ရှုပ်ထွေးလာပြန်တဲ့ ဗြိတိန်နိုင်ငံရေး၊ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အခြေအနေ၊ ဗီယက်နမ်ရဲစခန်းတွေ တိုက်ခိုက်ခံရမှု - ဇွန် ၁၁ နိုင်ငံတကာ ထိပ်တန်း သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန်နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေး ပြင်းထန် လာပြန်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ပါလီမန် အမတ် အဖြစ်ကနေပါ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နုတ်ထွက်သွားခဲ့ပါတယ်။
ကိုဗစ် လော့ဂ်ဒေါင်းကာလ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပါတီပွဲတွေ လုပ်ခဲ့တယ် ဆိုတဲ့ အချက်အပေါ် ပါလီမန်ကနေ စုံစမ်း နေတာမှာ … သူ့ အပေါ် အပြစ်ဖို့ တရားခံရှာနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာ ဆိုပြီး မစ္စတာ ဂျွန်ဆင်က ပြောဆိုရင်းမှာပဲ အမတ် အဖြစ်ကနေ နုတ်ထွက် ခဲ့တာ ဖြစ်ပါတယ်။
သူ မနုတ်ထွက်ဘူး ဆိုရင်လည်း အမတ် အဖြစ်ကနေ ဆိုင်းငံ့ ခံရမယ့် အနေအထားမျိုးကို ရောက်နေပြီ ဖြစ်ပါတယ်။ ပစ်မှတ်ထား တရားခံ ရှာခံနေရတာ ဆိုတဲ့ မစ္စတာ ဂျွန်ဆင်ရဲ့ တန်ပြန် စွပ်စွဲ ပြောဆိုမှု အပေါ် လက်ရှိ အစိုးရ ကတ်ဘိနက် အဖွဲ့ဝင် စွမ်းအင်ဝန်ကြီး ဂရန့်ရှပ်စ်က ပယ်ချပါတယ်။
ဘောရစ်ဂျွန်ဆင်အလွန်ကာလ ဗြိတိန်နိုင်ငံရေး အေးဆေး တည်ငြိမ်ဖို့ လိုနေပြီလို့ ဝန်ကြီး ရှပ်စ်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ အခုလို ပြောပါတယ်။
“သူ့ခေတ်တုန်းက ဒရမ္မာတွေ၊ အရှုပ်အထွေးတွေကို ကျွန်တော်တို့ ကွန်ဆာဗေးတစ် ပါတီတွင်းမှာရော၊ ပါတီ ပြင်ပမှာပါ ဘယ်သူမှ လွမ်းဆွတ်နေမှာ မဟုတ်ပါဘူး။ လက်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ရှိနေတဲ့ ရီရှီဆူးနက်ခ်ရဲ့ အစိုးရ အဖွဲ့ အနေနဲ့ ပြည်သူတွေ အရေး ဦးစားပေးလို့ လုပ်စရာရှိတဲ့ ဝတ္တရား တာဝန်တွေကို ဆက်ပြီး ကောင်းကောင်း လုပ်သွားနိုင်ဖို့သာ အရေးကြီးပါတယ်” လို့ စွမ်းအင် ဝန်ကြီး ရှပ်စ်က ပြောသွားပါတယ်။
စစ်တမ်းတွေအရ ကွန်ဆာဗေးတစ် ပါတီ အပေါ် လူကြိုက်များမှု လျော့လာကြောင်း ပြသနေချိန်မှာ ပါတီ အနေနဲ့ လစ်လပ် အမတ် ၃ နေရာမှာ နိုင်ငံရေး အတိုက်အခံတွေ ဝင်မလာနိုင်ဖို့ ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အတော်လေး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ယူကရိန်း တပ်ဖွဲ့ရဲ့ တန်ပြန်ထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေပါတယ်။ ရုရှားတပ်တွေ လက်ထဲ ရောက်နေတဲ့ ပိုင်နက်မြေတွေကို ပြန်ရအောင် ယူကရိန်းတပ်တွေက တန်ပြန် ထိုးစစ် ပြုလုပ် နေတာ ဖြစ်ပါတယ်။
