မျက်နှာကိုခွဲစိတ်ပြုပြင်ပြီး ခြေရာဖျောက်ခဲ့တဲ့ ထိုင်းက မူးယစ်ရာဇာ

ဆာဟာရတ်ဆာဝမ်ဂျာဟန်ဟာ မျက်နှာကို အကြိမ်ပေါင်းများစွာ ခွဲစိတ်ပြုပြင်ခဲ့သလို ခြေရာဖျောက်တဲ့အနေနဲ့ နာမည်ပြောင်းတာပါလုပ်ဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, THAILAND NATIONAL POLICE

ဓာတ်ပုံ ပုံစာ, ဆာဟာရတ်ဆာဝမ်ဂျာဟန်ဟာ မျက်နှာကို အကြိမ်ပေါင်းများစွာ ခွဲစိတ်ပြုပြင်ခဲ့သလို ခြေရာဖျောက်တဲ့အနေနဲ့ နာမည်ပြောင်းတာပါလုပ်ဆောင်ခဲ့

ထိုင်းမူးယစ်ဆေးရောင်းဝယ်သူတစ်ဦးက သူ့မျက်နှာကို “ချောမောတဲ့ ကိုရီးယား အမျိုးသား” မျက်နှာနဲ့တူအောင် ပလတ်စတစ်ဆာဂျရီ အကြိမ်ပေါင်းများစွာ ခွဲစိတ် ပြုပြင်ဖန်တီး ရုပ်ဖျက်ခဲ့တဲ့အကြောင်း ထိုင်းဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်ဂျီမင်လို့ နာမည်ပြောင်းထားတဲ့ ဆာဟာရတ်ဆာဝမ်ဂျာဟန်ကို ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မူလမျက်နှာကို ဖျက်ပြီး မျက်နှာပုံစံပြောင်းထားတဲ့ အသက်၂၅နှစ် ဆာဟာရတ် ဆာဝမ်ဂျာဟန်ကို ရဲတပ်ဖွဲ့က သုံးလကြာအောင် ခြေရာခံ ဖမ်းဆီးခဲ့ရပါတယ်။

ဘန်ကောက်က အခြားမူးယစ်ဆေးဝါး ရောင်းချသူတွေ၊ ဝယ်တဲ့သူတွေ စိတ်ကြွဆေးပြား ရောင်းဝယ်ဖြန့်ချိမှုကနေ တစ်ဆင့် သူဘယ်မှာပုန်းနေလဲဆိုတာ ခြေရာခံနိုင်ခဲ့ပါတယ်။

သူ့နာမည်ကို ကိုရီးယားနာမည် ပြောင်းထားတဲ့အတွက် မျက်မြင် သက်သေတွေကတောင် “ချောမောတဲ့ ကိုရီးယားအမျိုးသား” တစ်ယောက်လို့ ရဲတပ်ဖွဲ့ကို ပြန်ပြောကြပါတယ်။

သူ့ကို ဖမ်းမိပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုထဲမှာ မစ္စတာ ဆာဟာရတ်က "ကျွန်တော် ဘဝသစ်ကို စချင်တယ်၊ ထိုင်းနိုင်ငံမှာနေရတာ ငြီးငွေ့စရာကောင်းတယ်။တောင်ကိုရီးယားကို ပြောင်းနေချင်တယ်” လို့ ပြောတာ တွေ့ရပါတယ်။

မစ္စတာ ဆာဟာရတ်ကို မူးယစ်ဆေးဝါး တရားမ၀င် တင်သွင်းမှုနဲ့ ရဲတပ်ဖွဲ့က တရား စွဲဆိုထားပါတယ်။ သူက cryptocurrencies အွန်လိုင်းငွေကြေးကိုအသုံးပြုပြီး MDMA လို့ခေါ်တဲ့ စိတ်ကြွဆေးတွေ တင်သွင်းခဲ့တယ်ဆိုတာ သူကိုယ်တိုင်က ဝန်ခံခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, THAILAND NATIONAL POLICE

ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း အနည်းဆုံးသုံးကြိမ် သူ အဖမ်းခံခဲ့ရပါတယ်။

တစ်ကြိမ်မှာတော့ စိတ်ကြွဆေးပြား ၂၉၀ ပြားနဲ့ မူးယစ်ဆေးဝါးအရည် ၂ ကီလိုဂရမ် (၄.၄ ပေါင်)လက်ဝယ်တွေ့ရှိမှုနဲ့ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်သွားပြီး၊ သူ့ကို ဖမ်းမမိအောင် ခြေရာဖျောက်တဲ့အနေနဲ့ မျက်နှာကို ခွဲစိတ်ပြု ပြင်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

သူ့ကို "ဘန်ကောက်ရဲ့ MDMA စိတ်ကြွဆေးပြား အဓိကဖြန့်ဖြူးတဲ့သူ” လို့ ထိုင်း ရဲချုပ် သီရာဒီဂျ်သန်မာဆူတီက Straits Times သတင်းစာမှာ ပြောကြားခဲ့ပါတယ်။

"သူ့ အသက်က 25 နှစ်ပဲရှိသေးပြီး၊ သူဟာ ဥရောပကနေ MDMA ဆေးပြားတွေ တင်သွင်းတဲ့ မူးယစ်ရာဇာတစ်ယောက်ပါ။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ဒါနဲ့ပတ်သက်လို့ နောက်ထပ်သံသယရှိသူတွေရှိနေဦးမယ်လို့ ယုံကြည်ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ မစ္စတာ သန်မာဆူတီက ပြောခဲ့ပါတယ်။

နယ်သာလန်က မူးယစ်ဆေးဝါး အများစုကို တင်သွင်းခဲ့တာလို့ ဗီဒီယိုထဲမှာ မစ္စတာ ဆာဟာရတ်က ပြောကြားခဲ့ပေမယ့်၊ အဲ့ဒီရောင်းဝယ်မှု နဲ့ပတ်သက်တဲ့လူ တွေ အကြောင်းကိုတော့ သူဘာမှမသိဘူးလို့ ထပ်ဖြည့်ပြောခဲ့ပါတယ်။