ပဋိပက္ခတွေကြား ဒီဇင်ဘာ ခရီးသွားကာလ ခရီးသွား သုံးသိန်းဝန်းကျင်အထိ ရှိတယ်လို့ဆို

ခရီးသွားတွေ အဝင်များလာတဲ့ နေရာတွေမှာ ကမ်းခြေဒေသတွေပါ
ဓာတ်ပုံ ပုံစာ, ခရီးသွားတွေ အဝင်များလာတဲ့ နေရာတွေမှာ ကမ်းခြေဒေသတွေပါ

ပြည်တွင်းခရီးသွားဒေသတွေမှာ အခုနှစ် ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေအတွင်း ခရီးသည်ဝင်ရောက်မှု အရင်ကထက် ပိုတိုးလာနေပြီး ဒီဇင်ဘာလမှာ ခရီးသွားသူ ၃ သိန်းဝန်းကျင်အထိ ရှိလာတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှောင်းနှောင်းဟန်က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းကာလမှာ အခုလို ပြန်တိုးလာခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း ပွဲတော်ရာသီကာလ ရန်ကုန်မြို့က အများပြည်သူသွားလာ‌တဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

အခု ဒီဇင်ဘာရုံးပိတ်ရက်ကာလတွေမှာ ပြည်တွင်းခရီးသွားလာသူတွေ သိသိသာသာများလာတဲ့ နေရာတွေဟာ ကမ်းခြေဒေသ‌တွေအပြင် ရှမ်းပြည်နယ် ကလော၊ မန္တလေးတိုင်း ပြင်ဦးလွင်လို တောင်ပေါ်ဒေသတွေ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ချင်း၊ ကရင် ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ကာလရှည် ဖြစ်နေခဲ့ပြီး လမ်းပိတ်ဆို့တာတွေလည်း မကြာခဏဖြစ်လေ့ရှိပါတယ်။

ခရီးသွားလုပ်ငန်း အခြေအနေ ပတ်သက်လို့ ဦးနောင်းနောင်းဟန်က အခုလို ပြောပါတယ်။

“နယူးရီးယားနဲ့ ဒီခရစ်စမတ်ဝန်းကျင်က ခရီးသည် အများဆုံး လက်ခံရရှိတဲ့ အခြေအနေပေါ့။ ကျွန်တော်တို့အတွက် challenging ပေါ့ အလုပ်အကိုင် အကုန်လုံးက။ ခရီးစဥ်တွေ စီစဥ်တယ်ဆိုလို့ရှိရင် risk ယူပြီးမှာ စီစဥ်ရသလို ဖြစ်နေတယ်။”

“ကျွန်တော်တို့က လွတ်လွတ်လပ်လပ် ကြေညာပြီးတော့ ရောင်းချင်ပေမဲ့လည်း တစ်ဖက်မှာကျတော့ ဒါ အပျော်သွားနေကြတာလား ပြန်ပြီးတော့ မေးခွန်းထုတ်တဲ့သူတွေက ပိုများလာတာပဲ။”

အာဏာသိမ်းမှုရော၊ ကိုဗစ်ကပ်ရောဂါပါ မရှိခဲ့ချိန်က ဒီဇင်ဘာလတိုင်း ခရီးသွားများလေ့ရှိခဲ့တဲ့ စစ်ကိုင်း အင်းတော်ကြီးခရီးစဉ်အပြင် ကယားနဲ့ ချင်းပြည်နယ်ဘက်ကိုတော့ လည်ပတ်မှုတွေ မရှိသလောက် ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုလို ရာသီ ခရီးသွား အဝင်များတဲ့ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဥ်မှာလည်း လူသေဆုံးမှုဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်း လာရောက် လည်ပတ်သူတွေ နည်းပါးနေတယ်လို့ ဆိုပါတယ်။

တာမွေဘုရားပွဲစျေး ပေါက်ကွဲမှုမှာ ဒဏ်ရာရသူတချို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တာမွေဘုရားပွဲစျေး ပေါက်ကွဲမှုမှာ ဒဏ်ရာရသူတချို့ရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်မြို့မှာတော့ အခု ဒီဇင်ဘာလကုန်ပိုင်းမှာ အများပြည်သူအသုံးပြုတဲ့ ချယ်ရီမြစ်ကူးသင်္ဘော၊ စမ်းချောင်း ဂွစျေးအပါအဝင် ဘုရားပွဲစျေးတချို့မှာပါ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

