ထိုင်းဂူထဲက ကယ်ခဲ့တဲ့ ကလေးတွေ ဘာဆက်ဖြစ်ကြသလဲ

Members of the Wild Boars team in 2019

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ အတွင်းက တွေ့ရသော တောဝက်ဘောလုံးအသင်းသားများ

ထိုင်းနိုင်ငံမှာ ဘောလုံးသမားလေးတွေ ဖြစ်ကြတဲ့ ဒေါင်ပက်ချ် ပရောမ်သက်ပ် နဲ့ တခြား ကလေး ၁၁ ယောက် ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လ အတွင်းက ချင်းရိုင်ခရိုင်ထဲက ဂူကြီးထဲမှာ ပျောက်ဆုံးနေတဲ့ သတင်းဟာ တကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။

တောဝက်ဘောလုံး အသင်းသားတွေဟာ ရေတွေပြည့်နေတဲ့ ထန်လွမ် နန်နောန် ဂူကြီးထဲမှာ သီတင်း ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့ကြပါတယ်။ သူတို့ ရှင်သန်ရေး အတွက် ရင်တထိတ်ထိတ်နဲ့ ဖြစ်နေခဲ့ကြစဉ်မှာပဲ သူတို့ ရှိတဲ့နေရာကို ရှာတွေ့ခဲ့ကြပါတယ်။ အဲဒီနောက် ကမ္ဘာတဝန်းက ရေငုပ်သမားတွေ စုပေါင်းထားကြတဲ့ အဖွဲ့က ကယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘောလုံးသမားလေးတွေနဲ့ နည်းပြတို့ကို ကက်တာမင်း ဆေးနဲ့ မိန်းမောအောင် လုပ်ပြီး တယောက်ပြီး တယောက် ဂူထဲကနေ ကယ်ထုတ်ခဲ့ကြရတာဖြစ်ပြီး တကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။

အဲဒီ အချိန်က အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အကြား ရှိတဲ့ ကလေးတွေဟာ ဂူထဲကနေ လွတ်မြောက်ခဲ့ကြပေမဲ့ ကမ္ဘာ့မီဒီယာရဲ့ စိတ်ဝင်စားမှုတွေနဲ့ အတူ စိန်ခေါ်မှု အသစ်တွေနဲ့ ထပ်ပြီး ရင်ဆိုင်ခဲ့ရပါတော့တယ်။

သူတို့ အဖြစ်သနစ်တွေကို သီတင်း ၃ ပတ်နီးပါး စောင့်ကြည့် တင်ပြနေခဲ့ကြတဲ့ ကမ္ဘာ့ သတင်းဌာနတွေက သူတို့ အသင်းရဲ့ အတွေ့အကြုံတွေကို ခရေစေ့တွင်းကျ သိချင်လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မှာတော့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အတူ Netflix နဲ့ ၆ ခန်းဆက် မှတ်တမ်းအစီအစဉ် ရိုက်ကူးဖို့ သူတို့ အဖွဲ့သားတွေ သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီအတွက် ကလေးတွေရဲ့ မိသားစုတိုင်း ဒေါ်လာ ၉၄၀၀၀ စီရရှိခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်မှာပဲ Netflix မှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။

တဖက်မှာလည်း Ron Howard ရိုက်ကူးပြီး Colin Farrell ပါဝင် သရုပ်ဆောင်ထားတဲ့ Thirteen Lives ဆိုတဲ့ ရုပ်ရှင်တကားလည်း ၂၀၂၂ အတွင်းမှာ ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က အဲဒီ အဖွဲ့ထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ချန်နင် တိုက်တန် ဝိဘွန်ရွန်ရူယန်း က ကယ်တင်ခံရပြီး နောက်ပိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

သူက အစပိုင်းမှာ အတော် အနေခက်ခဲ့ကြောင်းနဲ့ နောက်ပိုင်း သူ့ဘာသာ ချိန်ညှိပြီး နေတတ်သွားတယ်လို့ ဆိုပါတယ်။ သူ့အကြောင်း လူတွေအများကြီးက သိနေကြတော့ ဘယ်လို နေရမှန်းမသိခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပြီး အင်တာဗျူးတွေ လုပ်ရင်လည်း ကင်မရာရှေ့မှာ နေရတာကို သူကြောက်နေခဲ့တယ်လို့ ပြောပြပါတယ်။

