ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ထိပ်တန်းကမ္ဘာ့သတင်းများ
တရုတ်ရဲ့ မိုးပျံဘောလုံးကြီးကိစ္စ တရုတ်နဲ့ အမေရိကန်ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် လေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာတဲ့ တရုတ်ရဲ့ စုံစမ်းထောက်လှမ်းရေး မိုးပျံဘောလုံးကြီးကြောင့် နှစ်နိုင်ငံကြား ဖြစ်ပေါ်လာတဲ့ သံတမန်ရေးတင်းမာမှုတွေကို ပြေလျော့အောင်လုပ်ဖို့ တရုတ်ဘက်က ထပ်ကြိုးစားခဲ့ပါတယ်။
တရုတ်ရဲ့ ဗဟိုနိုင်ငံခြားရေးကော်မရှင်အကြီးအကဲ ဝမ်ယီက အဲဒီကိစ္စကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာဘလင်ကင်က ခုရက်ထဲ တရုတ်ကိုသွားဖို့ မူလက စီစဉ်ထားတဲ့သူ့ခရီးစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။
ဒီမိုးပျံဘောလုံးကြီး အမေရိကန်ကောင်းကင်ယံထက်ကို ရောက်သွားတာကို စိတ်မကောင်းဖြစ်မိပါကြောင်းတရုတ်ဘက်က ပြောပေမဲ့ ဒီဘောလုံးကြီးက သူလျှိုလုပ်နေတာဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကိုတော့ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေက ချဲ့ကားပြီးပြောနေကြတာလို့ တုံ့ပြန်ပါတယ်။
ရီပတ်ဘလီကန်ကိုယ်စားလှယ်တွေကတော့ အဲဒီမိုးပျံဘောလုံးကြီးကို ပစ်ချဖို့ သမ္မတဘိုင်ဒန်အစိုးရကို တိုက်တွန်းနေကြပါတယ်။ တရုတ်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ ခရီးစဉ်ကို အချိန်ပြန် ညှိကြမယ်လို့ ပြောပါတယ်။
တရုတ်ရဲ့ နောက်ထပ်မိုးပျံဘောလုံးကြီးတစ်လုံးကိုလည်း တွေ့ရှိထားတယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ အသေးစိတ်တော့ ထုတ်ဖော်မပြောသေးပါဘူး။ ဒါပေမဲ့ လက်တင်အမေရိကားဘက်မှာ တွေ့ရတယ်လို့ သတင်းတွေထွက်နေပါတယ်။
ဝီကီပီးဒီးယားကို ပါကစ္စတန်မှာ ပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်တာနက်ကနေ အချက်အလက်တွေ စုစည်းမျှဝေပေးတဲ့ ဝီကီပီဒီးယားဝက်ဘ်ဆိုက်ကို ပါကစ္စတန် ဆက်သွယ်ရေးအာဏာပိုင်တွေက နိုင်ငံထဲမှာ ပိတ်လိုက်ပါတယ်။ ဘုရားသခင်ကို စော်ကားတဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ သတိပေးခဲ့တာကို မလိုက်နာလို့လို့ ဆိုပါတယ်။ အဲဒါတွေဖယ်ရှားပေးရင်တော့ အခုဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပေးမယ်လို့ ပြောခွင့်ရသူ တစ်ယောက်ကဆိုပါတယ်။
