၂၃ ဧပြီ နိုင်ငံတကာ ထိပ်တန်းသတင်း- ဆူဒန်ထဲက နိုင်ငံတကာ လူကယ်ပွဲ

သံဝန်ထမ်းတွေ၊ နိုင်ငံသားတွေကို ခါတွမ်ကနေ ကယ်ထုတ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သံဝန်ထမ်းတွေ၊ နိုင်ငံသားတွေကို ခါတွမ်ကနေ ကယ်ထုတ်နေ

တိုက်ပွဲတွေ ပြင်းထန်နေပြီး လုံခြုံရေး အခြေအနေ ဆိုးရွား ပျက်ယွင်းနေတဲ့ ဆူဒန်နိုင်ငံထဲကနေ နိုင်ငံတကာ အစိုးရတွေဟာ သူတို့ရဲ့ နိုင်ငံသားတွေ၊ သံဝန်ထမ်းတွေကို ကယ်ထုတ် နေကြပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သံဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ခေါ်ထုတ် သွားခဲ့ကြပြီးတဲ့နောက်၊ အခုဆိုရင် ပြင်သစ်လည်းပဲ အလားတူ လုပ်ဆောင် နေပါတယ်။

ပြင်သစ် နိုင်ငံသားတွေတင်မက၊ ကျန် ဥရောပ နိုင်ငံတွေနဲ့ မဟာမိတ် နိုင်ငံတွေက သူတွေကိုလည်း အကူအညီပေးမယ် ဆိုပြီး ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အခုလို နိုင်ငံခြားသားတွေ ထွက်ခွာသွားလို့ ရအောင် ဘေးကင်း လုံခြုံတဲ့ လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့ ဆူဒန်နိုင်ငံထဲ တိုက်ခိုက်နေကြတဲ့ စစ်တပ်နဲ့ RSF ပြည်သူ့ စစ်၊ နှစ်ဘက်စလုံးက အာမခံထားတယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကလည်း သူတို့ နိုင်ငံသားတွေနဲ့ အတူ တခြား ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကသူတွေ၊ အီဂျစ်၊ ပါကစ္စတန်နဲ့ ကနေဒါ နိုင်ငံသားတွေ စုစုပေါင်း အယောက် ၁၀၀ ကျော်ကို ဆော်ဒီနိုင်ငံထဲ ခေါ်ထုတ် သွားခဲ့ပြီး ဖြစ်ပါတယ်။

ဆူဒန်ဆိုင်ရာ ဆော်ဒီ သံအမတ် အလီ ဂျအာဖာ အစောပိုင်းတုန်းက အခုလို ပြောခဲ့တာကို ကြားထားရပါတယ် ...

“ခါတွမ်မြို့တော်ကနေ ဆော်ဒီနိုင်ငံသားတွေကို ကယ်ထုတ်လာခဲ့ပြီး ဆူဒန် ဆိပ်ကမ်းရှိရာဆီ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်၊ ဆူဒန် စစ်တပ်က အကြီးအကဲရော၊ ရေတပ်က တာဝန် ရှိသူတွေရော ကျွန်တော်တို့ကို လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုက အစ၊ အစစအရရာ လိုလေသေးမရှိအောင် ဖြည့်ဆည်း ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ” ဆိုပြီး ဆော်ဒီ သံအမတ် ပြောသွားတာ ဖြစ်ပါတယ်။

ဆစ်ခ်သီးသန့်ပြည် ထူထောင်ရေး ခွဲထွက်ခေါင်းဆောင်ကို ဖမ်းဆီးရရှိ

Amritpal Singh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရဲစခန်းထဲ ဝင်စီးခဲ့သူ ဆစ်ခ်တရားဟောဆရာ Amritpal Singh

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင် အာမရစ်ပါလ် ဆင်းဂ် Amritpal Singh ကို တစ်လကျော် ကြာအောင် လိုက်လံ ရှာဖွေ နေတာကနေ အခု လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ပန်ဂျပ်ပြည်နယ်၊ မိုဂါမြို့က ဆစ်ခ် ဘုရားကျောင်းဝင်းထဲမှာ အာမရစ်ပါလ် ဆင်းဂ် လက်နက်ချ ခဲ့တာလို့ ဆိုပါတယ်။ မစ္စတာ ဆင်းဂ်နဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရဲစခန်းတစ်ခုကို လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်တုန်းက ဝင်ရောက် စီးနင်းခဲ့ကြပြီး အဖမ်းခံထားရတဲ့ သူတို့ရဲ့ အဖွဲ့ဝင် တစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

အဲဒီလုပ်ရပ်အတွက် အိန္ဒိယ ရဲအမှုထမ်းတွေကို တိုက်ခိုက်မှု၊ သတ်ဖြတ်ရန် ကြိုးစားမှုတွေနဲ့ မစ္စတာ ဆင်းဂ်နဲ့တကွ သူ့ရဲ့ နောက်လိုက်တွေကို အိန္ဒိယ အစိုးရက အလို ရှိနေတာ ဖြစ်ပါတယ်။

တရားဟောဆရာ အာမရစ်ပါလ် ဆင်းဂ်ဟာ သီးသန့် ဆစ်ခ် တိုင်းပြည် ထူထောင်ဖို့ အတွက် ဆော်ဩ ရာကနေ ထင်ရှားလာသူ ဖြစ်ပါတယ်။

ပန်ဂျပ်ပြည်နယ်က ရဲ အင်စပက်တာ ကော်မရှင်နာ မင်းကြီး ဆွတ်ခ်ချအင် ဆင်းဂ် ဂျီးလ် က အခု ဖမ်းဆီးမှု အကြောင်း ပြောတာက ...

