ယောက်ျားတွေကြောင့် ကလေးမွေးဖွားနှုန်း ကျနေတာလား

A designed image of a baby and a man looking at each other with an arrow in the middle pointing downwards

ကမ္ဘာအနှံ့မှာ မှန်းဆထားတဲ့နှုန်းထက်ကိုပိုပြီး ကလေးမွေးဖွားနှုန်းက ထိုးဆင်းကျနေ ပါတယ်။ တရုတ်မှာ ကလေးမွေးနှုန်း စံချိန်တင်ကျတာကို တွေ့နေရတယ်။ လက်တင် အမေရိကတိုက် နိုင်ငံတွေမှာလည်း ကလေးမွေးဖွားနှုန်းက မှန်းနေကြတာထက် အများကြီးပိုပြီး ကျနေပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံတွေမှာပင် ကလေးမွေးဖွားနှုန်း က မှန်းဆထားကြတာထက် ပိုကျနေတာပါ။ ကမ္ဘာအနှံ့မှာ မောင်နှံတွေက ကလေးကို အရင်ကထက် နည်းနည်းပဲ ယူလာကြတာအပြင် နိုင်ငံတိုင်း အားလုံးလိုလိုမှာ ကလေး လုံးဝ မယူတဲ့အတွဲတွေ များများလာနေပါတယ်။

အသက် ၃၀ တန်းမှာ ချစ်သူနဲ့ကွဲပြီး စိတ်နာနေတဲ့ အစ်ဇဘယ်လ်က ‘’အမေ ဘယ်တော့မှ မလုပ်ကြေး’’ အဖွဲ့ကို ထောင်ပြီး ကလေးမယူကြဖို့ ကမ်ပိန်း လုပ်ပါတယ်။ သူနေထိုင်တဲ့ ကိုလံဘီယာနိုင်ငံမှာရှိတဲ့ ရပ်ရွာအသိုင်းအဝိုင်းကတင် ဆန့်ကျင်ကြတာ မဟုတ်ပါဘူး၊ နိုင်ငံပြင်ပကလည်း သူ့ကို ကန့်ကွက်ကြပါတယ်။

‘’နင် တနေ့ကျ နောင်တ ရလိမ့်မယ်။ နင်အသက်ကြီးလာရင် ဘယ်သူက နင့်ကို လာပြုစုကြမလဲ’’ လို့ ပြောကြတယ်လို့ သူက ပြောပါတယ်။

အစ်ဇဘယ်လ် ကလေးမရှိတာက သူ့ရွေးချယ်မှုကြောင့်ပါ။ ကလေး မရကြတဲ့ နေရာမှာ မျိုးပွားမှုဇီဝဆိုင်ရာ ကျန်းမာရေးအရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူအများအပြား ကတော့ ကလေးလိုချင်လျက်နဲ့ မယူနိုင်ကြတဲ့ အဖြစ်ကို ကြုံနေကြရပါတယ်။ ဒါကို လူမှုဗေဒ လေ့လာသူတွေက ‘’လူမှုရေးဆိုင်ရာ ကလေးမရခြင်း - Social infertility’’ လို့ သတ်မှတ်ကြပါတယ်။

မကြာခင်ကာလတွေအတွင်း လုပ်ခဲ့တဲ့ သုတေသနတွေအရ ကလေးလိုချင်ကြတဲ့ အမျိုးသားတွေ ကလေးမယူနိုင်ကြတာတွေကို တွေ့ရပြီး သူတို့ထဲက အများစုက ဝင်ငွေနည်းတဲ့ အမျိုးသားတွေပါ။

၂၀၂၁ ခုနှစ်က နော်ဝေးမှာ လုပ်ခဲ့တဲ့ သုတေသန တခုမှာ ဝင်ငွေ အနည်းဆုံး အမျိုးသား ၅% အုပ်စုထဲမှာ ကလေးမရတဲ့ အမျိုးသားတွေက ၇၂% ရှိတာကို တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ဝင်ငွေအမြင့်ဆုံး တွေထဲမှာတော့ ကလေးမရှိတဲ့ ယောက်ျားက ၁၁% သာ ရှိပါတယ်။

အင်္ဂလန်မြောက်ပိုင်းမှာနေတဲ့ ရော်ဘင် ဟတ်တလေက အသက် ၃၀ တွင်းမှာ ကတည်းက ဖခင် တယောက် သိပ်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့အလုပ်က တက္ကသိုလ်တခုရဲ့ ဓာတ်ခွဲခန်း တခုထဲမှာ ဓာတ်ပုံရိုက်ဆရာ အလုပ်သာ ဖြစ်ပြီး ဝင်ငွေ သိပ်မကောင်း လှပါဘူး။

