပ်ဆုံးလို့ သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။ သူတို့ အုပ်စုက အသင်းတွေဟာ အောက်တိုဘာလ ၃၀ ရက် နေ့မတိုင်ခင်အထိ ကမ္ဘာ့ထိပ်ဆုံး အသင်း ၂၀ ထဲ ၀င်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုများနဲ့ ကမ္ဘာ့အဆင့် (အောက်တိုဘာ ၃၀ ရက်နေ့အထိ)
အေ - နယ်သာလန် (၈) ၊ ဆီနီဂေါလ် (၁၈) ၊ အီကွေဒေါ(၄၄) ၊ ကာတာ(၅၀)
ဘီ - အင်္ဂလန် (၅) ၊ အမေရိကန်ပြည်ထောင်စု (၁၆) ၊ ဝေလ (၁၉) ၊ အီရန် (၂၀)
စီ -အာဂျင်တီးနား (၃) ၊ မက္ကဆီကို (၁၃) ၊ ပိုလန် (၂၆) ၊ ဆော်ဒီအာရေဗျ (၅၁)
ဒီ - ပြင်သစ် (၄) ၊ ဒိန်းမတ် (၁၀) ၊ တူနီးရှား (၃၀) ၊ သြစတေးလျ (၃၈)
အီး - စပိန် (၇) ၊ ဂျာမနီ (၁၁) ၊ ဂျပန် (၂၄) ၊ ကော်စတာရီကာ (၃၁)
အက်ဖ် - ဘဲလ်ဂျီယံ (၂) ၊ ခရိုအေးရှား (၁၂) ၊ မော်ရိုကို(၂၂) ၊ ကနေဒါ (၄၁)
ဂျီ - ဘရာဇီး (၁) ၊ ဆွစ်ဇာလန် (၁၅) ၊ ဆားဘီးယား (၂၁) ၊ ကင်မရွန်း (၄၃)
အိတ်ချ် - ပေါ်တူဂီ (၉) ၊ ပါရာဂွေး (၁၄) ၊ တောင်ကိုရီးယား (၂၈) ၊ ဂါနာ(၆၁)
ဝေလ အသင်းဟာ ပြိုင်ပွဲကြီး တခုမှာ ၆၄ နှစ်အကြာမှ တကြော့ပြန် ပေါ်လာတာ ဖြစ်ပါတယ်။ ဥရောပဇုန်က ခြေစစ်ပွဲတွေအပြီး ရှုံးထွက် အဆင့်ကန်ပြီး ပိုလန်၊ ပေါ်တူဂီ အသင်းတွေနဲ့ အတူ တက်လာတာ ဖြစ်ပါတယ်။
လွယ်လွယ်ပြောရင် ကမ္ဘာ့ဖလားကို နောက်ဖေးပေါက်က ဝင်လာတာလို့ ဆိုနိုင်ပေမယ့် မကြာသေးတဲ့ အတိတ်မှာ အဲဒီလို နောက်ဖေးပေါက်က တက်လာတဲ့ အသင်းတွေထဲက ခြေစွမ်း ပြသွားတာတွေလည်း ရှိပါတယ်။
ဥရောပ အသင်းတွေထဲမှာကို ကြည့်ရင်ပဲ ရှုံးထွက်ကန်ပြီးမှ ပြိုင်ပွဲဝင်ခွင့်ရလာတဲ့ အသင်းတွေထဲက ၆၇ ရာခိုင်နှုန်းက ကမ္ဘာ့ဖလားမှာ အုပ်စုကျွတ်ပြီး ရှုံးထွက် အဆင့်ကို ကန်ရပေမယ့် ခြေစစ်ပွဲအောင်ပြီး တိုက်ရိုက် ဝင်ခွင့်ရတဲ့ အသင်းတွေထဲက ၅၇ ရာခိုင်နှုန်းပဲ တက်နိုင်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၆ ကြိမ်ထဲက ၂ ကြိမ်မှာလဲ အဲဒီလို ရှုံးထွက်ကန်ပြီးတက်လာတဲ့ အသင်းတွေကို တွေ့ရပါတယ်။ ၂၀၀၂ က ဂျာမနီနဲ့ ၂၀၁၈ က ခရိုအေးရှား အသင်းတွေ ဖြစ်ကြပါတယ်။ နောက်ပြီး ၁၉၉၈ မှာ ခရိုအေးရှားနဲ့ ၂၀၀၂ မှာ တူရကီ အသင်းတွေ နောက်ဆုံး ၄ သင်းထဲ ဝင်ခဲ့ကြသလို ကွာတားဖိုင်နယ် တက်နိုင်တဲ့ အသင်း ၃ သင်းလည်း ရှိပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, CHRIS BRUNSKILL/FANTASISTA
၁၉၉၀ ပြိုင်ပွဲကစပြီး လက်ရှိကမ္ဘာ့ဖလား ချန်ပီယံတွေဟာ ပြိုင်ပွဲ ၅ ခုမှာ ရှုံးထွက်အဆင့် တကြိမ်သာ နိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က ဘရာဇီးက ဂါနာကို နိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ၁၉၆၂ ကစပြီး ပြိုင်ပွဲ ၁၄ ကြိမ်မှာ တကြိမ်တခါမှ ဖလားကို ဆက်ထိန်းထားနိုင်ခဲ့တာမျိုး မရှိပါဘူး။ လက်ရှိချန်ပီယံ အသင်းတွေထဲက ကွာတားဖိုင်နယ် အဆင့်ကို ဖြတ်နိုင်တာ ၂ သင်းသာ ရှိခဲ့ပါတယ်။
