အမေရိကန်-တောင်ကိုရီးယား နျူသဘောတူညီမှုက ပိုအန္တရာယ်များစေတယ်လို့ ကင်ဂျုံအွန်း ညီမ သတိပေး-ဧပြီ ၂၉ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တောင်ကိုရီးယားနဲ့ အမေရိကန်အကြားက သဘောတူညီချက်က ပိုမို အန္တရာယ်များစေမယ် ဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ သြဇာကြီးတဲ့ ညီမက သတိပေးလိုက် ပါတယ်။

ကင်ယိုဂျုံက မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်က ပိုပြီးပြည့်စုံဖို့ လိုအပ်ချက်တွေရှိနေတယ်ဆိုတာကို လက်ခံထားတယ်လို့လည်း ပြောပါတယ်။

ပြုံယမ်းက နျူကလီးယား လက်နက် အသုံးပြုလာမယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယား အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆိုပြီး အမေရိကန်က ဧပြီ ၂၆ ရက်က ကတိပြုထုတ်ပြန်ခဲ့တဲ့ အပေါ် ပထမဆုံး တုံ့ပြန်လာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယားလက်နက်တွေ ဟန့်တားနိုင်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားအကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်ချက်အပေါ် မြောက်ကိုရီးယားက မဝံ့မရဲဖြစ်ပြီး ဒေါသထွက်နေတာလို့ တောင်ကိုရီးယားက တုံ့ပြန်ပါတယ်။

အိန္ဒိယအမြောက်တပ်မှာ အမျိုးသမီး အရာရှိ ၅ ဦး ပထမဆုံး ခန့်အပ်

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနိုင်ငံ အမြောက်တပ်မှာ ပထမဆုံးအကြိမ်အနေနဲ့ အရာရှိ အမျိုးသမီး ၅ ဦးကို ခန့်အပ်လိုက်ပါတယ်။

သူတို့ကို အိန္ဒိယ-တရုတ် နယ်စပ်မှာ တာဝန်ပေးသွားဖို့ ရှိနေပါတယ်။ ဒီအထဲက တချို့ကိုလည်း စိန်ခေါ်မှုများတဲ့ ပါကစ္စတန် နယ်စပ် ရှေ့တန်းမှာ တာဝန်ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းမှာ အမျိုးသမီးတွေကို ဒီအမြောက်တပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ စစ်တပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမြောက်တပ်ဖွဲ့ဟာ အိန္ဒိယ စစ်တပ်ရဲ့ အင်အားတောင့်တင်းတဲ့ တပ်ဖွဲ့တခုဆိုပြီး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒီတပ်ဖွဲ့ရဲ့ လက်နက်တွေက ခြေလျင်နဲ့ သံချပ်ကာ တပ်ဖွဲ့တွေကို အထောက်အကူပေးတယ်လို့ ဆိုပါတယ်။

ခရီးသွားတွေအတွက် ကိုဗစ်ကန့်သတ်ချက်တချို့ ဂျပန်ပယ်ဖျက်

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျပန်နိုင်ငံက ရွှေအိုရောင် သီတင်းပတ်လို့ လူသိများတဲ့ နွေဦး အားလပ်ရပ်ကာလ ရောက်လာတာနဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက် ကိုဗစ်နဲ့ပတ်သက်တဲ့ တားမြစ်ချက်ကို ရုပ်သိမ်းပေးလိုက်ပါတယ်။

ခရီးသွားတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ၃ လုံးထိုးထားတဲ့ အထောက်အထား ပြစရာမလိုတော့သလို ၇၂ နာရီ မတိုင်မီ ကိုဗစ် ကင်းစင်တဲ့ စစ်ဆေးချက်လည်း မလိုတော့ဘူးလို့ ဂျပန်အစိုးရက ထုတ်ပြန်လာပါတယ်။

အားလပ်ရက် ကာလအတွင်းမှာ ခရီးသွားတွေ ပိုမိုများနိုင်တာကြောင့် အခုလို လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်ပြည်မက ခရီးသွားတွေကို ပစ်မှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက်ကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။

မေလ ၈ ရက်နေ့မှာ ဂျပန်က ကိုရိုနာဗိုင်းရပ်စ်ကို ရာသီတုပ်ကွေးအဆင့်ထိ လျှော့ချဖို့ စီစဉ်ထားပါတယ်။