အိမ်ဝယ်လို့ ယူထားတဲ့ အကြွေးအတွက် ပြန်ဆပ်ရတာ၊ တခြားကုန်ကျ စရိတ် တွေကြောင့် ချစ်သူရနိုင်ရေး ဒိတ်လုပ်ဖို့ကိုတောင် စိန်ခေါ်မှုတွေနဲ့ပါ။ သူ့ အရွယ် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ကလေးရနေကြတာကို သူကြည့်ရင်း အားငယ်လေ့ ရှိပါတယ်။

သူ့ ကိုယ်ပိုင် အတွေ့အကြုံတွေဖြစ်တဲ့ ယောက်ျားသားတို့ ကလေးမရနိုင်တဲ့ အကြောင်း သူ စာအုပ်တအုပ် ရေးပါတယ်။ “စီးပွားရေး၊ ဇီဝကျန်းမာရေး၊ အချိန်ကိုက် ဖြစ်မှု၊ ပေါင်းဖက်လက်တွဲရေး ရွေးချယ်မှု” စတာတွေအားလုံးက ကလေးရ၊ မရ နဲ့ ပတ်သက်နေကြောင်း သူ တွေ့ခဲ့ရသလို သူ့ စာအုပ်ထဲမှာ ထည့်ရေး ပါတယ်။

အသက်ကြီးတဲ့ လူဦးရေတွေ တိုးပွားလာတာ၊ ကလေးမွေးနှုန်းကျဆင်းလာတာ စတာတွေကို လေ့လာထားတဲ့ သုတေသီတွေရဲ့ ပညာရပ်ဆိုင်ရာ စာတွေထဲမှာ ကလေး မရနိုင်ကြတဲ့ အမျိုးသားတွေ အကြောင်း မပါဝင်တာကို သူ သတိထားမိခဲ့ ပါတယ်။

တိုးများလာတဲ့ “လူမှုရေးဆိုင်ရာ ကလေးမရခြင်း - Social infertility”

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လူမှုရေးအကြောင်းအချက်ကြောင့် ကလေးမရကြတာက အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ ဒီအကြောင်းတွေထဲ ကလေးရနိုင်တဲ့ အရင်းအမြစ် လိုအပ်ချက်တွေ မရှိတာကနေ လူမှန်ကို သင့်တော်တဲ့ အချိန်မှာ မရတာအထိ ပါဝင်ပါတယ်။

ဖင်လန်နိုင်ငံမှာရှိတဲ့ လူဦးရေ သုတေသန အင်စတီကျုမှာလုပ်တဲ့ လူမှုဗေဒ ပညာရှင် အန်နာ ရော့ကာ့ရှ်က လူတွေရဲ့ ကလေးယူလိုမှု စိတ်ထားတွေကို ဥရောပနဲ့ ဖင်လန်မှာ နှစ် ၂၀ ကျော်ကြာ လေ့လာခဲ့ပါတယ်။ ကလေးတွေအပေါ် လူတွေရဲ့ အမြင်က သိသိသာသာကို ပြောင်းလဲသွားပြီလို့ သူက ဆိုပါတယ်။

အာရှရဲ့ ပြင်ပနိုင်ငံတွေထဲ ဖင်လန်နိုင်ငံဟာ ကမ္ဘာမှာ ကလေးမယူကြတဲ့ နှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာကို ကုစားဖို့ ၁၉၉၀ နှစ်တွေ၊ ၂၀၀၀ နှစ်တွေမှာ ဖင်လန်ဟာ ကလေးယူဖို့ အားပေးတဲ့ ပေါ်လစီတွေလုပ်ခဲ့ပါတယ်။ ကလေးယူတဲ့ မိဘတွေကို အလုပ်ကနေ ခွင့်ရက်ရှည် တွေ ပေးတာ၊ ကလေးစောင့်ရှောက်မှုစရိတ်ကို သက်သာချောင်ချိအောင် လုပ်ပေး တာ၊ မိန်းမနဲ့ ယောက်ျား အိမ်မှုတာဝန်တွေကို အညီအမျှထမ်းစေတာ စသဖြင့် လုပ်ဆောင်ပေး ပါတယ်။ အဲဒီကာလတွေမှာ ကလေးမွေးနှုန်း ပြန်တက်လာခဲ့ပေမဲ့ ၂၀၁၀ က စပြီး ဖင်လန်မှာ ကလေးမွေးနှုန်းက ကျဆင်းလာကာ အရင်ထက် ၃ ပုံ ၁ ပုံ နီးပါးအထိကို ကျလာခဲ့ ပါတယ်။