လုဟန့်စ်၊ ဒွန်းနက်စ်နဲ့ ဇာပိုရေးရှား ဒေသတွေမှာ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်မျက်နှာပြင် ၄ နေရာ ထက် မနည်း ရှိနေတယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုပါတယ်။
နေရာတချို့မှာ ယူကရိန်းတပ်တွေ ရှေ့တိုးနိုင်တာမျိုး ရှိပေမယ့် ရုရှားတပ်တွေ ခြေကုပ်ယူထားတဲ့ စခန်းနေရာတွေကို ကြီးမား ကျယ်ပြန့်တဲ့ အတိုင်းအတာ ပမာဏနဲ့ သိမ်းနိုင်တာမျိုးတော့ မဟုတ်သေးဘူးလို့လည်း အကဲခတ်တွေက ပြောပါတယ်။
ဒီအချိန်မှာပဲ ယူကရိန်းရဲ့ လက်နက်ကြီးတွေ ကျရောက်နေတဲ့ ရုရှားဒေသ ဘဲလ်ဂရော့ မှာ ဆိုရင် ပြီးခဲ့တဲ့ညက ကုန်တင်ရထား လမ်းချော်လို့ ရထားလမ်းတွေ အားလုံး ဆိုင်းငံ့ထားပါတယ်။ အဲဒီဒေသက အုပ်ချုပ်ရေးမှူး ဗက်ရှီဆလဗ် ဂလက်ဒ်ကော့ဗ် ပြောတာက ….
“နယ်စပ်အနီး အဲလက်ဆိဗ်ဆကီး ဆိုတဲ့ နေရာမှာ ရထားတွဲ ၁၅ တွဲ လမ်းချော်သွားတာပါ။ ကုန်တင်တွဲတွေ ဖြစ်ပေမယ့် အထဲမှာ ဘာမှ မပါပါဘူး၊ တွဲလွတ်တွေ ဖြစ်ပါတယ်။ ဝန်ထမ်းတွေထဲကရော၊ အရပ်သားတွေထဲကပါ ထိခိုက် ဒဏ်ရာရသူ မရှိပါဘူ။ အခု တွဲချော်ရတဲ့ အကြောင်းအရင်းကို စုံစမ်း နေတယ်” ဆိုပြီး အုပ်ချုပ်ရေးမှူး ဂလက်ဒ်ကော့ဗ် ပြောသွားတာပါ။
ဗီယက်နမ် ကုန်းမြင့်ဒေသပေါ်က ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗီယက်နမ်နိုင်ငံမှာ မငြိမ်မသက် ဖြစ်နေတဲ့ အလယ်ပိုင်း ကုန်းမြင့်ဒေသမှာ ရဲစခန်းနှစ်ခု သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် လူတချို့ သေဆုံးခဲ့ကြရတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။
ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူ ၆ ယောက် ရှိနေပြီလို့ အများပြည်သူ လုံခြုံရေး ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဗီယက်နမ်မှာ သေနတ်ကိုင်ဆောင်ခွင့် မရှိတာကြောင့် သေနတ်နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အင်မတန် ရှားပါးပါတယ်။ ဒါပေမဲ့လည်း အခု အခင်းဖြစ်ရာ ကုန်းမြင့်ဒေသမှာတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ မျိုးနွယ်စုတွေက လှုပ်ရှားနေကြပြီး၊ ဗီယက်နမ်ရဲ့ ဗဟို အစိုးရနဲ့ကြား ထိတွေ့ ပွတ်တိုက်မှုတွေ၊ မကျေလည်မှုတွေ ပေါ်ပေါက်နေပါတယ်။
တောင်ကိုရီးယားမှာ စီးပွားရေးသူလျှိုတွေကို ဖော်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေထဲ သူလျှိုလုပ်ပြီး၊ အချက်အလက်တွေ ခိုးယူနေမှုကို ၄ လ တာ စုံစမ်း စစ်ဆေးရာကနေ အခုဆိုရင် လူပေါင်း ၇၇ ယောက် အထိ ဖမ်းထားလိုက်ပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အမှု ၃၅ မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ အမှု ၈ ခု ဟာဆိုရင် လုပ်ငန်း