သင်္ကြန်ပိတ်ရက်ရှည် ဟိုတယ်ခန်းမှာယူမှု ပြည်တွင်းခရီးသွားတွေနဲ့ ပြည့်

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
လာမယ့် သင်္ကြန်ကာလ ပိတ်ရက်ရှည်အတွက် နိုင်ငံတဝန်းခရီးသွားဒေသအများစုမှာရှိတဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေမှာ အားလုံးနီးပါး အခန်းကြိုတင်အမှာတွေ ပြည့်နေပြီးအများစုဟာ ပြည်တွင်းခရီးသွား ဧည့်သည်တွေဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
နိုင်ငံတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်ကျရောက်မယ့် အခုနှစ်သင်္ကြန်ကာလဟာ စစ်အာဏာသိမ်းမှုအောက် သုံးကြိမ်မြောက်ကျရောက်မယ့်နှစ် ဖြစ်ပါတယ်။
ဒီနှစ်မှာ သင်္ကြန်တွင်းရက်တွေ အပါအဝင် ရက်ရှည်ပိတ်ရည်တွေအတွက် ခရီးသွားဧည့်သည်တွေဟာ ကြိုတင် အခန်းငှားမှာယူတာတွေရှိလို့ ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ အင်းလေးက ဟိုတယ်အားလုံးနီးပါး ပြည့်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါပေမဲ့ ဒေသမတည်ငြိမ်မှုတွေကြား သင်္ကြန်အခါတွင်း ခရီးသွားတွေမှာ ပြည်တွင်းဧည့်သာ များပြီး ပြည်ပခရီးသွားဧည့်သည်ဟာ ကိုဗစ်မတိုင်ခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်း တောင်မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေနေကြောင့် တည်းခိုတာနဲ့ ခရီးသွားဝန်ဆောင်ရာမှာ လုံခြုံရေးအာမခံတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းထားတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားလာရေးဝန်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
နိုင်ငံခြားခရီးသွားတွေအတွက် စီစဥ်ပေးရာမှာ လေယာဥ်လမ်းကြောင်းတွေ အပြည့်အဝ မရှိလို့ ကားလမ်းကြောင်းနဲ့ချည်း စီစဥ်ပေးရကြောင်းနဲ့ အဲဒီအတွက် အာမခံချက်ပေးသူ မရှိသလို မြန်မာနိုင်ငံကိုသွားမယ့်ခရီးသွားတွေအတွက် အသက်အာမခံလည်း မပေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ငပလီနဲ့ ဧရာဝတီတိုင်း ချောင်းသာ၊ ငွေဆောင်တွေမှာ ဟိုတယ်၊ တည်းခိုခန်းတွေဟာလည်း လာမယ့် ဧပြီ ၁၀ရက်ကနေ ၁၆ရက်ထိ ကြိုတင်အခန်းမှာယူတာ ပြည့်နေပြီး လုံးချင်းအိမ်တွေမှာပါ အခန်းမှာတာတွေ ပြည့်နေပြီလို့ သိရပါတယ်။
နှစ်စဉ် ရုံးပိတ်ရက်ရှည် အချိန်တိုင်း ခရီးသွားဧည့်သည် အလာများတဲ့ မန္တလေးတိုင်း ပုဂံမှာလည်း ဒီနှစ် သင်္ကြန်ရက်တွေအတွက် ကြိုတင်အခန်းမှာယူမှုတွေ ပြည့်နေပြီး တည်းခိုစရာ ဘုန်းကြီးကျောင်းကအစ ကြိုတင်ချိတ်ထားတာတွေပါ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ဒီနှစ် ပုဂံလာရောက်တဲ့ ခရီးသည်တွေအကြောင်းကို ခရီးသွားလမ်းညွှန်လုပ်ကိုင်နေသူ တစ်ဦးက အခုလိုပြောပါတယ်။
“ကိုယ်ပိုင်အစီအစဥ်နဲ့ ပြည်တွင်းကပဲ ဘုရားဖူးတွေ လာကြတာ များပါတယ်။ မနှစ်ကလည်း ပုဂံမှာ မဏ္ဍပ်တွေ မရှိဘူး။ အစိုးရနဲ့ပတ်သက်တဲ့ ဗဟိုမဏ္ဍပ်တော့ ရှိပေမဲ့ မဖြတ်ကြဘူး။ အခုဆို ပုဂံဘုရားဖူးလာရင် စွယ်တော်ဘုရားသုံးဆူပဲ အသွားများကြတယ်။”
“နယ်မြေမအေးချမ်းတော့ မြစ်ကူးပြီးတော့ မသွားကြဘူး။ ပြည်ပဧည့်သည်တွေ အဆက်အသွယ်တော့ ရှိပါတယ်။ ခရီးသွားအေးဂျင့်တွေကပါ အသက်လုံခြုံမှု အာမခံ မပေးနိုင်တော့ ကိုယ်လည်း ဂိုက်လုပ်ဖို့ လက်မခံရဲဘူးလေ။”
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းကို သာမန်ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိသလောက် နည်းပါးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စီးပွားရေးလုပ်ငန်းနဲ့ လာရောက်တဲ့ ပြည်ပခရီးသွားတွေရှိလာပြီး ဒီနှစ်ဆန်းပိုင်းမှာလည်း ပြည်ပဧည့်သည် စီးပွားရေးနဲ့ တစ်ဦးချင်းခရီးသွားတွေ ရှိပေမဲ့ အများစုက တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံဘက်ကသာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး အသင်းအဖွဲ့တွေက ပြောပါတယ်။