ကလေးတယောက်ယူကြဖို့ အရေးက လက်ထပ်ဖို့ ဆုံးဖြတ်ကြတဲ့ အရေးလို လူငယ်တွေက အရေးတကြီး မှတ်တိုင်တခုအဖြစ် စဥ်းစားလာကြပြီလို့ ပါမောက္ခ ရော့ကာ့ချ်ကပြောပါတယ်။

“ကလေးတယောက်ယူလိုက်တာဟာ သူတို့ ဘဝမှာ မရေရာမှု တခုကို ဖိတ်ခေါ်ယူ လိုက်တာလို့ ဘယ်လူမှုအလွှာကဖြစ်ပါစေ၊ လူတိုင်းက ခံယူလာကြတယ်” လို့ ဒေါက်တာ ရော့ကာ့ချ်က ရှင်းပြပါတယ်။

A boy in a classroom with his hand in the air

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာတလွှား နိုင်ငံတွေထဲက ၇၀% မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပညာရေးဖက်မှာ ပိုအောင်မြင်

ယောက်ျားသားတွေ အကျပ်အတည်းဆိုက်မှု

ယောက်ျားသားတွေအဖို့ ဘဏ္ဍာရေး အခြေအနေ မရေရာမှုဟာ ကလေးရနိုင်မှု ကို ပိုနည်း လာစေပါတယ်။ အမျိုးသမီးတွေက အများအားဖြင့် သူတို့နဲ့ လူမှုအလွှာတူ ဒါမှမဟုတ် မြင့်တဲ့ အမျိုးသားကိုသာ လက်တွဲချင်ကြတဲ့ အတွက် ဝင်ငွေနည်း ယောက်ျားတွေ ကလေးရဖို့ နည်းလာပါတယ်။ ဒါကို လူမှုဗေဒ ပညာရှင်တွေက “ရွေးချယ်မှုကြောင့် သက်ရောက် ထိခိုက်ခြင်း” လို့ သတ်မှတ်ထားပါတယ်။

အသက် ၃၀ ကျော်ကျော်မှာ ချစ်သူမရလိုက်တဲ့ ရော်ဘင် ဟတ်တလေက “(အမျိုးသမီးတွေ) ရွေးချယ်မှုကလည်း ယောက်ျားတွေ ကလေးမရတဲ့ အကြောင်း တချက်” ပဲလို့ ဆိုပါတယ်။

သူက အသက် ၄၀ နီးပါးမှာ သူ့အခု အိမ်ထောင်ဖက် ဇနီးကို တွေ့ပါတယ်။ ဇနီးက သူ့ကို တက္ကသိုလ်တက်ဖို့ ပါရဂူဘွဲ့ရဖို့ အထိ ကူညီထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ သူတို့ ကလေးယူကြဖို့ ကတော့ အသက်ကြီးကြပြီဖြစ်တဲ့ အတွက် မအောင်မြင် ခဲ့ပါဘူး။

ကမ္ဘာတလွှား နိုင်ငံတွေထဲက ၇၀% မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပညာရေးဖက်မှာ ပိုအောင်မြင်ပါတယ်။ ဒါကို အကြောင်းပြုပြီး ယေးလ် တက္ကသိုလ် ¬က လူမှုဗေဒ ပညာရှင် မာစီယာ အင်ဟွန်က “အဖော်လုပ်ရေး ကွာဟမှု - mating gap” လို့ အမည်တပ်ခဲ့ပါတယ်။ ဥရောပမှာ တက္ကသိုလ်ဘွဲ့မရတဲ့ အမျိုးသား တွေဟာ ကလေးမရတဲ့ အုပ်စုထဲ ရောက်ဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

လူဦးရေဆိုင်ရာ စာရင်းဇယားတွေထဲမှာ ပျောက်နေတဲ့ အရာ

နိုင်ငံအများစုမှာ အမျိုးသား‌‌တွေ ကလေးမရမှုနဲ့ ပတ်သက်ပြီး ဒေတာ အချက် အလက် သိပ်မရှိကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးမွေးဖွားမှုဆိုင်ရာ စာရင်းတွေကောက်ရင် အမျိုးသမီးကလေးမွေးဖွားမှုကိုသာ ကောက်လေ့ရှိလို့ပါ။ ဒါကြောင့် ကလေးမရှိ ယောက်ျားသား ဆိုတဲ့ စာရင်း အမျိုးအစားက မပေါ်ထွန်း ခဲ့တာပါ။