ဆူဒန်မြို့တော်မှာ တိုက်ပွဲတွေဆက်ဖြစ် ပြည်သူတွေ ထွက်ပြေး

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆူဒန်နိုင်ငံမြို့တော် ခါတွန်းမှာ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေက စင်ပြိုင် တပ်ဖွဲ့ Rapid Support Forces (RSF)ရှိတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

စစ်တပ်နဲ့ RSFတို့ အပစ်ရပ်ဖို့ သဘောတူထားပေမဲ့လည်း ဒါကို ဆက်မထိန်းထားနိုင်ပါဘူး။ သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း နိုင်ငံကနေ ထွက်ပြေးနေပါတယ်။

ချာ့ဒ်နိုင်ငံက နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ(IRC) ညွှန်ကြားရေးမှူး အလက်ဇန္ဒရား ရူးလက် စင်ပရစ်က ဆူဒန်နိုင်ငံသားတွေ ချာ့ဒ်ကို ရောက်လာပေမဲ့ အစားအသောက် ရေနဲ့ နေစရာတွေမရှိဘူးလို့ ပြောပါတယ်။

‘လူတွေရဲ့အခြေအနေက စိုးရိမ်ဖို့ကောင်းပါတယ်၊ ဧပြီ ၁၅ ရက်နေ့ကတည်းကဆိုရင် လူ ၂သောင်းဒီကို ရောက်လာပါတယ်၊ အများစုက အမျိုးသမီး အသက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဖြစ်ပါတယ်၊ ပိုင်ဆိုင်မှုတွေ အားလုံးယူလာတာကြောင့် သူတို့ အမြန် မပြန်သေးပါဘူး၊ နေစရာမရှိလို့ သစ်ပင်တွေအောက်မှာ နေရပါတယ်။ ရေနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေ မရှိသလို အစားအသောက်တွေလည်း ပေးမဲ့သူမရှိပါဘူး’ လို့ သူက ပြောပါတယ်။

ပေါ့တ်ဆူဒန်မြို့မှာ သင်္ဘောပေါ် မရမက တက်ဖို့ လုပ်ဆောင်နေပြီး ဒီသင်္ဘောတွေက ဆော်ဒီနဲ့ ယီမင်ကို ထွက်ဖို့ လုပ်ဆောင်နေပါတယ်။

ဆူဒန် စစ်ခေါင်းဆောင်နဲ့ စင်ပြိုင်တပ်ဖွဲ့ RSFတို့ အကြား နိုင်ငံတကာက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက် မစတင်သေးသရွေ့ ပြည်တွင်းစစ် အန္တရာယ်က ပိုကြီးလာမယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဆူဒန်ဝန်ကြီးချူပ်ဟောင်း အက်ဒူလာဟမ်းဒေါ့ကလည်း သူ့နိုင်ငံထဲက မလုံခြုံမှုတွေက ဆီးရီးယားနဲ့ လစ်ဗျားထက်ပိုဆိုးမယ်ဆိုပြီး သတိပေးထားသလို ဆူဒန်စစ်တပ်နဲ့ စင်ပြိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံတကာက ပူးပေါင်း ကြိုးစားဖို့ လိုတယ်ဆိုပြီး တိုက်တွန်းသွားပါတယ်။

အရက်ဆိုင် အိမ်သာထဲက ရေငုပ်သင်္ဘောအချက်အလက်တွေကို စုံစမ်းနေတယ်လို့ ဗြိတိန်ရေတပ်ထုတ်ပြန်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက် ဘာရိုးအင်ဖားနက်စ်(Barrow-in-Furness)မှာ ရှိတဲ့ အရက်ဆိုင်တခုရဲ့ အိမ်သာထဲမှာ အရေးကြီးတဲ့ နျူကလီးယား ရေငုပ်သင်္ဘောနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအပေါ် စုံစမ်း စစ်ဆေးနေတယ်လို့ ဗြိတိန်တော်ဝင်ရေတပ်က ထုတ်ပြန်လာပါတယ်။

ရေတပ်ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ HMS Ansonနဲ့ ပတ်သက်တဲ့ ဖိုင်တွေကို တွေ့ခဲ့ရတယ်ဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို လေးလေးနက်နက် ထားတယ်လို့ ရေတပ်က ထုတ်ပြန်ထားပြီး ဒီတွေ့ရတဲ့ စာရွက်တွေက သင်တန်းနဲ့ပတ်သက်တဲ့ အထောက်အထား ဖြစ်ပြီး လျှို့ဝှက်ထားရမယ့် သတင်းအချက်အလက်မဟုတ်ဘူးလို့လည်း ဆိုပါတယ်။