ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ အခြေအနေကောင်းကြောင်း ထရမ့်ပြော
အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုနဲ့ အမေရိကန် သမ္မတ ထရမ့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာပဲ ကာတာမှာ ကျင်းပခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ ရဲ့ တဆင့်ခံ အပစ်ရပ်ဆွေးနွေးပွဲကတော့ ဘာသဘောတူညီမှုမှ မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီတင်းပတ်ထဲမှာလည်း ဆွေးနွေးမှုတွေ ဆက်လုပ်နေနိုင်တယ်လို့ ယူဆရပါတယ်။ အမေရိကန် သမ္မတကတော့ မစ္စတာ နေတန်ညာဟု နဲ့ တွေ့ဆုံရာမှာ စစ်အဆုံးသတ်ဖို့ အတွက် ပြတ်ပြတ်သားသား ပြောဆိုထားကြောင်းနဲ့ ဒီသီတင်းပတ်ထဲမှာပဲ သဘောတူညီမှု ရနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ ဂါဇာထဲမှာတော့ ဟားမတ်စ် ဖမ်းဆီးထားတဲ့ ဓားစာခံ ၅၀ လောက် ရှိနေသေးပြီး အဲဒီထဲက ၂၀ လောက်ဟာ အသက်ရှင်လျက်သား ရှိနေမယ်လို့ ယူဆထားကြပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ် ဘိခ် တဲလ်အဗိမြို့က ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။