အမေရိကန်အခြေစိုက် ဝီကီပီးဒီးယားဖောင်ဒေးရှင်း ကတော့ ပါကစ္စတန်ရဲ့ ပိတ်ပင်မှုဟာ ကမ္ဘာမှာ ၅ ခုမြောက် လူဦးရေအများဆုံးနိုင်ငံက လူတွေကို ကမ္ဘာ့အကြီးဆုံး ဗဟုသုတအချက်အလက်တွေ အခမဲ့ရနိုင်တဲ့ စာမျက်နှာကို ရယူသုံးစွဲခွင့် ပိတ်လိုက်တာပဲလို့ ပြောပါတယ်။ ပါကစ္စတန်က အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူ တစ်ယောက်ကတော့ အခု ပိတ်ပင်မှုဟာ မမျှတတဲ့ အရေးယူဆောင်ရွက်မှုဖြစ်ပြီး အခြေခံဥပဒေနဲ့ မညီဘူးလို့ ဝေဖန်ပါတယ်။
ဖေ့စ်ဘုတ်နဲ့ ယူကျူကိုလည်း ဘာသာရေးကို ထိပါးတဲ့ အကြောင်းအရာတွေ ဖော်ပြလို့ဆိုပြီး ပါကစ္စတန်က အရင်က ပိတ်ခဲ့ဖူးပါတယ်။
အမေရိကန်မှာတွေ့ရတဲ့ဘက်တီးရီးယားနဲ့ပတ်သက်ပြီး အိန္ဒိယထုတ် မျက်စဉ်းတစ်မျိုးကို စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, https://global-pharma.com/otc.pdf
အမေရိကန်နိုင်ငံမှာ ဆေးမတိုးတဲ့ ဘက်တီးရီးယားတစ်မျိုးပေါ်ပေါက်နေတာနဲ့ ဆက်စပ်တယ်လို့ ယူဆခံထားရတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်က မျက်စဉ်းထုတ်တဲ့ ဆေးကုမ္ပဏီတစ်ခုကို ကျန်းမာရေးအရာရှိတွေက ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ဒီကုမ္ပဏီက ထုတ်လုပ်တဲ့ Artificial Tears မျက်ရည်တုလို့ အမည်ပေးထားတဲ့ မျက်စဉ်းကို အမေရိကန်ကို တင်ပို့ရောင်းချနေတာဖြစ်ပြီး အခုတော့ အဲဒီမျက်စဉ်းကို ဓာတ်ခွဲစစ်ဆေးဖို့ လုပ်နေတယ်လို့ ပြည်နယ်ဆေးဝါး ကြီးကြပ်ရေးမှူး ဒေါက်တာ ပီဗီ ဗီဂျေးယားလက်ရှမီးက ပြောပါတယ်။
မျက်စဉ်းထုတ်တဲ့ Global Pharma Healthcare ကုမ္ပဏီက အဲဒီမျက်စဉ်းတွေကို စျေးကွက်ထဲက ပြန်သိမ်းနေခဲ့ပြီးဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA က ဒီမျက်စဉ်းဟာ မျက်လုံးကန်းသွားတဲ့အထိ ဖြစ်နိုင်တဲ့ အင်ဖက်ရှင်ပိုးကူးတာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ယာသမားတွေကို တိုက်ခိုက်ခဲ့တဲ့ ဆူမာတြာကျားကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, West Midlands Safari Park
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာတော့ ဒေသခံယာသမား တော်တော်များများကို တိုက်ခိုက်ဒဏ်ရာရစေခဲ့တဲ့ ဆူမာတြာကျားတစ်ကောင်ကို သစ်တောအရာရှိတွေက ဖမ်းဆီးမိခဲ့ပါတယ်။ ဆူမာတြာကျားတွေဟာ ရှားပါးလှပြီး မျိုးတုံးတော့မယ့်အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေပါ။
သူ့ကိုထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ တော်တော်များများရထားတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ရာတွေကို ကုသပေးပြီးရင်တော့ အနားက သစ်တောကြိုးဝိုင်းထဲပြန်လွှတ်ပေးမယ်လို့ တိရစ္ဆာန်ထိန်းသိမ်းသူတွေက ပြောပါတယ်။
သဘာဝအတိုင်း တောထဲမှာ ရှိကြတဲ့ ဆူမာတြာကျားဟာ ကောင်ရေ ၄၀၀ တောင်မရှိတော့ဘူးလို့ ခန့်မှန်းထားကြပါတယ်။








