အိန္ဒိယ ရထားမှောက်မှု သေဆုံးသူ အနည်းဆုံး၂၈၈ ဦးရှိ - ဇွန်လ ၃ ရက် ညနေပိုင်းနိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿပြည်နယ်မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ရထားတိမ်းမှောက်မှုအတွင်း ပိတ်မိနေပြီး ဒဏ်ရာရခဲ့သူ ခရီးသည်အားလုံးကို ကယ်ဆယ်လိုက်နိုင်ခဲ့ပြီးပြီလို့ အိန္ဒိယမီးရထားဌာနက ပြောပါတယ်။
ရထား ၃စင်း ပါဝင်တဲ့ အဲဒီ ရထားတိုက်မှုကြီးအတွင်း အနည်းဆုံး လူ ၂၈၈ ဦး သေဆုံးခဲ့တယ်လို့ လောလောဆယ် သိထားရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လူ တစ်ထောင်ကျော်လောက်လည်း ဒဏ်ရာရခဲ့ကြပြီး ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အိန္ဒိယနိုင်ငံရဲ့ အဆိုးရွားဆုံး ရထားတိမ်းမှောက်မှုကြီး ဖြစ်တယ်လို့ ပြောနေကြပါတယ်။
ဒဏ်ရာရထားသူ အတော်များများဟာ အခြေအနေ စိုးရိမ်ရတာကြောင့် သေဆုံးသူအရေအတွက် နောက်ထပ် ပိုများလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
အမြန်ရထားတစ်စီး တိမ်းမှောက်သွားချိန်မှာ အဲဒီအမြန်ရထားကို နောက်ခရီးသည်တင် ရထားတစ်စင်း ဝင်တိုက်ခဲ့ပြီး တစ်ခါ ရပ်ထားတဲ့ ကုန်တင် ရထားတစ်စင်းကိုလည်း ထပ်ဆင့် တိုက်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက အခင်းဖြစ်ရာနေရာကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အခြေအနေကို စစ်ဆေး သုံးသပ်ခဲ့ပါတယ်။
တူရကီ သမ္မတ တတိယသက်တမ်းအတွက် အာဒိုဝမ် ကျမ်းသစ္စာ ကျိန်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
တူရကီခေါင်းဆောင် ရီချက်ပ် တိုင်ရစ် အာဒိုဝမ် ဟာ သမ္မတ တတိယသက်တမ်းအတွက် ဒီကနေ့ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မစ္စတာ အာဒိုဝမ်ဟာ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ အတိုက်အခံ သမ္မတလောင်း ကမားလ် ကီလစ်ဒါရော့ဂ်လူ ကို အနိုင်ရခဲ့အပြီးမှာ သမ္မတအဖြစ် အခုလို ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ အာဒိုဝမ်ဟာ အစပိုင်းမှာ ဝန်ကြီးချုပ်အဖြစ်နဲ့ နောက်ပိုင်းမှာ သမ္မတအဖြစ် တူရကီနိုင်ငံရေးကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ကြီးစိုးထားခဲ့တာပါ။
အစ္စလာမ်ဘာသာကို အခြေခံထားပြီး အမျိုးသားရေးဝါဒ၊ လူမှုရေးအရ ရှေးရိုးစွဲအစဉ်အလာ နိုင်ငံရေးဝါဒတွေကို ကျင့်သုံးလာခဲ့တဲ့ မစ္စတာ အာဒိုဝမ်ဟာ လူထုရဲ့ ကြည်ညိုလေးစားမှု ရခဲ့ပေမဲ့ ဝေဖန်သူတွေကတော့ သူဟာ အာဏာရှင်တဖြည်းဖြည်း ဆန်လာတယ်၊ စီးပွားရေး ကိုင်တွယ်မှုမှာ ညံ့ဖျင်းတယ်လို့ စွပ်စွဲနေကြပါတယ်။
သူ့ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘာ့ဂ် အပါအဝင် ဂုဏ်သရေရှိ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ထိုင်ဝမ်အရေးကြောင့် စစ်ပွဲဖြစ်လာရင် ကမ္ဘာ့စီးပွားရေး ထိခိုက်မယ်လို့ အမေရိကန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်ဝမ်အရေးကြောင့် စစ်ဖြစ်လာခဲ့ရင် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က သတိပေး ပြောကြားလိုက်ပြီး တရုတ်နဲ့ စစ်ရေး တွေ့ဆုံဆွေးနွေးမှုတွေ ချက်ချင်း လုပ်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
