လူ ၃၀ ကျော် ပျောက်ဆုံးတဲ့ဖားကန့်မြေပြိုမှု ဘယ်လိုဖြစ်ခဲ့လဲ

မြေပြိုကျမှုဖြစ်အပြီး ကူညီကယ်ဆယ်ရေးအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, TARLIN MG

ဓာတ်ပုံ ပုံစာ, မြေပြိုကျမှုဖြစ်အပြီး ကူညီကယ်ဆယ်ရေးအခြေအနေ
    • ရေးသားသူ, ဇေယျာထွန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

‘‘အကုန်လုံးတက်၊ အကုန်လုံးအပေါ်တက်ကြ။ လုပ်ကြ၊ လုပ်ကြ။ ဟိုဘက်က ကောင်တွေ ပါသွားပြီထင်တယ်။ လူတွေပါကုန်ပြီ။ နှစ်ယောက်မကဘူး။ ဟိုးဘက် ကမ်းပါးကလူတွေ’’ ဆိုတဲ့အသံတွေက လှိုင်းရိုက်သံ တဝုန်းဝုန်းနဲ့အတူ ဖားကန့်က ရေမဆေးကျောက်ရှာသူတွေ အချင်းချင်း သတိပေးနေကြတဲ့ အသံတွေပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက မန ကျေးရွာထဲမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပုံတစ်ခု တနင်္ဂနွေနေ့က ထုနဲ့ထည်နဲ့ ပြိုကျချိန်မှာ ကျောက်တူးနေကြသူ အချင်းချင်း သတိပေးနေကြတာဖြစ်ပါတယ်။

မြေစာမြေထုဟာ အောက်မှာရှိတဲ့ စွန့်ပစ်ရေနဲ့ မိုးရေတွေစုနေတဲ့ ပေရာချီနက်တဲ့ ကန်ကြီးထဲကို ရုတ်တရက် ပြိုကျခဲ့တာကြောင့် ရေထဲကရေတွေ လှိုင်းခတ်ပြီး ဘေးနားက မြေစာတွေဆီ ရိုက်ခတ်သွားခဲ့ပါတယ်။

ရုတ်တရက် ဒီဖြစ်ရပ်ဆိုးကြောင့် နောက်ဆက်တွဲ ဝမ်းနည်းစရာဖြစ်ရပ်ကတော့ ကန်ဘေး တစ်ဖက်စီမှာ ကျောက်ရှာနေကြတဲ့ ရေမဆေးကျောက်ရှာဖွေသူ ဆယ်နဲ့ချီပြီး လှိုင်းနဲ့အပုတ်ခံရလို့ ရွှံ့ရေတွေနဲ့အတူ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ဖားကန့် အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပေမဲ့ တနင်္လာနေ့ ညနေပိုင်းအထိ ရေထဲကနေ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ မတွေ့ရသေးသလို သေဆုံးရုပ်အလောင်းလည်း မတွေ့ရသေးပါဘူး။

ကန်ရေနဲ့အတူ ပျောက်ဆုံးနေသူ ၃၆ ဦးထက် မနည်းရှိတယ်လို့ သိရပြီး ပျောက်ဆုံးတာ ၂၄ နာရီကြာလာပြီ ဖြစ်လို့ ဒီလူတွေကို သေဆုံးပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားပါတယ်။

