မြို့ပေါ်မှာပျော်နေပေမဲ့ အညာမှာပြေးနေရတဲ့ တန်ဆောင်တိုင်

ဓာတ်ပုံ ရင်းမြစ်, PRT
ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားကြတဲ့ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပါတယ်။
ရန်ကုန်အပါဝင် မန္တလေး၊ ပဲခူး၊ ပြင်ဦးလွင်၊ လားရှိုး စတဲ့ မြို့ပြတွေမှာ စစ်ကောင်စီက စီစဉ်ထားတဲ့ တန်ဆောင်တိုင် အထိမ်းအမှတ်ပွဲတွေ ပြုလုပ်နေကြပါတယ်။
စင်တင်တေးဂီတတွေ၊ မီးပုံးပျံပွဲတွေ၊ ပွဲဈေးတန်းတွေကို ရောင်စုံမီးရောင်တွေထွန်းညှိပြီး ကျင်းပကြတာဖြစ်ပါတယ်။
ဒီလိုပွဲမျိုးတွေကို စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာလည်း ကိုဗစ်မဖြစ်ခင်နဲ့ စစ်အာဏာအသိမ်းမခံရခင်က ကျင်းပခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခုနှစ် တန်ဆောင်တိုင်မှာတော့ ပုံစံမျိုးစုံနဲ့ စစ်ကြောင်းထိုးခံနေရတဲ့အတွက် ပျော်ရွှင်စရာ တန်ဆောင်တိုင်ဆိုတာ သူတို့နဲ့မဆိုင်သလို ခံစားနေကြရတယ်လို့ စစ်ဘေးသင့်ပြည်သူတွေက ပြောကြပါတယ်။
အကြောင်းရင်းကတော့ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံဘဲ တော်လှန်တာကြောင့် နည်းလမ်းမျိုးစုံနဲ့ စစ်ကြောင်းထိုးခံထားရတဲ့အတွက် ဘဝတွေ ကြေမွနေကြလို့ပါတဲ့၊ စစ်ဘေးရှောင်တွေက ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှာ ထွက်ပြေးနေရတဲ့မြိုင်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကြောင်းထိုးတိုက်ခိုက်ခံရတဲ့အထဲမှာ ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းထဲက မြိုင်မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာတော့ ပျော်စရာ ကထိန်ခင်းတဲ့အသံတွေ၊ ပျော်ပွဲရွှင်ပွဲတွေအစား စစ်ကြောင်းဝင်လို့ ထွက်ပြေးနေကြရပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးတွေရှိတဲ့ ရွာလို့ ဆိုကြတဲ့ သရက်ကွရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကံယာကောင်းကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ မရောက်ခင် နိုဝင်ဘာ ၆ ရက် ည ၉ နာရီလောက်မှာ ဝက်ပုတ်ရွာထဲကပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ပါတယ်။
ပျူစောထီးစခန်းက ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချောင်းဦးတိုကျေးရွာထဲကို ကျရောက်ပြီး သက်ကြီးရွယ်အို အဖိုးအဘွားလင်မယားနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ သေဆုံးသွားပြီး အမျိုးသမီးက ခြေထောက်ပြတ်သွားတယ်လို့ ပြောပါတယ်။
ပျုစောထီးကျေးရွာတွေကနေ စစ်ကြောင်းထွက်လာတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကံယာကောင်းရွာနဲ့ ချောင်းဦးတိုရွာအပါအဝင် ကျေးရွာတချို့က ရွာခံတွေ ထွက်ပြေးနေကြရပါတယ်။
လွမ်းစရာ့ မြိုင် တန်ဆောင်တိုင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ကျနော်တို့မှာ ဘာပွဲမှမရှိဘူး။ စစ်ဘေးရှောင်တွေပဲရှိတယ်”လို့ မြိုင်မြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
