ဘီဘီစီကို တရားစွဲမယ်လို့ ထရမ့်ခြိမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဘီဘီစီကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်တဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဘီဘီစီ အနေနဲ့ အဲဒီစာကို လက်ခံရရှိကြောင်း အတည်ပြုထားပြီး သင့်လျော်တဲ့အချိန်ကျရင် ပြန်လည် တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။
အမေရိကန် သတင်းမီဒီယာတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေရေးရာ အဖွဲ့က ဘီဘီစီကို ပေးပို့ခဲ့တယ်ဆိုတဲ့ စာတစ်စောင်အကြောင်း သတင်းတင်ပြနေကြပါတယ်။
အဲဒီစာက ဘီဘီစီကို Panorama မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး "ပြည့်စုံပြီး တရားမျှတတဲ့ ရုပ်သိမ်းကြောင်း ကြေညာချက်" ထုတ်ပြန်ဖို့အတွက် နိုဝင်ဘာလ ၁၄ ရက် သောကြာနေ့၊ ည ၁၀ နာရီ GMT (ညနေ ၅ နာရီ EST) ကို နောက်ဆုံးထား သတ်မှတ်ပေးခဲ့ပါတယ်။ ဒါမှမဟုတ်ရင် ဒေါ်လာ ၁ ဘီလျံ (ပေါင် ၇၆၀ သန်း) နဲ့ တရားစွဲခံရမှာ ဖြစ်ပါတယ်။
အဲဒီစာမှာ "ဘီဘီစီဟာ အထက်ဖော်ပြပါ အချက်ကို နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်၊ ညနေ ၅ နာရီ EST အထိ မလိုက်နာပါက သမ္မတ ထရမ့်ဟာ သူ့ရဲ့ တရားဥပဒေဆိုင်ရာနဲ့ တရားမျှတတဲ့ အခွင့်အရေးတွေကို အကောင်အထည်ဖော်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ အဲဒီအခွင့်အရေးတွေ အားလုံးကို ရှင်းရှင်းလင်းလင်း ထိန်းသိမ်းထားပြီး မလျှော့ချထားပါဘူး။ အနည်းဆုံး ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀ (ဒေါ်လာ တစ်ဘီလျံ) လျော်ကြေးအတွက် တရားဥပဒေအရ အရေးယူမှုကို စတင်တာလည်း ပါဝင်ပါတယ်။ ဘီဘီစီကို အသိပေးထားပါတယ်" လို့ ရေးထားပါတယ်။
တုံ့ပြန်မှုတွေ
ဒေါ်နယ်ထရမ့်က ဘီဘီစီကို တရားစွဲမယ်လို့ ခြိမ်းခြောက်နေကြောင်း ဘီဘီစီ အနေနဲ့ မသိရခင် အချိန်လေးမှာ လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် အက်ဒ် ဒေဗီက အမေရိကန် သမ္မတဟာ ပြီးခဲ့တဲ့ညက ဘီဘီစီကို ဝေဖန်ပြောကြားခဲ့တဲ့ မှတ်ချက်တွေကို အစိုးရအနေနဲ့ ရှုတ်ချဖို့ တောင်းဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ထရမ့်ဟာ ပေါက်ကြားခဲ့တဲ့ မှတ်တမ်းကို ထုတ်ဝေခဲ့တဲ့ တယ်လီဂရပ်ဖ် သတင်းစာကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး Panorama အစီအစဥ်တစ်ခုမှာ သုံးခဲ့တဲ့ မိန့်ခွန်းတစ်ခုကို တည်းဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ သတင်းသမားတွေကို "အကျင့်ပျက်ခြစားသူ" တွေနဲ့ "အလွန်မရိုးသားသူ" တွေလို့ ခေါ်ခဲ့ပါတယ်။
