ထိုင်ဝမ်ကိစ္စ အငြင်းပွားမှုကြောင့် တရုတ်နိုင်ငံသားတွေ ဂျပန်မသွားဖို့ တရုတ်အစိုးရ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Kyodo via Reuters
- ရေးသားသူ, ခိုအွေး
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကိုင်ချီရဲ့ ထိုင်ဝမ်အရေး ပြောဆိုခဲ့မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေ ဂျပန်နိုင်ငံကို မသွားကြဖို့ တိုက်တွန်းလိုက်ပြီး ဘေဂျင်းမြို့မှာ ရှိတဲ့ ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
တကယ်လို့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ခဲ့ရင် ဂျပန်က သူတို့ရဲ့ တပ်ဖွဲ့တွေနဲ့ တုန့်ပြန်ကောင်း တုန့်ပြန်မယ်ဆိုပြီး ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီက အရိပ်အမြွက်ပြောသွားခဲ့ရာကနေ တရုတ်နဲ့ ဂျပန်အကြား အပြန်အလှန် စကားစစ်ထိုးမှုတွေ အခုသီတင်းပတ်အတွင်း အရှိန်မြင့်လာခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အချင်းချင်းကြား အကြီးအကျယ် အပြန်အလှန် ကန့်ကွက်စာတွေ ပို့ခဲ့ကြပါတယ်။ တရုတ်သံတမန် တစ်ဦးကလည်း ဝင် ကန့်ကွက်ပြောဆိုခဲ့ရာမှာ တာကိုင်ချီကို ခေါင်းဖြတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်ထားတာလို့ တချို့က ဘာသာပြန်ခဲ့ကြပါတယ်။
အခု ဒီအငြင်းပွားမှုဟာ တရုတ်နဲ့ ဂျပန်အကြား သမိုင်းနဲ့ချီ ရန်လိုနေခဲ့မှုနဲ့ရော၊ ကိုယ့်ဆန္ဒနဲ့ကိုယ် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်လို့ ကာလတာရှည် မဟာဗျူဟာပိုင်း မရေမရာ ဖြစ်နေမှုနဲ့ပါ ဆက်နွှယ်နေပါတယ်။
ဘာတွေ ဖြစ်ခဲ့သလဲ
ထိုင်ဝမ်နဲ့ ပတ်သက်နေတဲ့ အခြေအနေတွေက ဂျပန်အတွက် ခြိမ်းခြောက်စရာ ဖြစ်လာနိုင်သလားဆိုပြီး ပြီးခဲ့တဲ့ သောကြာနေ့က ပါလီမန် အစည်းအဝေးတစ်ခုမှာ အတိုက်အခံအမတ်တစ်ဦးက ဝန်ကြီးချုပ် တာကိုင်ချီကို မေးခဲ့ရာကနေ လက်ရှိတင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
"တကယ်လို့ စစ်ရေယာဉ်တွေ၊ အင်အားသုံး တိုက်ခိုက်တာတွေ ရှိလာခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်နိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်တဲ့အခြေအနေ မြောက်တယ်" လို့ တာကိုင်ချီက ပြန်ဖြေခဲ့ပါတယ်။
ကိုယ့်နိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်တဲ့ အခြေအနေ ဆိုတာက ဂျပန်နိုင်ငံရဲ့ ၂၀၁၅ ခုနှစ် လုံခြုံရေးဥပဒေပါ ဥပဒေစည်းမျဉ်းတစ်ခု ဖြစ်ပြီး မဟာမိတ်နိုင်ငံတွေက ဂျပန်ရဲ့ တည်ရှိမှုအပေါ် ခြိမ်းခြောက်ဖို့ လက်နက်ကိုင် တိုက်ခိုက်တာမျိုးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။
တာကိုင်ချီရဲ့ ပြောဆိုချက်ကြောင့် တရုတ်အစိုးရကို ချက်ချင်း ဒေါသထွက်သွားစေခဲ့ပြီး ဒါဟာ စက်ဆုပ်စရာကောင်းတဲ့ ပြောဆိုချက် ဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ညွှန်းပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ စနေနေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့က တရုတ် ကောင်စစ်ဝန်ချုပ် ရှူဂျန်း က တာကိုင်ချီ ပါလီမန်မှာပြောသွားခဲ့တဲ့ မှတ်ချက်အကြောင်း သတင်းဆောင်းပါးတစ်ပုဒ်ကို X လူမှုကွန်ရက်ပေါ်မှာ ပြန်ရှယ်ခဲ့ပါတယ်။ အဲဒီပို့စ်အောက်က ကောမန့်မှာ ရှူဂျန်းက "သူ့ဟာသူ ကပ်နေတဲ့ ရွံစရာ ခေါင်းကို ဖြတ်ထုတ်ပစ်သင့်တယ်" ဆိုပြီး ဝင်ရေးခဲ့ပါတယ်။