“အာမရစ်ပါလ် ဆင်းဂ်ကို တရားရုံးက ထုတ်ထားတဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အက်ဥပဒေ NSA ဖမ်းဝရမ်းအရ ဖမ်းဆီးလိုက်ပြီး၊ ဒိုင်ဘရူဂါ မြို့ Dibrugarh ရှိရာဆီ ပို့ဆောင်ထားပါတယ်။ ဒီ စစ်ဆင်ရေးကို ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးဌာနတို့ကြား ပူးတွဲ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” ဆိုပြီး ပန်ဂျပ်ပြည်နယ် ရဲမင်းကြီး ပြောသွားတာ ဖြစ်ပါတယ်။

ယူကရိန်း ကောက်နှံတွေ ပင်လယ်နက် လမ်းကြောင်းကနေ ဆက်ပြီး တင်ပို့နိုင်မလား

စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ရုရှား အဝေဖန်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ရုရှား အဝေဖန်ခံရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေကို တင်ပို့နိုင်ရေး သဘောတူချက်ကို သက်တမ်း တိုးဖို့ရာ စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံ G7 အဖွဲ့က စိုက်ပျိုးရေး ဝန်ကြီးတွေဟာ အလေးအနက် ထောက်ခံ အားပေးတယ် ဆိုပြီး ပြောနေပါတယ်။

သူတို့ဟာ ဂျပန်နိုင်ငံမှာ ၂ ရက်ကြာ အစည်းအဝေး ကျင်းပပြီး တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးတဲ့နောက် ဘုံကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ တင်ပို့မှုကို ဖြတ်တောက် ပိတ်ဆို့တဲ့ နည်းကို လက်နက်သဖွယ် အသုံးချနေတဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ပြစ်တင် ရှုံချတယ် ဆိုပြီး တော့လည်း G7 စိုက်ပျိုးရေး ဝန်ကြီးတွေက ဆိုပါတယ်။

ယူကရိန်းထဲ ရုရှားရဲ့ ကျူးကျော် ဝင်ရောက်မှုကြောင့် ကမ္ဘာ့ ဓာတ်မြေဩဇာ စျေးကွက်၊ လောင်စာဆီ စျေးကွက်၊ ကောက်ပဲ သီးနှံ စျေးကွက်တို့ ဆိုးရွားစွာ သက်ရောက် ရိုက်ခတ် ခံကြရပြီး၊ စျေးနှုန်း အဆမတန် မြင့်တက် ခဲ့ရတယ်လို့ ဆိုပါတယ်။

ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်း ကောက်နှံတွေကို တင်ပို့ခွင့် သက်တမ်း တိုးမတိုး ဆိုတာနဲ့ ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ဟာ မကြာခင်ပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်း အရှေ့ဘက်ခြမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်

တခါ၊ ယူကရိန်း နိုင်ငံထဲက တိုက်ပွဲတွေ အခြေအနေကို ကြည့်ရင်တော့ အရှေ့ဘက် ဒွန်နက်စ် နယ်ထဲက ဘာ့ခ်မွတ်နဲ့ မာရင်ကာ မြို့တွေဟာ တိုက်ပွဲ အပြင်းအထန်ဆုံး ရှေ့တန်း စစ်မျက်နှာပြင်တွေ ဖြစ်နေတယ် ဆိုပြီး၊ ယူကရိန်း စစ်တပ်က ပြောပါတယ်။

အဲဒီ ၂ မြို့ စလုံးကို သိမ်းပိုက်နိုင်ဖို့ ရုရှားတပ်တွေက ကြိုးစားနေတာပါ၊ သူတို့ ပြုလုပ် လာပြန်တဲ့ မြို့သိမ်း ထိုးစစ်တွေကို နောက်လန်သွားအောင် အခုတချီမှာလည်း ပြန်လည် တွန်းလှန် နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

အရှေ့ဘက်ခြမ်း နောက်ထပ် ပြည်နယ် ဖြစ်တဲ့ ခါးကစ်ဗ်ကို ကြည့်ရင်လည်း ရုရှားတပ်တွေရဲ့ ဒုံးကျည်လက်နက်ဒဏ်တွေ ဆက်လက် ခံနေကြရပါတယ်။ မနေ့ စနေနေ့က ဆိုရင် ရုရှားတို့ရဲ့ ရော့ကက် ဒုံးကျည်တွေ ထိမှန်တဲ့ အတွက် အသီးအရွက် စက်ရုံ တစ်ရုံနဲ့ လူနေအိမ်တွေ ထိခိုက် ပျက်စီး ခဲ့ရတယ်လို့ ခါးကစ်ဗ် ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဂျာမနီ အစိုးရဝန်ထမ်း သပိတ်တွေ အဆုံးသတ်ရေး လစာ ၅.၅% တိုးပေးဖို့ သဘာတူချက်ရ