၄ နှစ် ကြာခဲ့အပြီးမှာတော့ တိုက်တန်ဟာ သူတို့နဲ့ အတူ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ နည်းပြ ဖြစ်တဲ့ အက္ကပေါလ် ချန်တဝေါင်း ဖွင့်ထားတဲ့ ဘောလုံး အကယ်ဒမီမှာ ဆက်ပြီး ကစားနေဆဲ ဖြစ်ပါတယ်။

အဲဒီအချိန်က ၂၅ နှစ်အရွယ်ပဲ ရှိသေးတဲ့ မစ္စတာ ချန်တဝေါင်းဟာ ရဟန်းလူထွက် ဖြစ်ပါတယ်။ သူတို့ ဂူထဲမှာ ပိတ်မိနေကြစဉ် ကလေးတွေ စိတ်တည်ငြိမ်စေဖို့နဲ့ လေကို ချွေတာဖို့ အတွက် လူပျံတော် နည်းပြက တရားထိုင်နည်းတွေကိုပါ သင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ချန်တဝေါင်းနဲ့ သူတို့ကို ကယ်ခဲ့သူတစ်ဦးတို့ ၂၀၁၈ ဒီဇင်ဘာမှာ ပြန်တွေ့ကြစဥ်
ဓာတ်ပုံ ပုံစာ, မစ္စတာ ချန်တဝေါင်းနဲ့ သူတို့ကို ကယ်ခဲ့သူတစ်ဦးတို့ ၂၀၁၈ ဒီဇင်ဘာမှာ ပြန်တွေ့ကြစဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ္စတာ ချန်တဝေါင်းရော အဲဒီ ဂူထဲကနေ ကယ်ဆယ်ခဲ့ရစဉ်က နောက်ဆုံးမှာ ကယ်ဆယ်ခံခဲ့ရသူ မွန်ကောလ် ဘုန်းပီယမ် အပါအဝင် တခြား ကလေး ၃ ယောက်ရောဟာ ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်ပေမဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေပါ။

ဒါပေမယ့် ကယ်ဆယ်မှုတွေ ပြီးဆုံးပြီး လ ပိုင်းအတွင်းမှာပဲ သူတို့တွေဟာ ထိုင်းနိုင်ငံသား ဖြစ်ခွင့် ရခဲ့ကြပါတယ်။ မစ္စတာ ချန်တဝေါင်းကလည်း ထိုင်းကလေးသူငယ် ဘောလုံး ဝါသနာရှင်လေးတွေကို မြေထောက်မြှောက်ပေးဖို့ အတွက် ဘောလုံး သင်တန်း အကယ်ဒမီကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ကလေးတွေထဲက တချို့ သူတို့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ကြတဲ့ အတွက် သူအင်မတန် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ မစ္စတာ ချန်တဝေါင်းက ဘီဘီစီကို ပြောပါတယ်။ အဲဒီထဲက တချို့က ကြေးစား ဘောလုံးသမားတွေ ဖြစ်ချင်ပြီး အမြင့်ဆုံး အဆင့်မှာ ကစားချင်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တချို့ ကလေးတွေ အတွက်လည်း သူတို့ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြာနေစဉ်အတွင်း စိတ်ထွက်ပေါက် အဖြစ် ဘောလုံးနဲ့ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တောဝက် အသင်းသားတွေထဲက နိုင်ငံမဲ့ ဖြစ်နေခဲ့သူ တဦးက အဒူလ် ဆမ်အွန် ဖြစ်ပါတယ်။ သူတို့ အဖွဲ့ထဲမှာ အဒူလ် တယောက်ပဲ အင်္ဂလိပ်လို ပြောတတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို နိုင်ငံတကာ ရေငုပ်အဖွဲ့က တွေ့တဲ့ အချိန်က လှမ်းနှုတ်ဆက်ခဲ့တာလည်း သူပဲ ဖြစ်ပါတယ်။ နောက်ပြီး ကယ်ဆယ်မှု အတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလည်း အသင်းသားတွေကို တဆင့်ပြန် ပြောပြပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က New York Times သတင်းစာက ဘာသာစကား ၅ မျိုးကို ပြောနိုင်တဲ့ အဒူလ်တယောက် နယူးယောက်မှာ ပညာတော်သင် ထောက်ပံ့ကြေး အပြည့်ရထားပြီး ပညာသင်ကြားနေတယ်လို့ ဖော်ပြထားပါတယ်။

သူ့ရဲ့ အဘိုးလေး တော်တဲ့ ဂို ရှင်းမောင်ကလည်း အဒူလ်ဟာ တချိန်မှာ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ဖို့ ရည်မှန်းထားတဲ့ အကြောင်း New York Times ကို ပြောပြခဲ့ပါတယ်။