ရှူဂျန်းရဲ့ ကောမန့်က ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့တာလည်း ဆိုတာ အသေအချာ မသိနိုင်ပေမဲ့ ဒီကောမန့်ဟာ အတော်လေးကို မလျော်ကန်ဘူးလို့ ဂျပန် ကက်ဘိနက်အဖွဲ့ အကြီးအကဲ မီနိုရူ ကီဟာရာ က တနင်္လာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရှူဂျန်းရဲ့ ကောမန့်နဲ့ ပတ်သက်လို့ ဂျပန်အစိုးရက တရုတ်အစိုးရကို ကန့်ကွက်စာ ပို့ခဲ့သလို တရုတ်အစိုးရကလည်း ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီရဲ့ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း ဂျပန်အစိုးရထံ စာပို့ခဲ့ပါတယ်။
ရှူဂျန်းရဲ့ ပို့စ်ကို အခုတော့ ပြန်ဖျက်သွားခဲ့ပါပြီ။ ဒါပေမဲ့ နှစ်ဘက်အကြား အပြန်အလှန် စကားစစ်ထိုးနေမှုတွေကတော့ မပြီးသေးပါဘူး။
သူပြောခဲ့တာကို ပြန်ရုတ်သိမ်းမပေးနိုင်ဘူးဆိုပြီး တာကိုင်ချီက အင်္ဂါနေ့က ငြင်းဆန်ခဲ့ပြီး သူပြောခဲ့တာဟာ ဂျပန်အစိုးရရဲ့ အစဉ်အလာ ရပ်တည်ချက်နဲ့ တစ်သားတည်းပဲ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုကစလို့ နောင်မှာ ဒီလို သီးခြား ဖြစ်ရပ်မျိုးအကြောင်း ပြောဆိုတဲ့အခါ သတိထား ပြောပါ့မယ်လို့တော့ ပြောခဲ့ပါတယ်။
အဲဒီနောက် ကြာသပတေးနေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အစိုးရအနေနဲ့ မီးနဲ့ ကစားနေတာကို ရပ်တန်းက ရပ်ဖို့ နဲ့ တကယ်လို့ ကျွန်းဆွယ်ဒေသ အခြေအနေကို ဂျပန်က ဝင်စွက်တာမျိုး လုပ်လာမယ်ဆိုရင် ဒါဟာ ရန်စမှုအဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်ဆိုပြီး သူတို့ရဲ့ X လူမှုကွန်ရက်ပေါ်ကနေ ဂျပန်ဘာသာနဲ့ရော၊ အင်္ဂလိပ်ဘာသာနဲ့ပါ ပို့စ်တင်ခဲ့ပါတယ်။
အဲဒီနေ့တနေ့တည်းမှာပဲ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ဆွန် ဝေဒေါင်း ကလည်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး သူတို့ရဲ့ မကြေနပ်ချက်ကို ခေါ်ပြောခဲ့ပါတယ်။
တာကိုင်ချီရဲ့ ပြောဆိုချက်ဟာ အကြီးအကျယ် မှားယွင်းနေပြီး အန္တရာယ်ကြီးလွန်းတယ်လို့ သူက ဆိုပြီး ဒီပြောဆိုချက်ကို ပြန်ရုပ်သိမ်းပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ရှင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ "ဒီလို မလုပ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ဂျပန်နိုင်ငံ ရင်ဆိုင်ရလိမ့်မယ်" လို့လည်း သူက သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက် သဘောထား မပြောင်းမလဲ ရှိနေတယ်လို့ ဂျပန်သံအမတ်ကြီးက ရှင်းပြခဲ့ပြီး တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေကို လက်မခံခဲ့ဘူးလို့ ဂျပန် ကက်ဘိနက်ဝန်ကြီးအဖွဲ့ အကြီးအကဲ မီနိုရူ ကီဟာရာ က သတင်းထောက်တွေကို သောကြာနေ့က ပြောခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးပြောဆိုခြင်းဖြင့်သာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုတဲ့အချက်က ဂျပန်အစိုးရ အမြဲ ထားရှိလာတဲ့ ရပ်တည်ချက် ဖြစ်ပါတယ် လို့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သူက ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်က ရှူဂျန်ရဲ့ ရေးသားချက်နဲ့ ပတ်သက်လို့ "သင့်လျော်တဲ့ အရေးယူမှု လုပ်ပေးဖို့ တရုတ်အစိုးရကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တယ်" လို့လည်း သူက ဖြည့်စွက်ပြောသွားခဲ့ပါတယ်။
