အသက် ၇၀ ဝန်းကျင် ဂျပန်သန်းချီ လုပ်ငန်းခွင်တွေထဲရှိနေဆဲ - စက်တင်ဘာ ၁၇ ရက် ညပိုင်း ကမ္ဘာ့သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန် အစိုးရရဲ့ စာရင်းဇယားအသစ်တွေအရ ဂျပန်နိုင်ငံ လုပ်ငန်းခွင်တွေအတွင်းမှာ အသက်ကြီးသူတွေ အလုပ်လုပ်ဆဲ အရေအတွက်က စံချိန်တင်များပြားလာတာ ကို တွေ့ရပါတယ်။
၂၀၂၂ ခုနှစ်က အသက် ၆၅ နှစ်ကျော် အရွယ် လူပေါင်း ၉ သန်း အလုပ်ခွင်တွေထဲမှာ ရှိခဲ့ပါတယ်။
ဂျပန်မှာ လုပ်သားအင်အားက တဖြည်းဖြည်းရှားပါးလာတဲ့အတွက် အခုလို အသက်ကြီးသူတွေ အလုပ်ခွင်ထဲမှာ ပိုပြီး ရှိလာနေဦးမယ်လို့ ဂျပန် အစိုးရက ပြောပါတယ်။
အခုထုတ်ပြန်တဲ့ စာရင်းဇယားမှာ ဂျပန်လူဦးရေ ၁၀ ယောက်မှာ ၁ ယောက်က အသက် ၈၀ ကျော်ဖြစ်ပြီး ဒီ စာရင်းကို အသက်ကြီးသူတွေကို လေးစားဖို့ အထိမ်းအမှတ် ရက်အားရက် သတ်မှတ်ထားတဲ့နေ့မှာ အချိန်ကိုက်ပြီး ထုတ်ပြန် တာပါ။
တနိုင်ငံလုံး လူဦးရေရဲ့ ၂၉%က အသက်ကြီးသူတွေ ဖြစ်ပါတယ်။
ဂျပန်မှာ မွေးဖွားနှုန်းကလည်း စံချိန်တင် ကျဆင်းနေပါတယ်။
ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အရေးကို ဥရောပ တခုလုံးက ကြည့်သင့်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ဥရောပရဲ့ အနာဂတ်ဟာ ရွှေ့ပြောင်းဝင်ရောက်မှု အရေးအပေါ်မှာ မှီတည်နေလိမ့် မယ်လို့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီရာ မယ်လိုနီ က လန်ပီဒူစာကျွန်းကို သွားတဲ့ ခရီးစဉ် အတွင်းမှာ ပြောပါတယ်။
ဒီအရေးကို ဥရောပ နိုင်ငံတွေ အနေနဲ့ ဘုံအဖြေရှာဖို့ လိုတယ်လို့လည်း သူက ဆိုပါ တယ်။
ခရီးစဉ်ကို ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒေ လိုင်ရွန်က လည်း သူနဲ့ အတူ လိုက်ပါလာပါတယ်။
အီတလီ ဝန်ကြီးချုပ်က တကယ်လို့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဥရောပ နိုင်ငံ တွေက ဝေမျှ မယူဘူးဆိုရင် ဒီလို ဝင်ရောက်လာနေတာတွေကို ရပ်ဆိုင်းအောင် လုပ်ရတော့မယ်လို့ ပြောပါတယ်။
မစ္စ ဗွန်ဒေ လိုင်ရွန်ကလည်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အရေးက ဥရောပ တခု လုံးဆိုင်ရာ အရေးဆိုတာကို သူ သဘောတူကြောင်း ပြောပါတယ်။
အလျင်စလို ဖြေရှင်းရမယ့် အရေးတွေကို ကူညီဖို့နဲ့ ပိုပြီး နက်ရှိုင်းတဲ့ အပြောင်း အလဲကြီးတွေ လုပ်ဖို့အတွက် မစ္စ ဗွန်ဒေ လိုင်ရွန် ကူညီမယ်လို့ ကမ်းလှမ်းပါတယ်။
မြောက်အာဖရိကတိုက်က ရွှေ့ပြောင်းဝင်ရောက်သူ အများအပြား ဒီသီတင်းပတ် အတွင်း အီတလီ နိုင်ငံရဲ့ လန်ပီဒူစာ ကျွန်းကို ရောက်လာခဲ့ကြပါတယ်။
လစ်ဗျား ရေဘေး ကူညီရေး

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လွန်ခဲ့တဲ့ တပတ်က ဆည်တွေကျိုးပြီး ရေကြီး ရေတိုက်စားတာကို ခံလိုက်ရတဲ့ ဒန်နာ က အဆောက်အဦ ၄ ပုံ ၁ ပုံလောက်က ပျက်စီးသွားပြီလို့ လစ်ဗျားအစိုးရက အဲဒီကို စေလွှတ်ထားတဲ့ အဖွဲ့က ပြောပါတယ်။
အဆောက်အဦ ၉၀၀ လောက်က လုံးဝ ပျက်စီးသွားပြီး နောက်ထပ် ၂၀၀ က တစိတ်တပိုင်း ပျက်စီး သွားကာ နောက်ထပ် ၄၀၀ လောက်က ရွှံ့တွေထဲမှာ နစ်မြုပ်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
လူသေ အလောင်းတွေကို ရှာဖွေတာတွေ ဆက်ရှိပေမယ့်လည်း နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေဟာ အခုအချိန်မှာ ရှင်သန်ကျန်နေသူတွေကို အကူအညီပေးတာတွေ ပိုပြီး တိုးလုပ်ပေးနေပါတယ်။
လစ်ဗျား အရှေ့ပိုင်းက အဲဒီ ရေဘေး ကူညီရေးလုပ်ငန်းတွေက အစိုးရ လုပ်ငန်း လည်ပတ်မှု မရှိတာကြောင့် ပိုပြီး ခက်ခဲနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ လစ်ဗျားကို ရောက်လာကြပေမယ့် သူတို့နဲ့ လက်တွဲဆောင်ရွက်ရမယ့် အစိုးရ ဌာန သေသေချာချာ မရှိတာကြောင့် အလုပ် လုပ်ကြရာမှာ အတော် ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်နေကြရတယ်လို့ မစ္စတာ ဂျိမ်းစ် ကလီဗာလီက ပြောပါတယ်။
ဒုက္ခဖြစ်နေရာ ဒေသအတွင်းမှာရှိတဲ့ စစ်ဘုရင်တွေ၊ လက်နက်ကိုင် ခေါင်းဆောင် တွေက နိုင်ငံတကာ အကူအညီတွေရောက်လာမယ့်အပေါ် အမြတ်ထုတ်ဖို့ ပြင်နေ ကြတယ်လို့ တချို့ လစ်ဗျား နိုင်ငံသား တွေက ပြောပါတယ်။








