တရုတ်အစိုးရ iPhone ပိတ်ပင်မှုကြောင့် Apple ရှယ်ယာဈေးကျ

 iPhone

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်အစိုးရက ဝန်ထမ်းတွေကို iPhone မသုံးဖို့ ပိတ်ပင်
    • ရေးသားသူ, မာရီကို အွိုင် နဲ့ ခရစ္စ ဗေးလန့်စ်
    • ရာထူးတာဝန်, ဘီဘီစီ စီးပွားရေးသတင်းထောက် နဲ့ နည်းပညာ သတင်းထောက်

တရုတ်အစိုးရက သူတို့ရဲ့ ဝန်ထမ်းတွေကို iPhone မသုံးဖို့ ပိတ်ပင်လိုက်တယ် ဆိုတဲ့ သတင်းကြောင့် Apple ရဲ့ အစုရှယ်ယာဈေးနှုန်းတွေ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားပါတယ်။

ကုမ္ပဏီရဲ့ စတော့ဈေးကွက်ပေါ်က တန်ဖိုးဟာ ၂ ရက်အတွင်း ၆ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ဒေါ်လာ ဘီလျံ ၂၀၀ နီးပါး ကျဆင်းသွားပါတယ်။

တရုတ်ဟာ နည်းပညာ ကုမ္ပဏီကြီး Apple အတွက် တတိယအကြီးဆုံး ဈေးကွက်ကြီး ဖြစ်ပြီး မနှစ်က ဝင်ငွေ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းဟာ တရုတ်ဈေးကွက်က ဖြစ်ပါတယ်။

ပြီးတော့ Apple ပစ္စည်းအတော်များများကို လုပ်ပေးနေတဲ့ ဖောက်စ်ကွန်း ကုမ္ပဏီရဲ့ ပစ္စည်းတွေကို လည်း တရုတ်ပြည်မှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဘေကျင်းက သူတို့ ဗဟိုအစိုးရ အေဂျင်စီက အရာရှိတွေကို ရုံးလာရင် iPhone တွေ မယူလာဖို့၊ အလုပ်နဲ့ ပတ်သက်လို့လည်း မသုံးဖို့ အမိန့်ထုတ်ခဲ့တယ်လို့ The Wall Street Journal (WSJ) သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် တရက်အကြာမှာ Bloomberg News သတင်းဌာနကလည်း အဲဒီ ပိတ်ပင်မှုကို နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ လုပ်ငန်းတွေမှာပါ တိုးချဲ့လိုက်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

တရုတ် အစိုးရ အရာရှိတွေကို သူတို့ အထက်လူကြီးတွေဆီက iPhone မသုံးဖို့အတွက် မကြာသေးခင် သီတင်းပတ်တွေ အတွင်းက စပြီး ညွှန်ကြားနေခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရတဲ့ အကြောင်း The Wall Street Journal က ပြောပါတယ်။ အလားတူပဲ တခြား ပြည်ပထုတ် ပစ္စည်းတွေကိုလည်း ကန့်သတ်ပိတ်ပင်မှုတွေ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

iPhone တွေကို တချို့ အေဂျင်စီတွေမှာ ပိတ်ပင်ထားပြီးသားဖြစ်ပြီး အခုက အဲဒီ ပိတ်ပင်မှုကို ထပ်ပြီး ချဲ့လိုက်တာ ဖြစ်တယ်လို့ သတင်းစာက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ တရုတ် အစိုးရ အရာရှိတွေ အကြား ဒီ ပိတ်ပင်မှုတွေကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ထားသလဲ ဆိုတာတော့ မသိရသေးပါဘူး။

လာမယ့် စက်တင်ဘာလ ၁၅ ရက် iPhone 15 စတင်ရောင်းချမယ့် ရက်မတိုင်ခင်မှာ အခုလို ပိတ်ပင်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ် လူမှုကွန်ရက်တွေ မှာတော့ အစိုးရပိုင် ကုမ္ပဏီတွေမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေက သူတို့ကို Apple ပစ္စည်းတွေကို စက်တင်ဘာလကုန်ပိုင်း နောက်ဆုံးထားပြီး သုံးစွဲကြဖို့ ညွှန်ကြားထားတဲ့ အကြောင်းတွေကို ရေးသားနေကြပါတယ်။ တယောက်ကလည်း သူတို့မှာ ကျပ်တည်းလို့ ဖုန်းအသစ်ဝယ်ဖို့ ငွေမရှိကြောင်းနဲ့ အလုပ်အတွက် ဘာကို သုံးရမလဲဆိုပြီး ခပ်နောက်နောက် ရေးထားပါတယ်။

တရုတ်ပြည်ဟာ Apple ရဲ့ အကြီးဆုံး ဈေးကွက်တွေထဲက တခု ဖြစ်ပြီး iPhone တွေကိုလည်း တရုတ်မှာပဲ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကစပြီး Apple က အိန္ဒိယမှာလည်း ထုတ်လုပ်မှုတွေ စတင် တိုးမြှင့်နေပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရဆီကတော့ တရားဝင် ထုတ်ပြန် ပြောကြားတာမျိုး မရှိသေးသလို Apple ကလည်း မှတ်ချက်ပေး ပြောကြားဖို့ ဘီဘီစီရဲ့ ကမ်းလှမ်းမှုကို ဘာမှ တုံ့ပြန်မှု မရှိသေးပါဘူး။

အကျိုးဆက်

Appleဟာ စတော့ဈေးကွက်ပေါ်မှာတော့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီး ဖြစ်ပြီး ဒေါ်လာ ၂.၈ ထရီလျံ နီးပါး တန်ကြေးရှိပါတယ်။