အဲဒီနောက် သောကြာနေ့ညမှာ ဂျပန်မှာ ရှိတဲ့ တရုတ်သံရုံးက "ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ ဗြောင်ကျကျ ရန်စလိုက်တဲ့ ပြောဆိုချက်တွေကြောင့်" ဆိုပြီး တရုတ်နိုင်ငံသားတွေ "အခုလာမယ့်အချိန်အတွင်း ဂျပန်နိုင်ငံကို မလာရောက်ကြဖို့" တိုက်တွန်းထားတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကာလရှည်ကြာ ရန်လိုမှုသမိုင်း
တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံအကြား ရန်စောင်နေခဲ့ကြတာက အခုမှ မဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ ၁၈၀၀ ပြည့်လွန်နှစ်ပိုင်းတွေက လက်နက်ကိုင်စစ်ပွဲ ဆက်တိုက်ဖြစ်ခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်းကလည်း တရုတ်နိုင်ငံမှာ ဂျပန်က ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ခဲ့ချိန်ကတည်းက ဖြစ်ပါတယ်။
ကြာသပတေးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဂျပန်အစိုးရအနေနဲ့ သမိုင်းက သင်ခန်းစာကို မယူဘဲ လက်လွတ်စပယ် လုပ်မယ်၊ ထိုင်ဝမ်ကျွန်းဆွယ်ကိစ္စမှာ စစ်ရေးအရ ဝင်စွက်တဲ့နည်းကို သုံးလာမယ် ဆိုရင်တော့ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပြီး တရုတ်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ သံမဏိတံတိုင်းရှေ့မှာ ခါးသီးစွာ ပေးဆပ်ရမှာ ဖြစ်တယ်ဆိုပြီး သမိုင်းကြောင်းကို ညွှန်းဆို ဖော်ပြထားပါတယ်။
ဟိုးကတည်းက သမိုင်းကြောင်း မကြေနပ်မှုတွေက နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ မကြေလည်စရာ ကိစ္စတွေမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ တပည့်ရင်း တာကိုင်ချီ မကြာသေးခင်က ဝန်ကြီးချုပ် ဖြစ်လာတဲ့အတွက် နှစ်နိုင်ငံအကြား နောက်ထပ်တင်းမာမှုတွေ ရှေ့လျှောက် ရှိလာနိုင်ဖွယ် ရှိပါတယ်။
ရှေးရိုးစွဲဝါဒီ ဝန်ကြီးချုပ်ဟာ အမေရိကန်နဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိလိုနေပြီး ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ် တိုးမြှင့်ဖို့ ကတိပြုထားတာကြောင့် တရုတ်အစိုးရအတွက် စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးချုပ်သစ် တာကိုင်ချီ ဟာ တရုတ်အပေါ် ရန်လိုတတ်ပြီး ထိုင်ဝမ်ကို ကာလရှည်ကြာ ထောက်ခံအားပေးသူအဖြစ် နာမည်ကြီးပါတယ်။
ထိုင်ဝမ်ကို ပိတ်ဆို့ထားမယ်ဆိုရင် ဂျပန်ကို ခြိမ်းခြောက်ရာ ကျတယ်။ တရုတ်ရဲ့ ကျူးကျော်မှုကို တားဆီးဖို့ ဂျပန်က တပ်ဖွဲ့တွေ စေလွှတ်ကောင်း စေလွှတ်မယ်လို့ သူက အရင်တုန်းက ပြောထားခဲ့ဖူးပါတယ်။
တရုတ်အစိုးရဟာ အထူးသဖြင့် ထိုင်ဝမ်နဲ့ ပတ်သက်လို့ အထိမခံ ဖြစ်နေတာပါ။ ကိုယ့်ဆန္ဒနဲ့ ကိုယ် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ လက်အောက်ခံ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။ ထိုင်ဝမ်ကို ရဖို့ အင်အားသုံး တိုက်ခိုက်တာမျိုး ထည့်မတွက်ပဲ နေမှာ မဟုတ်ဘူးလို့ တရုတ်က ပြောထားပါတယ်။ ဒီရပ်တည်ချက်ကြောင့် ထိုင်ဝမ်အစိုးရနဲ့ ဒေသတွင်းက သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို စိတ်ရှုပ်ထွေးပူပန်မှုတွေ ဖြစ်လာစေပါတယ်။
အခုလအစောပိုင်းတုန်းက တောင်ကိုရီးယားမှာ ကျင်းပတဲ့ အေပက်ခ် ထိပ်သီးညီလာခံရဲ့ သီးခြား ဆွေးနွေးပွဲမှာ ထိုင်ဝမ်ထိပ်တန်း အရာရှိတစ်ဦးနဲ့ တွေ့ဆုံနေပုံတွေကို ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီက ပို့စ်တင်ခဲ့အပြီးမှာ တရုတ်အစိုးရက တာကိုင်ချီ ဟာ တရုတ်အစိုးရရဲ့ တရုတ်တစ်ပြည် ပေါ်လစီကို ချိုးဖောက်ဖို့ လုပ်နေတာ ဆိုပြီး စွပ်စွဲပြောကြား ခဲ့ပါတယ်။