တန်ဆောင်မုန်းလဟာ မြိုင်နယ်မှာတော့ မြေပဲတွေပေါ်တဲ့ကာလပါ။ ပဲတွေကို ခူးဆွတ်ပြီးတဲ့အခါ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘုန်းကြီးကျောင်းကို ကထိန်ပဒေသာပင်တွေနဲ့အတူ ပဲတွေကို လှူဒါန်းကြပါတယ်။ ညနေဘက်မှာတော့ ကလေးတွေ၊ လူငယ်တွေက တစ်အိမ်တက်ဆင်း ဆန်၊ ဆီ၊ ပဲ စတာတွေကို လိုက်တောင်းကြပါတယ်။ ရလာတာတွေကို အဖွဲ့လိုက် ချက်ပြုတ်ပြီး စားသောက်ခဲ့ကြတာဟာ လပြည့်နေ့ ညနေခင်းတွေက ပျော်စရာကောင်းခဲ့တယ်လို့ ပြောပါတယ်။
“အခုတော့ စိတ်ကူးတောင်မယဉ်နိုင်ပါဘူးဗျာ။ စစ်ကောင်စီက ဖမ်းသွားပြီး ပြန်မလွတ်လာသေးတဲ့ မိသားစုတွေ၊ တောထဲရှောင်နေရတဲ့ မိသားစုတွေ၊ အသတ်ခံရလို့ လူမစုံတော့တဲ့ မိသားစုတွေ၊ ပြာဖြစ်သွားတဲ့ အိမ်တွေနဲ့ လပြည့်နေ့ဆိုတာလည်း မသိတော့ပါဘူး”
ဒ့ါအပြင် ၂၀၁၅ ခုနှစ်က မီးရခဲ့တဲ့ အညာမြေ မြိုင်မြို့နယ်ဟာ မီးဖျက်ခံထားရတာ သုံးလရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
“အခုတော့ လရောင်ပဲ မြင်ရတာပေါ့ဗျာ။ လရောင် ထိန်ထိန်အောက်မှာ မနက်ဖြန် ဘာလုပ်ကြမယ်၊ ဘာစားကြမယ်လို့ မတွေးရဘဲ စစ်ကြောင်းဘယ်ကိုများ ဝင်မလဲလို့ တွေးပူနေရတာပဲရှိတယ်”လို့ ပြောပါတယ်။
တန်ဆောင်တိုင်မှာ စည်ကားခဲ့တဲ့ တချိန်က ဒီပဲယင်းမြို့နယ်က မှူးကမ်းကြီး

ဓာတ်ပုံ ရင်းမြစ်, CJ
လေကြောင်း ၊ ကုန်းကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခံရပြီး နေအိမ်တွေမီးရှို့ခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်က မူးကမ်းကြီးကျေးရွာဟာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတစ်ရွာပါ။ ရွာထဲမှာတင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းကျော်ရှိပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာအသိမ်းမခံရခင် အရင်နှစ် တန်ဆောင်တိုင်တွေဟာ ပျော်ရွှင်စရာကာလတွေဖြစ်ခဲ့ကြပါတယ်။
တန်ဆောင်တိုင်မရောက်ခင် တစ်လလောက်အကြိုကတည်းက ပြဇာတ်တွေကဖို့ ဇာတ်တိုက်ကြတာ၊ သီချင်းတွေဆိုကြဖို့ သီချင်းတိုက်ကြတာတွေနဲ့ လူငယ်တွေ အလုပ်ရှုပ်နေကြရသလို လူကြီးပိုင်းတွေကလည်း စုပေါင်းကထိန်တွေ၊ တစ်ဦးတည်း ကထိန်တွေ လှူဒါန်းဖို့အတွက် အလုပ်တွေရှုပ်ခဲ့ကြပါတယ်။
“ဒီကာလက စပါးတွေသီးနေပြီ၊ ရိတ်တော့ မရိတ်ရသေးဘူး။ ပဲတွေလည်း မပေါ်ကြသေးပါဘူး။ အဲဒါကြောင့် ပြတ်တုန်းလပ်တုန်း တန်ဆောင်မုန်းလို့တောင် ခေါ်ကြတာ။ ငွေမရွှင်ကြသေးပေမဲ့ ကထိန်အလှူအတွက်တော့ မဖြစ်ဖြစ်အောင် လုပ်ခဲ့ကြတာ အရမ်းပျော်စရာကောင်းခဲ့တဲ့ ကာလတွေပါ”လို့ အသက် ၅၀ ကျော်အရွယ် ဦးမျိုးအောင်က သူတို့ကျေးရွာကြီးရဲ့ တန်ဆောင်တိုင်ကာလကို ပြန်ပြောပြပါတယ်။
စစ်အာဏာသိမ်းတာကို လက်မခံခဲ့ဘဲ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ကြတဲ့အတွက် ဒီနှစ် ဇွန်နဲ့ ဩဂုတ် မှာ နှစ်ကြိမ်တိုင်တိုင် မီးရှို့ခံခဲ့ကြရပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ၊ စပါးခြွေစက်တွေ၊ မျိုးစပါးတွေအပါဝင် အိမ်ခြေ ၈၀၀ နီးပါး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။
မုံရွာ-ပုသိမ် ကားလမ်းမဘေးမှာရှိခဲ့ပြီး စီးပွားရေးတောင့်တင်းခဲ့လို့ ကထိန်ပွဲတွေမှာ ဆူညံကခုန်နေကြခဲ့ကြတဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဒီနှစ်မှာတော့ တိတ်ဆိတ်နေကြပါတော့တယ်။
