၂၀၂၂ ကမ္ဘာ့ဖလား - အမျိုးသားပြိုင်ပွဲမှာ အမျိုးသမီးတွေပဲ ဒိုင်ကိုင်မယ့် ပထမဆုံးပွဲ

Stephanie Frappart

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး အမျိုးသမီးဒိုင် ဖြစ်လာသူ Stephanie Frappart

ဒီနေ့ကစားကြမယ့် ကော်စတာရီကာနဲ့ ဂျာမနီတို့ ပွဲမှာ အမျိုးသမီးဒိုင်တွေပဲ ပွဲကို ကိုင်တွယ်သွားကြမှာ ဖြစ်ပါတယ်။ အမျိုးသား ပြိုင်ပွဲတခုမှာ အမျိုးသမီးတွေချည်းသာ ဒိုင်ကိုင်မယ့် ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ဒိုင်လူကြီးလုပ်မယ့် Stephanie Frappart ဟာ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြီးကြပ်တဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

ပြင်သစ် အမျိုးသမီး ဒိုင်လူကြီး Stephanie Frappart ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခ့တဲ့ မက္ကဆီကိုနဲ့ ပိုလန်တို့ ကစားခဲ့တဲ့ ပွဲမှာလည်း စတုတ္ထဒိုင်လူကြီး အဖြစ် တာဝန်ပေးခံခဲ့ရတာကြောင့် ဒီပြိုင်ပွဲမှာ ပထမဆုံး တာဝန်ပေး ခံရတဲ့ အမျိုးသမီးဒိုင် ဖြစ်ပါတယ်။

ဖိအားတွေရှိတာကို ကောင်းကောင်း နားလည်ပါတယ်လို့ Stephanie Frappart က ပြိုင်ပွဲ မစခင်က ဘီဘီစီနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘာမှ အပြောင်းအလဲ မလုပ်ဘူးလို့ သူက ပြောပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစူးစိုက်ပြီး အပြင်က မီဒီယာနဲ့ တခြား ကိစ္စတွေကို သိပ်မစဉ်းစားဘဲ ကွင်းထဲမှာသာ အာရုံထားလုပ်သွားမယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ Al Bayt Stadium ကွင်းမှာ ကန်ကြမယ့် ပွဲမှာ Stephanie Frappart နဲ့ အတူ လက်ထောက် ဒိုင်တွေအဖြစ် ဘရာဇီးက Neuza Back နဲ့ မက္ကဆီကိုက Karen Diaz တို့ ပါတာဝန်ယူသွားကြမှာ ဖြစ်ပါတယ်။

Frappart ကို သူဟာ အမျိုးသမီး ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘောလုံးသမားတွေ၊ မန်နေဂျာတွေနဲ့ ပရိတ်သတ်တွေဆီက ဘယ်လို မှတ်ချက်ပေး ပြောကြားတာမျိုးတွေ ရှိသလဲလို့ မေးကြည့်တဲ့ အခါ သူ ဒိုင်အလုပ်ကို စတင် လုပ်ကိုင်စဉ်က စလို့ အသင်းတွေ၊ ကလပ်တွေနဲ့ ဘောလုံးသမားတွေ အကုန်လုံးက ကူညီ ဖေးမကြတယ်လို့ ဖြေပါတယ်။ သူ့ကို ကွင်းတိုင်းမှာ ပျူပျူငှာငှာရှိ ကြတာကြောင့် သူ့အနေနဲ့ တခြားဒိုင်တွေလိုပဲ ခံစားမိတယ်၊ အခု ပြိုင်ပွဲမှာလည်း အရင်ကလိုပဲ ကြိုဆိုကြမှာပါလို့ Frappart က ဆိုပါတယ်။

Stephanie Frappart ဟာ ပြီးခဲ့တဲ့ ၂၀၂၀ မှာ အမျိုးသား ချန်ပီယံလိဂ် ပွဲကို ကိုင်ရတဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီး ဖြစ်ခဲ့ပါတယ်။

အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ နှစ်က ကျင်းပခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ရဲ့ ၂၀၁၉ ဥရောပ စူပါကပ် ပွဲမှာလည်း ဒိုင်ကိုင်ခဲ့ရပါတယ်။ အဲဒါကြောင့် သူဟာ Uefa ရဲ့ အမျိုးသား ပြိုင်ပွဲကြီး တခုမှာ ဒိုင်လုပ်ပေးရတဲ့ ပထမဆုံး အမျိုးသမီးဒိုင်လည်း ဖြစ်ပါတယ်။

အခု ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒိုင်လူကြီး ၃၆ ယောက်ကို ရွေးချယ်ထား တာဝန်ပေးထားရာမှာ အမျိုးသမီး ဒိုင်လူကြီးတွေထဲက Stephanie Frappart နဲ့ အတူ ရဝမ်ဒါက Salima Mukansanga နဲ့ ဂျပန်က Yoshimi Yamashita တို့ ၃ ယောက်လည်း ပါဝင်ကြပါတယ်။