တချို့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေမှာတော့ ကလေးမရှိတာနဲ့ ပတ်သက်ပြီး ယောက်ျားရော မိန်းမရော အတွက် စာရင်းရှိပါတယ်။ နော်ဝေးကလေ့လာမှု တခု အရ ချမ်းသာတဲ့ အမျိုးသားနဲ့ ဆင်းရဲတဲ့ အမျိုးသားတွေ အကြား ကလေးမွေးနိုင်မှုမှာ အကြီးအမားကို ခြားနားနေတာကို တွေ့ရပြီး ဆင်းရဲသူတွေက အများကြီး နောက်ကျ ကျန်ခဲ့တာကို တွေ့ရပါတယ်။

မွေးဖွားနှုန်းကျဆင်းရာမှာ ယောက်ျားတွေရဲ့ အခန်းကဏ္ဍကို ထည့်စဥ်းစားလေ့ မရှိကြဘူးလို့ အောက်စဖို့ဒ် တက္ကသိုလ်က အမျိုးသား ကျန်းမာရေးနဲ့ မျိုးပွားမှုဆိုင်ရာ လေ့လာသူ ဗင်းဆင့် စတောက်က ‌ပြောပါတယ်။

ယောက်ျားသားတွေရဲ့ အကျပ်အတည်းက အခုခေတ်မှာ ပိုများလာနေပြီလို့လည်း သူက ဆိုပါတယ်။

ဝင်ငွေများနိုင်ငံတွေ၊ ဝင်ငွေ အလယ်အလတ်တန်းနိုင်ငံတွေမှာ နည်းပညာ အဆင့်မြင့် လာမှုတွေကြောင့် အောက်ခြေ ကာယအလုပ်သမားတွေရဲ့ အလုပ်တွေက အကာ အကွယ် ပိုမဲ့လာပြီး တက္ကသိုလ်ဘွဲ့ရနဲ့ ဘွဲ့မရသူတို့အကြား ကွာဟမှုက ပိုကြီးမား လာနေပါတယ်။

အဲဒီအတွက် “အဖော်လုပ်ရေး ကွာဟမှု” က ပိုဟ လာနေပြီး အဲဒီရဲ့ သက်ရောက်မှုက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုတွေကလည်း သားဖွားနိုင်တဲ့ အမျိုးသား လူဦးရေအတွင်း ပိုများလာတယ်လို့ မစ္စတာ စတောက်က ပြောပါတယ်။

အဲဒါတွေအားလုံးက “အမျိုးသားတွေရဲ့ လူမှုရေးဆိုင်ရာ၊ ဇီဝဆိုင်ရာ ကလေး ရနိုင်မှုအပေါ် သွားပြီး သက်ရောက်ပါတယ်” လို့ သူက ဆိုပါတယ်။

“လူလွတ်တယောက်ဟာ အဖော်ရှိတဲ့ အမျိုးသားလောက် ကျန်းမာရေး မကောင်းဖူး။”

Childless men who wanted to be fathers are a hidden and disenfranchised population, according to Robin Hadley

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥရောပသမဂ္ဂနိုင်ငံတခုက အမျိုးသား ၁၀၀ မှာ ၁ ယောက်ပဲ ကလေးပြုစုစောင့်ရှောက်တဲ့ တာဝန်ကိုယူ

ဘာတွေ လုပ်နိုင်မလဲ

ကလေးရခြင်း၊ မျိုးပွားခြင်းဆိုတဲ့ အကြောင်းကို ပြောကြရင် အမျိုးသမီးတွေကိုပဲ အာရုံစိုက်ပြီး ပြောကြတယ်ဆိုတာကို စတောက်နဲ့ ဟတ်တလေတို့က တွေ့ရှိထား ပါတယ်။ ဒါကို ကိုင်တွယ်ဆောင်ရွက်တဲ့ ပေါ်လစီတွေက ပုံကားချပ်ရဲ့ ပျောက်နေတဲ့ တခြမ်းက ပေါ်လာစေမှာပါ။

ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ ယောက်ျားသားတွေကို အကျိုးခံစားခွင့်ပေးဖို့ စတောက်က ဆွေးနွေးပါတယ်။ “ဥရောပသမဂ္ဂနိုင်ငံတခုက အမျိုးသား ၁၀၀ မှာ ၁ ယောက်ပဲ ကလေးပြုစုစောင့်ရှောက်တဲ့ တာဝန်ကိုယူတယ်၊ အမျိုးသမီးကတော့ ၃ ယောက်မှာ ၁ ယောက် ယူတယ်“ ဆိုတာကို တွေ့ရကြောင်း သူက ပြောပြပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်တာက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်တယ်ဆိုတဲ့ အထောက်အထားတွေက တောင်လိုပုံအောင် ထွက်ထား ပြီးသားပါ။

“အမေ ဘယ်တော့မှာ မလုပ်ကြေး“ အဖွဲ့တဆင့် အစ်ဇဘယ်လ်က နိုင်ငံတကာ ဘဏ်ကြီး တဘဏ်က ကိုယ်စားလှယ်တွေနဲ့ မက္ကဆီကိုမှာ ဆုံဖူးပါတယ်။ ဖခင်အသစ်တွေအတွက် ကလေးစောင့်ရှောက်ဖို့ သီတင်းပတ် ၆ ပတ်ခွင့်ပေးတာကို ကမ်းလှမ်းထားပေမယ့် ဘယ်အမျိုးသားကမှ ဒီခွင့်ကို မယူကြဘူးလို့ သူတို့က သူ့ကို ပြောပြပါတယ်။

“လက်တင်အမေရိကမှာက ဒါက အမျိုးသမီးရဲ့အလုပ်လို့ပဲ သူတို့က ထင်ကြတာလေ“ လို့ အစ်ဇဘယ်လ်က ပြောပါတယ်။

ယောက်ျားတွေ ကလေးရှိ၊ မရှိ မှတ်တမ်းတွေလည်း ပြုစုရမယ်လို့ ဆိုရင်း ရော်ဘင် ဟတ်တလေက “ကျွန်တော်တို့ အခုထက်ကောင်းမွန်တဲ့ အချက်အလက်တွေ လိုအပ်တယ်“ လို့ ဆိုပါတယ်။ ကလေးမရတဲ့ ယောက်ျားတွေ စာရင်းပျောက်နေမှုက အဲဒါနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပယ်ဖျက်ထားသလို ဖြစ်နေပါတယ်။

ကလေးရမှုကျဆင်းနေတဲ့ အကြောင်းအရာကို အမျိုးသမီးငယ်တွေကြားမှာ ပြောဖို့ စဉ်းစားဖို့ လိုသလို အမျိုးသားငယ်တွေ အကြားမှာလည်း ဒီအကြောင်း ပြောကြဖို့ စဉ်းစားကြဖို့ လိုပါတယ်။

အမျိုးသားတွေမှာလည်း ဇီဝနာရီရှိပြီး သူတို့ အသက် ၃၅ နှစ်ကျော်လာရင် သူ့တို့မှာ ရှိတဲ့ သုတ်ပိုးအရေအတွက်က ကျဆင်းလာပြီဖြစ်ပါတယ်။

ကလေးမရှိမှု၊ မရမှုကို လေ့လာကြတဲ့ သုတေသီတွေ အားလုံးက ကလေးမရှိပေမယ့် လည်း လူအားလုံးဟာ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အရေးပါတဲ့ အခန်း ကဏ္ဍက ပါဝင်နိုင်ကြောင်းကို တွေ့ရှိထားပါတယ်။

ကလေးမရှိတဲ့ ဒေါက်တာ ဟတ်တလေက သူ့ အရပ်က ဘောလုံးကလပ်မှာ သူပုံမှန် ဆုံတွေ့တဲ့ မိသားစု ရှိကြောင်း သူ့သုတေသန စာတမ်းတခုထဲမှာ ရေးထား ပါတယ်။

ကျောင်းတကျောင်းအတွက် လုပ်တဲ့ သုတေသနတခုထဲမှာ လူငယ်လေး ၂ ယောက်က အဘိုး တယောက်လိုနေတာကို သူတွေ့ခဲ့ ရပါတယ်။ သူတို့မှာ အဘိုး တယောက်မှ မရှိပါဘူး။ ဟတ်တလေက မွေးစား အဘိုးအဖြစ် လုပ်လိုက်ပါတယ်။ နှစ်ပေါင်း အတော်ကြာလာတဲ့အခါ ဘောလုံးပွဲတွေမှာ ဒီလူငယ်လေးတွေကို တွေ့တော့ သူတို့က သူ့ကို “အဘိုး“ လို့ ခေါ်ကြတယ်လို့ သူက ပြောပါတယ်။