စီးပွားရေးကျဆင်းသွားတာအပြင် ၊ သွားရေးလာရေးတွေ ဖြတ်တောက်ခံရတာ၊ အသက်မလုံခြုံတာတွေက သူတို့အတွက် ပျော်စရာတွေအစား နေရာယူလာတဲ့ စိုးရိမ်စိတ်တွေသာ ရှိပါတော့တယ်။
အစဉ်အလာတွေလည်း မထိန်းနိုင်တော့
တချိန်က ရွာထုံးတမ်းအစဉ်အလာနဲ့ မုန့်တွေအချင်းချင်း လဲလှယ်စားသောက်ခဲ့ကြတာတွေကလည်း လွမ်းစရာအဖြစ် ကျန်နေခဲ့ပါတယ်။
“ဒီနေ့တောင် ပြောဖြစ်ကြသေးတယ်၊ အရင်ကဆို အိမ်တိုင်းက ထုံးတမ်းအစဉ်အလာနဲ့ မုန့်ဖက်ထုပ်၊ မုန့်ပေါက်ကျော်၊ မုန့်ဆီကြော်၊ မုန့်လက်ခတ်၊ ငှက်ပျောသီး အစုံပေါ့ဗျာ လုပ်ကြတာ၊ အခုဆို မလုပ်ဖြစ်ကြတော့ဘူးဗျ။ ဘာလို့ဆို လုပ်ချင်စိတ်လည်းမရှိတော့ဘူး။ ကျပ်တည်းနေတော့ မလုပ်နိုင်ကြတော့ဘူး”
တချိန်က တန်ဆောင်မုန်း လပြည့်ညဆိုရင်လည်း မူးကမ်းကြီးကျေးရွာ လမ်းမတစ်လျှောက် မီးရောင်စုံတွေ ထွန်းညှိကြသလို ပံ့သကူပစ်တဲ့သူတွေ၊ ပံ့သကူ လိုက်ရှာတဲ့သူတွေ၊ မုန့်လုပ်စားကြသူတွေ၊ မယ်ဇလီဖူးသုပ် လက်ဖက်ရည်ကြမ်းနဲ့ စကားဝိုင်းဖွဲ့နေသူတွေနဲ့ စည်ကားနေခဲ့ကြပါတယ်။
အခုတန်ဆောင်မုန်းမှာတော့ နေ့ရော၊ ညပါ မလုံခြုံမှုတွေခံစားနေကြရပါတယ်။
“မလုံခြုံမှုခံစားရတာတော့ ကြာပြီပေါ့။ တခြားနေရာ ဘယ်နေရာမှာတော့ မီးပုံးပျံပွဲတွေ၊ ကထိန်ပွဲတွေ လုပ်နေတယ်ဆိုတာတွေတော့ ကြားရတာပ။ အဲဒီလိုမျိုးမှာ ဘယ်လိုမျိုးနဲ့များ လုပ်နေတာလဲလို့ တွေးကြည့်မိပါတယ်။” လို့ ဦးမျိုးအောင်က ပြောပါတယ်။
နောက်နှစ် တန်ဆောင်တိုင်မှာ ပျော်ရွှင်ခွင့်ရဖို့ မျှော်လင့်မိသလားဆိုတာကို ဦးမျိုးအောင်က “စိတ်ထဲရှိတာပြောရရင် အရင်လိုပဲ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တာပေါ့ဗျာ။ ဒါပေမဲ့ အခုက ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ မပြောနိုင်တဲ့အနေထားဗျ။ ဒီပဲယင်းက အဖိနှိပ်ခံနေရတာဆိုတော့ဗျာ ဘယ်အချိန်မှာ ဘာဖြစ်သွားမယ်ဆိုတာက ပြောမရဘူးဆိုတော့ နောင်နှစ်ဆိုတာကို မျှော်မှန်းပြောဖို့က ခဲယဉ်းနေတယ်။ နောင်နှစ်တန်ဆောင်တိုင်အထိ အသက်ဆက်ရှိပါမလား အာမမခံနိုင်ဘူးလေ။”
ကျပ်တည်းနေတဲ့ အညာမြေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်း စစ်ဘေးရှောင် ထောက်ပံ့ရေး Facebook
ကိုယ့်ဝမ်းစာသာမက နိုင်ငံရဲ့ အစာဖူလုံဖို့အတွက်ပါ အရေးပါလှတဲ့ အညာမြေ စစ်ကိုင်းနဲ့ မကွေးတိုင်းကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်ဟာ စစ်ကိုင်းတိုင်းက ၂ သောင်း ၅ ထောင်ကျော်၊ မကွေးတိုင်းက ၈ ထောင်ကျော်နဲ့ အများဆုံးဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင် ၃ ဒသမ ၁ သန်းကျော်မှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အရေအတွက် ၆ သိန်း ၈ သောင်းကျော်ရှိနေတာပါ။ မကွေးတိုင်းကတော့ ၂ သိန်း ၄ သောင်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသုတေသနပြုနေတဲ့ ISP မြန်မာ အဖွဲ့ရဲ့ အချက်လက်တွေအရ သိရပါတယ်။
“ကျနော်တို့မှာ အစစ အရာရာ ကျပ်တည်းနေတယ်။ ဖျက်ဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေနဲ့ ဘဝတွေက ကြေမွနေပြီ။ ပျော်နေတဲ့သူတွေက ပျော်နေတာ၊ မပျော်နိုင်တဲ့ ကျနော်တို့ကတော့ ခံစားချက်တော့ ဖော်မပြတတ်ဘူးပေါ့ဗျာ”လို့ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာက ဦးမျိုးအောင်က လက်ရှိ အခြေအနေကို ပြောပြပါတယ်။