‘‘အလောင်းတွေကတော့ တစ်လောင်းမှ ဆယ်လို့ မရသေးဘူး။ ရေငုပ် ရှာဖွေမယ်ဆိုတော့လည်း မရဘူး။ ဘာကြောင့်လဲဆိုရင် မြေစာတွေက ဒီနေ့အထိ နည်းနည်းချင်း နည်းနည်းချင်း အိကျနေတယ်။ လှေတွေ ချိတ်တွေနဲ့တော့ အလောင်းတွေ ချိတ်မိမလားဆိုပြီး ရှာနေတယ်။ ဒါပေမဲ့ မြေပြိုကျနိုင်တဲ့အန္တရာယ်လည်း ရှိလို့ ကယ်ဆယ်ရေး ခရီးမ‌ပေါက်ဘူး’’ လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မြေပြင်အခြေအနေသိရှိသူတွေရဲ့ အပြောအရဆိုရင် ပြိုကျသွားတဲ့ ဖို့မြေ (မြေစာပုံ) အောက်မှာ ကျောက်ကြောခုံရှိနေတာကြောင့် လက်ကျင်းသမားတွေက လိုဏ်သဖွယ်ဖောက်ပြီး ကျင်းတူးနေကြချိန်မှာ အပေါ်က မြေအလေးချိန်များနေတာ၊ တူးထားတဲ့မြေမှာ ရေစိမ့်ပေါက်တွေရှိနေတာနဲ့ မိုးများပြီး မြေလေးတာတွေကြောင့် အခုလိုဖြစ်ခဲ့တာလို့သိရပါတယ်။

ပြိုကျသွားတဲ့မြေထုရဲ့အရှိန်ကြောင့် ပေါ်လာတဲ့ လှိုင်းလုံးကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ပြိုကျသွားတဲ့မြေထုရဲ့အရှိန်ကြောင့် ပေါ်လာတဲ့ လှိုင်းလုံးကြီးတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြေစာပုံ ထုလိုက်ပြိုကျမှုအပြီး အောက်မှာရှိတဲ့ရေစုကန်ထဲက ရေလှိုင်းလုံးကြီးတွေ တစ်ဖက်ကမ်းကို ရိုက်ခတ်ချိန်ကို ရိုက်ကူးထားတဲ့ရုပ်သံဖိုင်မှာတော့ ကျောက်တူးနေတဲ့လူတွေထဲက လူ ၃၊ ၄ ဦးထက်မနည်း ဟာ ပေ နှစ်ထောင်လောက်ရှည်တဲ့ ကန်ရေပြင်မှာ ကူးခတ်နေတာတွေ့ရပါတယ်။

အဲဒီထဲမှာ ရွှေဘိုဇာတိ အသက် ၂၆ နှစ်အရွယ် လူငယ် ကိုကျော်ကျော် (နာမည်လွှဲ) လည်း ပါဝင်ပါတယ်။

‘‘ရေပေါ် ပေါ်လာပြီး ကူးခတ်တဲ့ လေးယောက်ထဲကမှ ကိုယ့်ညီလည်း ပါသွားခဲ့တာ။ သူလည်း တတ်နိုင်သလောက်တော့ ကူးတာပဲ။ ဒီဘက်ကလည်း ပိုက်တွေ၊ ပုံးတွေ ပေးကြတာပေါ့။ ဒါပေမဲ့ လက်ပန်းကျပြီး မြုပ်သွားတာ’’ လို့ ကိုကျော်ကျော်ရဲ့ဝမ်းကွဲအကိုဖြစ်သူက ပြန်ပြောင်းပြောပါတယ်။

တစ်ဖက်မှာလည်း အလောင်းတွေကို ပြန်ရှာမတွေ့သေးပေမဲ့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေရဲ့ ဆန္ဒကြောင့် ရှာဖွေရေးတွေ ဆက်လုပ်နေတာလို့ အကူအညီပေးသူတွေက ပြောပါတယ်။

မြေစာပုံပြိုကျခဲ့တဲ့ ကန်ဘေးတစ်လျှောက်မှာ စေတနာ့ဝန်ထမ်းအကူအညီပေးသူ အယောက် ၁၀၀ နီးပါးက ကူညီရေးတွေ ဆက်လုပ်နေတာပါ။

