မေလ ၈ ရက် ညပိုင်း နိုင်ငံတကာ သတင်း - တာလီဘန်တွေ ကြိမ်ဒဏ်ပေးတာကို ရပ်ဖို့ ကုလသမဂ္ဂက တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန် တာလီဘန်တွေ အနေနဲ့ လူထုမြင်ကွင်းမှာ သေဒဏ်စီရင်တာ၊ ကြိမ်ဒဏ် ပေးတာ၊ ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးတာတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အစီရင်ခံစာတခုထဲမှာ တိုက်တွန်းထားပါတယ်။
အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိင်တူဆက်ဆံတာ၊ အရက်သောက်တာ စတဲ့ လုပ်ရပ်တွေကြောင့် ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း လူထုမြင်ကွင်းမှာ ကြိမ်ဒဏ် ပေးခံရတဲ့ အမျိုးသားပေါင်း ၂၇၄ ယောက်၊ အမျိုးသမီး အယောက် ၈၀၊ ယောက်ျား ကလေး ၂ ယောက် ရှိခဲ့တယ်လို့ အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး က လူ့ခန္ဓာကိုယ် ကို ထိခိုက်အောင် အပြစ်ပေးတာဟာ နှိပ်စက်မှုဆိုင်ရာ ပဋိညာဥ်သဘောတူညီချက် ကို ချိုးဖောက်တာဖြစ်ပြီး အဲဒီပုံစံ အပြစ်ပေးမှုတွေကို အဆုံးသတ်ဖို့ လိုတယ်လို့ ပြော ပါတယ်။
တာလီဘန် ခေါင်းဆောင်တွေကတော့ ဒီအပြစ်ပေးမှုတွေကို အစ္စလာမ်မစ် စည်းမျဉ်း တွေ အရ လုပ်ဆောင်တာလို့ ဆိုပါတယ်။
နယူးဇီလန်မှာ ကာကွယ်ရေး အသုံးစားရိတ် တိုးမြှင့်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယူးဇီလန်နိုင်ငံက သူ့နိုင်ငံ ကာကွယ်ရေးအသုံးစားရိတ်ကို ဒေါ်လာ သန်း ၅၀၀ ထပ် တိုးမြှင့်မယ်လို့ ပြောပါတယ်၊ အဲသလို တိုးလိုက်ခြင်းအားဖြင့် ဒေသတွင်း ခြိမ်းခြောက်မှု တွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ အရေးမှာ ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ပိစိဖိတ် ဒေသတွင်းမှာ ပိုမို လွှမ်းမိုးတာတွေ လုပ်လာနေပြီး ဒေသ အတွင်းမှာ ပြိုင်ဆိုင်မှုတွေက ပိုတိုးနေတယ်လို့ နယူးဇီလန် အစိုးရက ပြောပါတယ်။
အခု တိုးမြှင့်လိုက်တဲ့ ကာကွယ်ရေးဘတ်ဂျက်ထဲက အများအပြားကို တာဝန်ထမ်းနေတဲ့ စစ်သားတွေကို လစာတိုးပေးတဲ့ နေရာမှာ အသုံးပြုမှာပါ။
လစာနည်းတာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း စစ်တပ်ထဲက လူတွေ အတော် များများ အလုပ်ထွက်ခဲ့ကြပါတယ်။
နယူးဇီလန် စစ်တပ်ဟာ နှိုင်းယှဉ်မှုအရ အင်အားနည်းပြီး အင်အား ၁၀,၀၀၀ အောက်သာ ရှိပါတယ်။
လိုင်စင်မဲ့ သေနတ် အပ်ဖို့ အပြစ်မယူဘဲ လွတ်ငြိမ်းခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
သေနတ်အပ်သူတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ဆားဘီးယားမှာ ဒီနေ့ စတင်ပါပြီ။
ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အတွင်း လူတွေ အစုလိုက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အဖြစ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဆားဘီးယား အစိုးရက သေနတ်ကိုင်တဲ့သူတွေ လက်နက်စွန့်အောင် ကြိုးစားနေတာပါ။
လိုင်စင်မရှိပဲ လက်နက်တွေ၊ ခဲယမ်းတွေ ပိုင်ဆိုင်ထားသူတွေအနေနဲ့ ရဲစခန်းတခုခုကို သွားကာ လက်နက်စွန့်နိုင်ပြီး သူတို့ကို ဘာမေးခွန်းမှ မေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့် ကာလက ရက်ပေါင်း ၃၀ ကြာပါလိမ့်မယ်။
ဒီနေ့ကစပြီး ရဲတွေက စာသင်ကျောင်း အားလုံးနီးပါး အနားမှာ အစောင့်အကြပ် လုပ်ပေးမှာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းကဖြစ်ခဲ့တဲ့ ပထမအကြိမ် ပစ်ခတ်မှုမှာ ကျောင်းသား တယောက်က သူ့ အတန်းဖော်တွေကို ပစ်ခတ်ခဲ့ပါတယ်။
ဆားဘီးယား ပညာရေးဝန်ကြီးက ပစ်ခတ်မှုတွေ ပါတဲ့ ဗီဒီယို ဂိမ်းတွေ၊ အနောက်တိုင်း တန်ဖိုးတွေကို အပြစ်တင် ရှုတ်ချခဲ့ပြီးတဲ့နောက် ဝေဖန်တာတွေ ထွက်ပေါ်လာခဲ့ကာ မနေ့ တနင်္ဂနွေနေ့က သူ ရာထူးကနေ နုတ်ထွက်သွားပါတယ်။