မနေ့ ဒီဇင်ဘာ ၂၃ရက် ည ၉နာရီဝန်းကျင်မှာလည်း တာမွေမြို့နယ်၊ နိဂြောဓလမ်းမပေါ်မှာ ပြုလုပ်နေတဲ့ ဘုရားပွဲစျေးအနီး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ က‌လေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒဏ်ရာရခဲ့သူတွေဟာ တောင်းရမ်းစားသောက်သူတွေလို့ သိရတဲ့အကြောင်း တာမွေမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ ဒဏ်ရာရသူ အမျိုးသမီး လက်ချောင်းတချို့ ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

အခုလို ပွဲလမ်းတွေကို မသွားကြဖို့ တားနေကြားက ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

ပေါက်ကွဲမှုနောက် ဘုရားပွဲစျေး ပိတ်မသွားဘဲ ဇန်နဝါရီလ ပထမပတ်လောက်အထိ ဆက်ရှိမယ်လို့ လည်းသိရပါတယ်။ ဘုရားပွဲကို ကိုဗစ်ကာလကတည်းက နားထားခဲ့ပြီးနောက် အခုမှ ပြန်ကျင်းပတာလို့ ဆိုပါတယ်။

တာမွေပွဲစျေးက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရော ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ ဘက်ကပါ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီအချိန်အထိ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

နာမည်ကျော်အဆိုတော်တွေလာရောက်သီဆိုတဲ့ ပြင်ဦးလွင် ပန်းပွဲတော်က အစီအစဥ်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, National Kandawgyi Gardens

ဓာတ်ပုံ ပုံစာ, နာမည်ကျော်အဆိုတော်တွေလာရောက်သီဆိုတဲ့ ပြင်ဦးလွင် ပန်းပွဲတော်က အစီအစဥ်တစ်ခု

ကိုဗစ်ကူးစက်သူတွေ လျော့ကျလာတဲ့နောက် ဘုရားပွဲတော်နဲ့ ရာသီအလိုက် ပွဲတော်၊အခမ်းအနားတွေကို စစ်ကောင်စီက ခွင့်ပြုကျင်းပနေပြီး ပြည်တွင်းပုံမှန် အတိုင်း လည်ပတ်နေတဲ့ အခြေအနေကို စစ်ကောင်စီက အလိုရှိနေပါတယ်။

ပြင်ဦးလွင် ပန်းပွဲတော်မှာ နာမည်ကြီး အဆိုတော် တချို့ လာရောက်သီဆိုခဲ့ပြီး ပရိသတ်အတန်အသင့် စည်ကားတယ်ဆိုတဲ့ ပြည်တွင်းသတင်းတချို့ကို တွေ့ရပါတယ်။

ဒီလို အခြေအနေတွေကို တော်လှန်ရေးကာလမှာ ဆန့်ကျင်သူ၊ တားမြစ်ကြသူတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေ မလည်ပတ်နိုင်ရင် ဒီလုပ်ငန်းတွေကို မှီခိုပြီး ရပ်တည်ရှင်သန်ရတဲ့ ဒေသခံတွေ ထိခိုက်နစ်နာတယ်ဆိုပြီး ထောက်ပြသူတွေလည်း ရှိနေပါတယ်။ 

ပေါက်ကွဲမှုတွေဆက်တိုက်ရှိနေတဲ့ ရန်ကုန်မြို့ပေါ်က လမ်းမကြီးအများစုမှာတော့ အခုရက်ပိုင်းထဲ စစ်ကောင်စီဘက်က နေ့ရော ညပါ လုံခြုံရေးတင်းကျပ်တာတွေရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

ဒါပေမဲ့လည်း လူစုလူဝေးများတဲ့နေရာတွေမှာ အခုလိုပေါက်ကွဲမှုတွေ ဆက်တိုက်ရှိလာတာကြောင့် အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။