ဘီဘီစီ ဥက္ကဋ္ဌ ဆမီယာ ရှားကတော့ "သမ္မတ ထရမ့်ရဲ့ လူတွေဆီက အဆက်အသွယ် ရထားပါတယ်။ သူ့ကို ဘယ်လို ပြန်ကြားရမလဲဆိုတာ စဥ်းစားနေပါတယ်" လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ သဘောထား
ဒီအခြေအနေတွေကို ဗြိတိန်ဝန်ကြီးချုပ်ရဲ့ သဘောထားသိရဖို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူကို မေးခဲ့ရာမှာ ပြောခွင့်ရသူက ဝန်ကြီးချုပ်ဟာ ဘီဘီစီ ကို "အဖွဲ့အစည်းအနေနဲ့ ဘက်လိုက်မှု" ရှိတယ်လို့ မယုံကြည်ကြောင်း ပြောပါတယ်။
သူက "ဘီဘီစီ အနေနဲ့ ယုံကြည်မှု ထိန်းသိမ်းဖို့နဲ့ အမှားတွေ ဖြစ်ပေါ်လာတဲ့အခါ အမြန်ဆုံး ပြင်ဆင်ဖို့ အရေးကြီးပါတယ်... ဘယ် ပြည်သူ့ဝန်ဆောင်မှု ထုတ်လွှင့်ရေးအတွက်မဆို တာဝန်ခံမှုဟာ အရေးပါပါတယ်" လို့လည်း ပြောပါတယ်။
ဘီဘီစီက သတင်းသမားတချို့ကို "အကျင့်ပျက်ခြစားသူ" လို့ သမ္မတ ထရမ့်က သုံးခဲ့တဲ့ စကားလုံးကိုလည်း ယူကေအစိုးရဟာ ငြင်းခဲ့ပါတယ်။
အမှားတွေ ရှိခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နဲ့ သတင်းဌာန အမှုဆောင်အရာရှိချုပ်တို့က တာဝန်ယူခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နုတ်ထွက်သွားသူတွေကို ဘယ်တော့ အစားထိုးမလဲ

မနေ့က အရာရှိကြီးနှစ်ဦး နုတ်ထွက်ခဲ့ပေမဲ့ နုတ်ထွက်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ် တင်ဒေးဗီး နဲ့ သတင်းဌာန အမှုဆောင်အရာရှိချုပ် ဒယ်ဘရာ တားနက်စ် တို့ဟာ ဘီဘီစီကနေ ချက်ချင်း ထွက်ခွာမယ်လို့ မမျှော်လင့်ရပါဘူး။
သူတို့ ထွက်ခွာမယ့် အချိန်ဇယား နဲ့ သူတို့ကို အစားထိုးမယ့်သူတွေ ခန့်အပ်တာကို အတည်ပြုထားတာ မရှိသေးပါဘူး။
အကြံပေးရဲ့ ပြောကြားချက်
ဘီဘီစီ အရာရှိကြီးတွေရဲ့ နုတ်ထွက်မှုဟာ ဘီဘီစီရဲ့ လွတ်လပ်တဲ့ အကြံပေး မိုက်ကယ်လ် ပရက်စ်စကော့က ရေးသားပြီး ဘီဘီစီ ဘုတ်အဖွဲ့ထံ ပေးပို့ခဲ့တဲ့ မှတ်တမ်းတစ်ခုကြောင့် ဖြစ်ပါတယ်။
ဘီဘီစီ အဖွဲ့အစည်း အကြီးအကဲတွေရဲ့ 'အရေးယူလုပ်ဆောင်မှု မရှိတဲ့အတွက်ကြောင့် စိတ်ပျက်စွာနဲ့' မှတ်တမ်း ပေးပို့ခဲ့တယ်လို့ ဘီဘီစီ အကြံပေးက ပြောခဲ့ပါတယ်။
ပရက်စကော့ဟာ ဇွန်လမှာ မထွက်ခွာခင် သုံးနှစ်တာကာလအထိ ဘီဘီစီ ရဲ့ တည်းဖြတ်မှု လမ်းညွှန်ချက်နဲ့ စံနှုန်းများ ဘုတ်အဖွဲ့ရဲ့ လွတ်လပ်တဲ့ အကြံပေးတစ်ဦး ဖြစ်ခဲ့ပါတယ်။
အဲဒီ အကျယ်တ၀င့် အချက်အလက် မှတ်တမ်းဟာ Daily Telegraph သတင်းစာဆီကို ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။