ကလေးတွေက သူတို့ လမ်းသူတို့ လျှောက်နေကြပြီလို့ မစ္စတာ ဂိုက ပြောပါတယ်။ တချို့က ပညာဆက်သင်ကြပြီး တချို့ကတော့ဘောလုံး ဆက်ကစားကြတယ်၊ သူတို့ အချင်းချင်းတော့ ချက်လုပ်၊ မက်ဆေ့ချ်ပို့ပြီး အတွေ့အကြုံတွေ ဖလှယ်နေကြဆဲပါလို့ ဆိုပါတယ်။

အဒူလ်ရဲ့ အသင်းဖော် တယောက်ဖြစ်တဲ့ ပွန်ချိုင်း ခမ်လွန်းကတော့ အခု ထိုင်းတတိယတန်းက ချိန်ဂရိုင်း လန်းနာ အသင်းမှာ ကြေးစားဝင်ရောက် ကစားနေပြီ ဖြစ်တယ်လို့ သူ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။ တချို့ ကလေးတွေလည်း အားကစားလောကမှာပဲ အဆင့်အမျိုးမျိုးမှာ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အဲဒီထဲက ဒေါမ်လို့ အတိုခေါ်ကြတဲ့ ဒေါင်ပက်ချ် ပရွောမ်သက်ပ် ဆိုရင် ဂူထဲမှာ ပိတ်မိနေစဉ်က အသက် ၁၂ နှစ်သာ ရှိပါသေးတယ်။ တောဝက်ဘောလုံးအသင်းမှာတော့ သူဟာ ဘောလုံးအကန်ကောင်းတဲ့ စတား ဘောလုံးသမားဖြစ်ပြီး အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သူ့ခြေစွမ်းကိုအသိအမှတ်ပြု ခံခဲ့ရကာ အင်္ဂလန်က Brooke House College Football Academy မှာ ဘောလုံးပညာသင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီဘောလုံးကျောင်းက Jesse Sekidika ဆိုရင် တူရကီက နာမည်ကြီး ဂါလာတာ ဆာရိုင်းမှာ ကစားနိုင်ခဲ့သူ ဖြစ်သလို Kelvin John ဆိုရင်လည်း ဘဲလ်ဂျီယံက ဂဲန့် အသင်းမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒေါမ်ကလည်း သူပညာသင်ဆု ရတဲ့အကြောင်း ကြေညာခဲ့တဲ့ နေ့က အင်စတာဂရမ်မှာ ဒီနေ့ သူ့ အိပ်မက် တကယ်ဖြစ်လာခဲ့ပြီလို့ တင်ခဲ့ပါတယ်။

သူ့ရဲ့ ဘောလုံးပါရမီနဲ့ လူချစ်လူခင်များမှုကို သူ့ အသင်းဖော်တွေရဲ့ ဂုဏ်ပြုစကားတွေက ဖော်ပြနေကြပါတယ်။ ဂူထဲမှာ သူနဲ့ အတူ ပိတ်မိနေခဲ့တဲ့ ပရာချတ်ခ် ဆုသမ်က မင်းနိုင်ငံလက်ရွေးစင် အသင်းမှာ ကစားမယ့် နေ့ကို စောင့်နေလို့ ငါ့ကိုပြောထားတယ်နော်၊ မင်းလုပ်ပြနိုင်မယ်လို့ အမြဲ ယုံကြည်ထားတယ်လို့ ရေးခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ဒေါမ်ဟာ အင်္ဂလန်က လက်စတာရှိုင်းယားမှာ ကွယ်လွန်သွားခဲ့ပါပြီ။

ဒီ ဗုဒ္ဓဟူးနေ့က အဖြစ်ကြောင့် တောဝက်ဘောလုံး အသင်းအပေါ် အာရုံစိုက်မှုတွေ ပြန်များလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ အရင်တခါကလို အင်တာဗျူးတွေ အများကြီး ပေးသွားမယ့်ပုံ မရပါဘူး။ သူတို့ကို ကယ်ဆယ်ဖို့ အတွက် လူစုပေးခဲ့တဲ့ ဂူတွေထဲ စူးစမ်းရှာဖွေသူ Vern Unsworth ကတော့ ဒီကလေးတွေက အဲဒီအဖြစ်ကနေ အမြတ်မထုတ်ဘဲ သိုသိုသိပ်သိပ်ပဲ နေကြတယ်။ သူတို့ ဘဝကို သူတို့ ဘာသာ အကောင်းဆုံးနည်းနဲ့ ဖြတ်သန်းနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။