ဖလားရှင် အသင်းတွေဟာ များသောအားဖြင့် အုပ်စုပထမပွဲမှာတင် ဒုက္ခကြုံကြရတာကိုလည်း တွေ့ကြရပါတယ်။ ၁၉၇၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အဲဒီတုန်းက လက်ရှိချန်ပီယံ အင်္ဂလန်အသင်း အဖွင့်ပွဲစဉ်အဖြစ် ရိုးမေးနီးယားကို နိုင်ခဲ့ပြီးနောက်ပိုင်း ဖလားရှင်တွေ အနိုင်နဲ့ ပွဲဦးထွက်နိုင်ခဲ့တာ ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲ တွေမှာ ဖလားရခဲ့တဲ့ လက်ရှိချန်ပီယံ ၅ သင်းထဲက ၄ သင်းဟာ အုပ်စုမကျွတ်ခဲ့ကြတာလည်း တွေ့ရပါတယ်။
ဒါ ဘာကြောင့်ပါလဲ၊ တကယ်တော့ ၄ နှစ်ဆိုတာက ဘောလုံးလောကမှာတော့ ကြာလွန်းလှပါတယ်။ ဗိုလ်လုပွဲ အနိုင်ရခဲ့တဲ့အသင်း တသင်းရဲ့ ပွဲထွက် ကစားသမားတွေထဲက နောက်တကြိမ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ ကန်ခွင့်ရတဲ့ အရေအတွက်ဟာလည်း ပျမ်းမျှ ၅၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆ ချန်ပီယံ အီတလီအသင်းဆိုရင် ၂၀၁၀ ကမ္ဘာ့ဖလားမှာ အုပ်စုအဖွင့်ပွဲ အဖြစ် ပါရာဂွေးနဲ့ သရေကျခဲ့တဲ့ ပွဲမှာ ၂၀၀၆ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ကစားခဲ့တဲ့ ဘောလုံးသမား ၃ ယောက်သာ ဝင်ကစားနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဆင့်နိမ့်တဲ့ အသင်းတွေ ဒုက္ခပေးတတ်သလား
ကမ္ဘာ့ဖလား အုပ်စုတွေမှာ အဆင့်အမြင့်ဆုံး အသင်း ၂ သင်းသာ အုပ်စုကျွတ်မယ်လို့ ထင်ထားရင်တော့ မှားမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်မှာ ၆ သင်းဟာ အုပ်စုအသီးသီးမှာ ကမ္ဘာ့အဆင့်အားဖြင့် တတိယနဲ့ စတုတ္ထတွေထဲက ဖြစ်ကြပါတယ်။ ဒီလို မမျှော်လင့်ထားတဲ့ အသင်းမျိုးတွေ တက်လာတဲ့နှုန်းဟာ ၃၂ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၆ ကြိမ်မှာ ရှုံးထွက်အဆင့်မှာ အဆင့်နိမ့်တဲ့ အသင်းတွေက နိုင်သွားတာမျိုးက ၃၄ ရာခိုင်နှုန်း အထိ ရှိပါတယ်။

ပြီးခဲ့တဲ့ ပြိုင်ပွဲကြီးတွေထဲက ၄ ကြိမ်မှာ မထင်မှတ်ထားဘဲ အသင်းကြီးတွေ အရေးနိမ့်ခဲ့ပါတယ်။ အဲဒီ မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ခဲ့တဲ့ ပွဲကြီး ၄ ပွဲထဲက ၃ ပွဲဟာ အိမ်ရှင်အသင်းတွေရဲ့ လက်ချက် ဖြစ်ပါတယ်။ ၂ ကြိမ်က ပင်နယ်တီ အဆုံးအဖြတ် ဖြစ်ပြီး တကြိမ်ကတော့ ရွှေဂိုးနဲ့ ဖြစ်ပါတယ်။
လာမယ့် သီတင်း ၅ ပတ်မှာ ဘာတွေ ဖြစ်လာမလဲ၊ ဘာတွေကို မြင်လာရမလဲ။ အသင်းကြီးတွေ မထင်မှတ်ဘဲ ရှုံးနိမ့်တာ မြင်လာရမလား၊ ဇာတ်ရှုပ်တွေ ကြားရမလား၊ ငြင်းစရာ ခုံစရာ တပုံတပင်နဲ့ စောင့်မျှော်ကြရအောင်ပါ။