စင်္ကာပူမှာ ကျင်းပတဲ့ အာရှဒေသတွင်း လုံခြုံရေး နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီး အော်စတင်က ကိုယ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအရေးကြောင့် စစ်ပွဲတစ်ခု မလွဲမသွေ ဖြစ်လာမယ်လို့ ပြောလို့မရသလို လုံးဝမဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူးလို့ ပြောသွားပါတယ်။
သူက တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီ ရှန်ဖူးနဲ့ ခဏ လက်ဆွဲနှုတ်ဆက်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဗိုလ်ချုပ်ကြီး လီအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာအပေါ် အမျက်ဒေါသထွက်နေခဲ့တဲ့ တရုတ်အစိုးရက သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ကို အစောပိုင်းက ကန့်ကွက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး လွိုက်ဒ် အော်စတင်ဘက်ကလည်း တောင်တရုတ်ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့လက အမေရိကန် ကင်းထောက်လေယာဉ် တစ်စင်းကို တရုတ်တိုက်လေယာဉ်တစ်စင်းက ဝင်ကြားဖြတ်တားဆီးခဲ့သလိုမျိုး အန္တရာယ်များတဲ့ လုပ်ရပ်မျိုးတွေ အပါအဝင် လက်လွတ်စပယ် လုပ်ရပ်တွေကို တရုတ်အစိုးရက လုပ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ထိပ်တန်း တရုတ်စစ်ဗိုလ်ချုပ်ကြီး တစ်ဦးကတော့ တရုတ်အစိုးရဟာ သူ့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
အီဂျစ်နဲ့ အစ္စရေးနယ်စပ် အပြန်အလှန်ပစ်ခတ်မှုအတွင်း အီဂျစ်စစ်သားတစ်ဦးနဲ့ အစ္စရေး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီဂျစ်နဲ့ ကပ်လျက် အစ္စရေးနိုင်ငံတောင်ပိုင်း နယ်စပ်နားမှာ အစ္စရေး စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒါဟာ အီဂျစ်စစ်သား တစ်ဦးရဲ့ လက်ချက် ဖြစ်ပြီး အဲဒီ အီဂျစ်စစ်သားကို အသေ ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အီဂျစ်စစ်တပ်ဘက်ကတော့ နယ်စပ်က မူးယစ်ဆေးဝါး မှောင်ခိုသူတွေကို ဖမ်းဆီးနှိမ်နင်းမှုတစ်ခုအတွင်း သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အမျိုးသမီး တပ်ဖွဲ့ဝင် တစ်ဦးနဲ့ အမျိုးသား တပ်ဖွဲ့ဝင် တစ်ဦးတို့ကို ရေဒီယိုအဆက်အသွယ် ပြတ်သွားခဲ့အပြီး ဒီကနေ့မနက် အစောပိုင်းက နယ်စပ်စခန်းတစ်ခုမှာ သေဆုံးလျက်သား ပြန်တွေ့ရပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက အဲဒီနေရာကို စစ်ဆေးရှာဖွေခဲ့ရာကနေ နာရီပိုင်း အတော်အကြာမှာ မသင်္ကာဖွယ် သေနတ်သမားတစ်ဦးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း အဲဒီ သေနတ်သမားနဲ့ နောက်အစ္စရေးစစ်သားတစ်ဦးတို့ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။