အခု Appleရဲ့ အစုရှယ်ယာဈေးတွေ ကျသွားတဲ့ အကျိုးဆက်ကို သူတို့ကို ပစ္စည်းသွင်းနေတဲ့ ကုမ္ပဏီတွေလည်း ခံစားကြရပါတယ်။

စမတ်ဖုန်း ချစ်ပ်စ်တွေကို ထုတ်လုပ်ရာမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်တဲ့ Qualcomm ဆိုရင်လည်း ကြာသပတေးနေ့က ရှယ်ယာဈေး ၇ ရာခိုင်နှုန်း ကျသွားသလို တောင်ကိုရီးယားက SK Hynix ဆိုရင် သောကြာနေ့မှာ ရှယ်ယာဈေး ၄ ရာခိုင်နှုန်း ကျသွားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့အကြား နည်းပညာလောကက တင်းမာမှုတွေ တစစနဲ့ မြင့်တက်လာနေသလို တဖက်နဲ့ တဖက်အကြား ကန့်သတ် ပိတ်ပင်မှုတွေကိုလည်း အပြန်အလှန် ပြဋ္ဌာန်းလာကြပါတယ်။

ဒီနှစ်ထဲမှာပဲ ဝါရှင်တန်က သူ့မဟာမိတ် ဂျပန်၊ နယ်သာလန်တို့နဲ့ အတူ ချစ်ပ် ထုတ်လုပ်တဲ့ နည်းပညာပိုင်းမှာ တရုတ်အပေါ် ကန့်သတ်မှုတွေ ပြဋ္ဌာန်းခဲ့ပါတယ်။

တရုတ်ကလည်း တုံ့ပြန်တဲ့ အနေတဲ့ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရာမှာ အရေးပါတဲ့ ကုန်ကြမ်းပစ္စည်း ၂ မျိုး တင်ပို့မှုတွေကို ကန့်သတ်လိုက်ပါတယ်။

နောက်ပြီး ဘေကျင်းဟာ သူတို့ရဲ့ ချစ်ပ်ထုတ်လုပ်ရေး ကဏ္ဍကို ချဲ့ထွင်နိုင်ဖို့ ဒေါ်လာ ဘီလျံပေါင်း ၄၀ ထပ်မံ ရင်းနှီးမြှုပ်နှံဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲက အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရေးမွန်ဒို ဘေကျင်းကို ရောက်ရှိနေစဉ်အတွင်းမှာ တရုတ်နည်းပညာ ကုမ္ပဏီကြီး Huawei က မမျှော်လင့်ထားဘဲ သူတို့ရဲ့ စမတ်ဖုန်းသစ် Mate 60 Pro ကို ဈေးကွက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

သောကြာနေ့မှာပဲ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Pro+ မော်ဒယ်တွေကို စတင် အရောင်းဖွင့်လှစ်လိုက်ပါတယ်။

တရုတ်အခြေစိုက် နည်းပညာ သုတေသန ကုမ္ပဏီ TechInsights က ဒီဖုန်းထဲမှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ SMIC က Huawei အတွက် ထုတ်လုပ်ပေးထားတဲ့ 5G Kirin 9000s လို့ခေါ်တဲ့ ပရိုဆက်ဆာ အသစ်ကို သုံးထားကြောင်းပြောပါတယ်။

ဒါကို ကြည့်ရင် တရုတ် ဆီမီးကွန်ဒတ်တာ လုပ်ငန်းတွေ နည်းပညာပိုင်းမှာ ဘယ်လောက် တိုးတက်လာသလဲ ဆိုတာကို တွေ့မြင်နိုင်တဲ့ အကြောင်း TechInsights က ကျွမ်းကျင်ပညာရှင် Dan Hutcheson က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Jefferies က လည်း ဒါဟာ တရုတ်ပြည်မှာ နည်းပညာဘက်မှာ ကြီးမားတဲ့ အရွေ့တခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသီတင်းပတ် အတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်ရဲ့ တရုတ်ပြည်ရေးရာ ကော်မတီရဲ့ အကြီးအကဲ ဖြစ်တဲ့ လွှတ်တော်အမတ် Mike Gallagher က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာနကို Huawei နဲ့ SMIC ကုမ္ပဏီတွေအတွက် ပို့ကုန်တွေအပေါ် ပိုမို တင်းကြပ်သွားဖို့ တောင်းဆိုလိုက်ပါတယ်။

အက်ပဲလ် လုံခြုံရေး

ကြာသပတေးနေ့တုန်းက အက်ပဲလ်ဟာ သူ့ရဲ့ ပစ္စည်းအသစ်ရော အဟောင်းတွေရောအတွက် အရေးပေါ် ဆော့ဖ်ဝဲ Update ထုတ်ပြန်လိုက်ပြီး ဒါဟာ အမည်မသိ ကွန်ပျူတာ ဟက်ကာတွေရဲ့ ချိုးဖောက်မှုရန်ကို ရာဖွေတွေ့ရှိထားတာကြောင့်လို့ ပြောပါတယ်။

ဟက်ကာတွေဟာ နည်းပညာအသစ်တွေနဲ့ အက်ပဲလ်ပစ္စည်းတွေကို ဦးတည်တိုက်ခိုက်ခဲ့တာကို ဒီဂျစ်တယ်အခွင့်အရေးစုံစမ်းစစ်ဆေးတဲ့ကုမ္ပဏီ Citizen Lab က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ အက်ပဲလ်အနေနဲ့ သူ့ထုတ်ကုန်တွေရဲ့ လုံခြုံရေးအတွက် ၁၅ ကြိမ်ထိ ဆော့ဖ်ဝဲ အပ်ဒိတ်တွေ ပြင်ဆင်ထုတ်ပေးခဲ့ရပါတယ်။​