သမဂ္ဂတွေဘက်က ၁၀ ရာခိုင်နှုန်းကျော် ခလစာတိုးဖို့ တောင်းဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမဂ္ဂတွေဘက်က ၁၀ ရာခိုင်နှုန်းကျော် ခလစာတိုးဖို့ တောင်းဆိုခဲ့

ဂျာမနီ နိုင်ငံမှာ အများပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာကို ၅.၅% တိုးမြှင့် ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဒီ လစာ တိုးမြှင့်မှုဟာ စာတိုက်၊ ပို့ဆောင်ရေးနဲ့ ကျန်းမာရေးတို့လို ဌာနတွေက ဝန်ထမ်း ၂ သန်းခွဲ ဝန်းကျင် အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

တိုးမြင့်လာနေတဲ့ လူနေမှု စားရိတ်တွေကို ကာမိစေဖို့ အတွက် လုပ်ခလစာလည်း တိုးမြှင့်ရရှိနိုင်ရေး တောင်းဆိုကြတဲ့ ဝန်ထမ်း သပိတ်တွေဟာ ဂျာမနီမှာ သီတင်းပတ် ပေါင်းများစွာ ထပ်ကျော့ ပေါ်ပေါက်နေခဲ့ပါတယ်။

အဲဒီလို သပိတ်မှောက်နေတာတွေကို အဆုံးသတ်နိုင်ရေး အတွက် အလုပ်သမားသမဂ္ဂတွေနဲ့ သက်ဆိုင်ရာ ဌာနတွေက တာဝန် ရှိသူတွေကြား မနေ့ညက အတော်လေး ညဉ့်နက်တဲ့ အထိ ဆွေးနွေးခဲ့ကြတာကနေ အခုလို သဘောတူမှု ရလာတာ ဖြစ်ပါတယ်။

အခု ရလာတာဟာ လုပ်ခလစာ ဆိုင်ရာ မျှတပြီး ကောင်းမွန်တဲ့ သဘောတူမှုဆိုပြီး ဂျာမနီ ပြည်ထဲရေး ဝန်ကြီး နန်စီ ဖေဆာက ကြိုဆိုပါတယ်။ အလုပ်သမားသမဂ္ဂတွေဘက်က လစာ ၁၀% ကျော် တိုးမြှင့်ပေးဖို့ အစောပိုင်းတုန်းက တောင်းဆို နေခဲ့ကြတာကနေ အခုလို ၅.၅% နဲ့ သဘောတူ လာကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲ မျောနေတဲ့ ငါးဖမ်းလှေပေါ် လူ ၁၀ ယောက်ကျော် သတ်ဖြတ်ခံထားရ

ပင်လယ်ဓားပြတွေ လက်ချက်လို့ ဒေသခံတွေ ယူဆနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပင်လယ်ဓားပြတွေ လက်ချက်လို့ ဒေသခံတွေ ယူဆနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ငါးဖမ်း စက်လှေ တစ်စင်းပေါ် သေဆုံးနေကြတဲ့ ငါးဖမ်းသမား ၁၁ ယောက်ရဲ့ အလောင်းတွေ တွေ့ရှိ ထားရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပင်လယ်ထဲ မျောနေတဲ့ အဲဒီ စက်လှေကို နောက် ငါးဖမ်း စက်လှေ တစ်စင်းက တွေ့ခဲ့ရတဲ့နောက် ကော့ဆက်ဘဇားဒေသ ကမ်းရိုးတန်း ရှိရာဆီ ဆွဲခေါ် လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ လှေဟာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်လောက် ကတည်းက ပင်လယ်ပြင်မှာ ငါးဖမ်း ထွက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လှေပေါ်က ငါးဖမ်းလုပ်သားတွေကို ပင်လယ်ဓားပြတွေက သတ်ဖြတ်ပြီး ထားခဲ့တာ ဖြစ်နိုင်တယ် ဆိုပြီး ဒေသခံတွေက ယူဆနေကြပါတယ်။

အခုနှစ်တွေ အတွင်း ငါးဖမ်းလှေတွေကို ပင်လယ်ဓားပြတွေ ပစ်မှတ်ထားပြီး တိုက်ခိုက်တာ အပြင်၊ လှေတွေကို ခိုးယူတာ၊ တခါတရံ အခုလိုမျိုး သတ်ဖြတ် ပစ်တာမျိုး အထိ ကျူးလွန်နေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ ဘက်ကလည်း စစ်ဆင်ရေးတွေ လုပ်ဆောင် နေကြရတယ်လို့ ဆိုပါတယ်။