တာကိုင်ချီရဲ့ လတ်တလော ပြောဆိုချက်က ဘာ့ကြောင့် ဒီလောက် ပြဿနာ တက်ခဲ့ရတာလဲ
ဂျပန်ဝန်ကြီးချုပ်ရဲ့ အခုလတ်တလောပြောကြားခဲ့ချက်ဟာ ဂျပန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်လို့ ကာလတာရှည်ထားရှိလာခဲ့တဲ့ မရေမရာ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီ ဆိုတာကို ဖော်ပြနေပါတယ်။
အရင်က ရပ်တည်ချက်ဟာ အမေရိကန် အစိုးရ ကာလတာရှည် ကျင့်သုံးလာခဲ့တဲ့ မဟာဗျူဟာပိုင်း မရေရာမှု ပေါ်လစီမူဝါဒနဲ့ အညီ ဖြစ်ပြီး ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်လာခဲ့ရင် ထိုင်ဝမ်ကို ကာကွယ်ဖို့ ဘာလုပ်မလဲ ဆိုတာအပေါ် ရေရေရာရာ ဆုံးဖြတ်မထားတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။
ဒီမရေမရာ ပေါ်လစီကြောင့် တရုတ်အစိုးရက ဟန့်တားတဲ့ပုံစံမျိုးကိုပဲ ဆယ်စုနှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီး တစ်ဘက်မှာလည်း စီးပွားရေးဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အချိန်ယူခဲ့ပါတယ်။
ဂျပန်အစိုးရရဲ့ တရားဝင် ရပ်တည်ချက်က ထိုင်ဝမ်အရေးကို ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုတဲ့ ရပ်တည်ချက်ဖြစ်ပြီး ဂျပန်အစိုးရတာဝန်ရှိသူတွေက လုံခြုံရေးကိစ္စ လူသိရှင်ကြား ဆွေးနွေးတဲ့အခါမျိုးမှာ ထိုင်ဝမ်အရေးကို ထည့်ပြောဖို့ ရှောင်လွှဲလေ့ ရှိကြပါတယ်။
မလွှဲမသွေ ထည့်ပြောရတဲ့အခါမျိုးမှာတော့ တရုတ်အစိုးရထံက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာမျိုးတွေ ခံရတတ်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ဒုဝန်ကြီးချုပ်ဖြစ်သူ တာရို အာဆို က တကယ်လို့ ထိုင်ဝမ် ကျူးကျော်တိုက်ခိုက်ခံရရင်အမေရိကန်နဲ့အတူ ဂျပန်က ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ လိုမှာ ဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် တရုတ်အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီအမှားကို ပြန်ပြင်ဖို့ ဂျပန်အစိုးရကို ပြောခဲ့ပါတယ်။
ခု လက်ရှိဖြစ်နေတဲ့ ရန်မီးကို ပိုဆိုးလာနေချိန်မှာပဲ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက "တာကိုင်ချီရဲ့ ပြောဆိုချက်ဟာ တရုတ်ရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်စွက်ဖက်တာပဲ" လို့ ပြောခဲ့ပါတယ်။
"ထိုင်ဝမ် ဟာ တရုတ်လက်အောက် ထိုင်ဝမ် ဖြစ်တယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရသူ လင်ဂျန်းက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ပက ဝင်စွက်သူတွေကို တရုတ်အစိုးရအနေနဲ့ သည်းခံမှာ မဟုတ်ဘူးလို့ လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
"ဂျပန်နိုင်ငံခေါင်းဆောင်က ဘယ်လို သတင်းစကား ပါးချင်နေတာလဲ။ "ထိုင်ဝမ်လွတ်လပ်ရေး" ဆိုပြီး "ခွဲထွက်ရေးအင်အားစု" တွေကို သတင်းစကားပါးဖို့ ကြိုးစားနေတာလား လို့ သူက ပြောပါတယ်။ "ဂျပန်အစိုးရက တရုတ်ရဲ့ အရေးပါတဲ့ အကျိုးစီးပွားကို စိန်ခေါ်ဖို့ နဲ့ တရုတ်နိုင်ငံ ပေါင်းစည်းရေးကို ဟန့်တားဖို့ လုပ်နေတာလား" လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။








