အမေရိကန်သံတမန်တွေကို နှင်ထုတ်မယ်လို့ ရုရှားခြိမ်းခြောက် - မတ်လ ၇ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားအစိုးရက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးတွေမှာ အမေရိကန်အစိုးရက ဝင်ရောက်စွက်ဖက်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားမှာရှိတဲ့ အမေရိကန်သံတမန်တွေကို နိုင်ငံထဲကနေ နှင်ထုတ်မယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
ရုရှားဆန့်ကျင်ရေးအုပ်စုတွေကို အမေရိကန်အစိုးရက ငွေကြေးအထောက်အပံ့တွေ ပေးနေပြီး အခုလ ကျင်းပမယ့် ရုရှားသမ္မတ ရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းမှားတွေ ဖြန့်ချိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် လင်း ထရေစီ ဆီကတော့ တုံ့ပြန်ချက် တစ်စုံတရာ ထွက်ပေါ်မလာသေးပါဘူး။
လင်း ထရေစီဟာ မတ်လ ၁ ရက်နေ့က မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီရဲ့ စျာပန အခမ်အနားကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံခြား သံတမန်တွေထဲက တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ဂါဇာအပစ်ရပ်ဆွေးနွေးပွဲကနေ ဟားမတ်စ် နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကနေ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို အဆုံးသတ်ပေးဖို့၊ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့နဲ့ စစ်ဘေးရှောင် ပါလက်စတိုင်းဒုက္ခသည်တွေကို နေရပ် ပြန်သွားခွင့် ပြုဖို့ စတဲ့ တောင်းဆိုချက်တွေကို အစ္စရေးဘက်က လက်မခံဘဲ ငြင်းဆိုနေတဲ့အတွက် အပစ်ရပ် သဘောတူချက်တစ်ခု ရရေး ကြိုးပမ်းမှုတွေဟာ အစ္စရေးကြောင့် အချည်းနှီး ဖြစ်သွားခဲ့ရပြီလို့ ဟားမတ်စ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ကိုင်ရိုမြို့ဆွေးနွေးပွဲကို အစ္စရေးဘက်ကတော့ ကိုယ်စားလှယ်စေလွှတ်တာမျိုး မရှိခဲ့ဘဲ အသက်ရှင်ကျန်ရစ်နေဆဲ ဓားစာခံ စာရင်းကို အရင်ပေးဖို့ တောင်းဆိုထားပါတယ်။
ဟားမတ်စ်အဖွဲ့က သဘောတူချက်ရတဲ့အထိ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဂါဇာမှာ အငတ်ဘေး ဆိုက်ရောက်လုနီးပါး ဖြစ်လာနေချိန်မှာပဲ အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာထံက ဖိအားပေးမှုတွေ တိုးလာနေပါတယ်။
မွတ်ဆလင်တွေရဲ့ ဥပုသ်လ ဖြစ်တဲ့ ရာမာဒန်စတင်မယ့် လာမယ့် သီတင်းပတ်မှာ ရက် ၄၀ ကြာ ယာယီအပစ်အခတ် ရပ်စဲနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖယ်ရှားလို့ စီးပွားရေး လမ်းပွင့်လာတယ်လို့ မိုဒီပြော

ဓာတ်ပုံ ရင်းမြစ်, BJP SOCIAL MEDIA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ က အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖယ်ရှားလိုက်တဲ့အတွက် စီးပွားရေးတိုးတက်ဖို့ လမ်းပွင့်လာခဲ့တယ်လို့ ဒေသခံတွေကို ပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၇၀ ကို ဖယ်ရှားလိုက်တဲ့အတွက် ဂျမူးနဲ့ ကက်ရှ်မီးယားဒေသခံ တွေအနေနဲ့ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်သစ်ကို စတင်ခံစားရတော့မှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့ အဲဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖယ်ရှားလိုက်တဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းကစလို့ ပထမဆုံးအကြိမ်အဖြစ် မစ္စတာ မိုဒီ လာရောက်စဉ်အတွင်း အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆရင်နဂါမြို့က လူထုစည်းဝေးပွဲမှာ မစ္စတာ မိုဒီ မိန့်ခွန်းပြောစဉ် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်မတိုင်ခင် တင်ကြိုပြီး နောက်ထပ်စစ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ချထားခဲ့သလို ကင်းထောက် ဒရုန်းတွေလည်း လွှတ်ထားပါတယ်။ အဲဒီမှာ ခွဲထွက်ရေး သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ ကြိုကြား ကြိုကြား ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ် လာရာလမ်းတစ်လျှောက်က ကျောင်းတွေကို ပိတ်ထားလိုက်ပါတယ်။
အိန္ဒိယကရော ပါကစ္စတန်ကပါ ကက်ရှ်မီးယား ဒေသတစ်ခုလုံးကို သူတို့ အပြည့်အဝ ပိုင်ဆိုင်တယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တစ်ခြမ်းစီကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကို ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က မလုပ်စဖူး ကျယ်ပြန့်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်အစိုးရကို ဝေဖန်ပြောဆိုသွားခဲ့ပြီး ဂါဇာအရေး နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်ကို နှိပ်ကွပ်ဖို့ နည်းလမ်းသစ်တွေ ပြန်သုံးနေပြီး တဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အစဉ်တစိုက် လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ကပြောသွားပါတယ်။
ဂါဇာမှာ အပစ်ရပ်စဲဖို့နဲ့ ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့် အပြည့်အဝ ပေးဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်း အရေးနဲ့ ပတ်သက်လို့တော့ ဒီပဋိပက္ခမှာ တရုတ်အစိုးရအနေနဲ့ မျှတတဲ့ ရပ်တည်ချက် ထားရှိခဲ့တယ်လို့ မစ္စတာ ဝမ်ယီ က ပြောပါတယ်။ ဒါပေမဲ့ ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ရဲ့ လက်ထက်မှာ အင်အားကြီးနှစ်နိုင်ငံဆက်ဆံရေး ပုံစံသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်လို့ သူက ပြောသွားပါတယ်။