လျှို့ဝှက်ချက်တွေကို နိုင်ငံရပ်ခြား တိုင်းပြည်တွေထိ ပေါက်ကြားစေတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့ ထုတ်ပြောတဲ့ အထဲ စီးပွားရေး ဆိုင်ရာ သတင်း အချက်အလက်တွေကို သူလျှိုလုပ် ရယူတယ် ဆိုတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲ တရုတ် စီးပွားရေး ကော်ပိုရေးရှင်း တစ်ခုရဲ့ နာမည်လည်း ပါဝင် နေပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို တရုတ်ပြည်မကြီး စစ်လေယာဉ်တွေ၊ သင်္ဘောတွေ ဝင်ရောက်လာပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ် ရေလက်ကြား သတ်မှတ်ထားတဲ့ ရေပိုင်နက် မျဉ်းကြောင်းကို ကျော်လွန်ပြီး တရုတ်ပြည်မကြီးရဲ့ စစ်လေယာဉ် ၁၀ စင်း ဝင်လာခဲ့ကြောင်း ထောက်လှမ်းနိုင်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဝင်လာခဲ့တဲ့ လေယာဉ်တွေဟာ တိုက်လေယာဉ် အုပ်စုနဲ့ ဗုံးကြဲ လေယာဉ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေပြင်မှာ ဆိုရင်လည်း တရုတ် စစ်သင်္ဘော ၄ စင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ပြည်မကြီးရဲ့ စစ်လေယာဉ်တွေ၊ သင်္ဘောတွေဟာ ပူးပေါင်း စစ်ဆင်ရေး အသင့်အနေအထားမျိုးနဲ့ ကင်းလှည့်နေကြတာလို့လည်း ထိုင်ဝမ်ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း ထိုင်ဝမ်ရဲ့ ဝေဟင် ကာကွယ်ရေးဇုန်ထဲထိ တရုတ်ပြည်မကြီးရဲ့ ဂျက်တိုက်လေယာဉ်တွေ အစီး ၄၀ နီးပါးအထိ ဝင်ရောက်ခဲ့ပါတယ်။
IS ထောင်ပေါင်းများစွာကို ကာ့ဒ် အုပ်ချုပ်ရေး အဖွဲ့ တရားရုံးတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆီးရီးယား အရှေ့မြောက်ပိုင်း ဒေသမှာ အစ္စလာမ်မစ်နိုင်ငံ IS အဖွဲ့ဝင်တွေ အဖြစ် ယူဆထားတဲ့ ထောင်ပေါင်းများစွာသော လူတွေကို ခုံရုံးတင် ကြားနာ စစ်ဆေး နေပြီ လို့ ကာ့ဒ်မျိုးနွယ်စု ဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့က ကြေညာပါတယ်။
အဲဒီသူတွေကို နှစ် အတန်ကြာ ဖမ်းဆီး ချုပ်နှောင် ထားတာကနေ အခုလို တရားရုံးတင်လာတာ ဖြစ်ပါတယ်။
အဲဒီဒေသကနေ IS အဖွဲ့ကို တိုက်ထုတ်ခဲ့ပြီးတဲ့နောက် IS တိုက်ခိုက်ရေးသမားလို့ သံသယရှိရသူတွေ အနည်းဆုံး အယောက် တစ်သောင်း ဝန်းကျင်ကိုလည်း လက်ရ ဖမ်းဆီး ရရှိခဲ့ပါတယ်။
သူတို့ရဲ့ ဇနီးသည်တွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။
နိုင်ငံစုံက သူတွေ ဖြစ်တာကြောင့် သက်ဆိုင်ရာ မူလ နိုင်ငံတွေကနေ အဲဒီသူတွေကို ပြန်လည် လွှဲပြောင်း ရယူဖို့ ကာ့ဒ်အာဏာပိုင်တွေက နှစ်ရှည်လများ တောင်းဆို နေခဲ့ပေမယ့်၊ တကယ်တမ်း ပြန်လွှဲပေးနိုင်ခဲ့တဲ့ အရေအတွက်ဟာ အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။