‘‘လောလောဆယ်တော့ မိသားစုတွေရဲ့ဆန္ဒအရ အလောင်းရှာတာပေါ့။ ပါသွားတဲ့ မိသားစုဝင်တွေရဲ့ကိုယ်စား ရပ်မိရပ်ဖတွေက အသင်းအဖွဲ့တွေကို အကူအညီတောင်းတာပေါ့။ အစိုးရဌာနတွေက ဘာမှ ပူးပေါင်းတာမရှိဘူး။ ဒေသခံ ကူညီကယ်ဆယ်ရေးတွေက ကိုယ့်အသိစိတ်နဲ့ လုပ်နေကြတာ’’လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပြပါတယ်။

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေမှာ လုပ်ခွင့်ရကုမ္ပဏီတွေက မိုးကာလ တူးဖော်တာတွေရပ်နားထားချိန် အခုဖြစ်ရပ် ပေါ်လာတာလည်းဖြစ်ပါတယ်။

မြေထုပြိုကျခဲ့တဲ့နေရာကနေ ရေတွေ စိမ့်ထွက်နေသေးတာကြောင့် မြေပြိုမှု ထပ်ဖြစ်မှာကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, TARLIN MG

ဓာတ်ပုံ ပုံစာ, မြေထုပြိုကျခဲ့တဲ့နေရာကနေ ရေတွေ စိမ့်ထွက်နေသေးတာကြောင့် မြေပြိုမှု ထပ်ဖြစ်မှာကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စိုးရိမ်နေ

ဒေသတွင်း သတင်းတွေမှာတော့ မြေပြိုကျတဲ့နေရာဟာ ကျောက်စိမ်းတောင်ကုမ္ပဏီ လုပ်ကွက် တူးဖော်တဲ့နေရာဖြစ်ပြီး ရေကန်ဖြစ်နေတဲ့နေရာဟာ အရင်က ကျောက်စိမ်းသစ်ရွက်၊ အောင်မင်းဟိန်းနဲ့ ရာဇဌာနီ ကုမ္ပဏီလုပ်ကွက်တွေ တူးဖော်ခဲ့ကြတဲ့နေရာတွေလို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုလို မိုးကာလမှာတော့ သြဇာအာဏာရှိသူတွေက နာမည်တပ်ထားတာမျိုးမရှိဘဲ ကုမ္ပဏီလို့ နာမည်ခံကာ လက်ကျင်းကျောက်တူးတာ၊ ရွှေမျောတိုက်တာနဲ့ အပြင်က လူတွေကို အစုယူ တူးဖော် ခိုင်းတာတွေရှိတယ်လို့ မြေပြင်အခြေအနေသိသူက ဘီဘီစီကိုပြောပါတယ်။

ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေနဲ့ ဒီဖြစ်ရပ်ဆိုးမှာ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေကတော့ ‘‘ဘယ်လိုပုံစံနဲ့တူးနေကြတာလဲဆိုရင် နားလည်မှုနဲ့တူးနေကြတာ’’လို့ဆိုပြီး ဘီဘီစီရဲ့မေးမြန်းမှုကို ပြန်လည်တုံ့ပြန်ဖြေကြားကြပါတယ်။

ဖားကန့်မှာ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှုဖြစ်ရပ်တွေ မကြာခဏဖြစ်လေ့ရှိပြီး အခုလ အစောပိုင်းတုန်းကလည်း ဖားကန့်က မှော်စီစာကျေးရွာမှာ လုပ်ကွက်တူးဖော်ထားတဲ့ ရေကန်ထဲကို မြေပြိုကျတာကြောင့် ကမ်းစပ်မှာရေချိုးနေတဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၂ ဦး ရေလှိုင်းရိုက်ပုတ်ခံရပြီးနောက် ရေနစ်သေဆုံးခဲ့ပါတယ်။

‘‘အခုဖြစ်ရပ်မှာ ပျောက်နေသူတွေဆိုပြီး ရပ်မိရပ်ဖတွေကို စာရင်းလာပေးထားတာ ၃၆ ယောက်ရှိတယ်။ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ တစ်ရက်နဲ့တစ်ရက် လူတွေက ကျပ်တည်းလာကြတော့ အသက်ကိုလည်း ပဓာနမထားဘဲ လုပ်စားကြရတာ’’ လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။