စင်ကာပူမှာ ကိုယ်ပိုင်ကားတစီး ဝယ်ခွင့်လက်မှတ်က အမေရိကန် ဒေါ်လာ ၁၀၆,၀၀၀

မာရီကို အွိုင်

စီးပွားရေး သတင်းထောက်

Singhapore

ဓာတ်ပုံ ရင်းမြစ်, Getty Images

စင်ကာပူမှာ မိသားစု တစုစီးနိုင်ဖို့ နည်းနည်းလေးကြီးတဲ့ ကားတစီးကို ကိုယ်ပိုင် ဝယ်မယ် ဆိုရင် ကားကို ဝယ်ယူနိုင်ခွင့်လက်မှတ်က စံချိန်တင်နှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁၀၆,၀၀၀ (စင်ကာပူဒေါ်လာ ၁၄၆,၀၀၂) အထိကို တက်သွားပါပြီ။

မြို့နိုင်ငံလေးမှာ ကားတွေကြပ်ညပ်နေမှာကို ရှောင်ရှားနိုင်ဖို့ ၁၉၉၀ ခုနှစ်က စပြီး ၁၀ နှစ်ခံ ကားဝယ်ယူခွင့်လက်မှတ် (certificate of entitlement - COE) စည်းမျဉ်းကို ထုတ်ပြန်ထားပါတယ်။

စင်ကာပူမှာ ကိုယ်ပိုင်ကား တစီး ဝယ်ချင်ရင် အဲဒီ ကားဝယ်ယူခွင့် လက်မှတ်ကို အရင်ဝယ်ပြီးမှ ကားတစီးကို ဝယ်ယူနိုင်မှာပါ။

အစိုးရက ကားဝယ်ယူခွင့် လက်မှတ် အရေအတွက် ဘယ်လောက် ထုတ်ပေးမယ် ဆိုတာကို ဆုံးဖြတ်ပြီး ဒီလက်မှတ်တွေကို ၂ ပတ် တခါ စျေးပြိုင်စနစ်နဲ့ ထုတ်ရောင်း ပေးပါတယ်။

အခွန်တွေ၊ တင်သွင်း တန်ဆာခတွေ မြှင့်ထားတဲ့ ဒီစနစ်ကြောင့် စင်ကာပူဟာ ကမ္ဘာမှာ ကားတစီးဝယ်ရင် စျေးအကြီးဆုံးပေးရတဲ့ နိုင်ငံဖြစ်သွားပါတယ်။

ဥပမာ ပြောရရင် Toyota Camry Hybrid တစီး ဝယ်မယ်ဆိုပါတော့၊ COE အတွက် ကုန်ကျစားရိတ်၊ အခွန် စတာတွေပါ ထည့်ပေါင်းလိုက်ရင် ကားဖိုးက စင်ကာပူ ဒေါ်လာ ၂၅၀,၀၀၀ ရှိသွားပါတယ်။ ဒီစျေးက အမေရိကန်မှာ အမျိုးအစားတူ ကားကို ဝယ်တာထက် ၆ဆ စျေးကြီးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နည်းနည်းငယ်တဲ့ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ လုပ်ငန်းသုံး မော်တော်ကား တွေ အတွက် ဝယ်ယူခွင့်လက်မှတ် COE ကတော့ စျေးအမျိုးမျိုး ရှိပါတယ်။

ကိုဗစ်ကက နာလန်ထူလာတဲ့ နောက်ပိုင်း ကားဝယ်လိုအား တက်လာတာရယ်၊ နောက်နှစ်ကျရင် အစိုးရက COE အတွက် ပြန်ပေးတဲ့ငွေ ပမာဏကို ဖြတ်မယ်ဆိုတဲ့ အစီအစဉ်ကြောင့် ပြီးခဲ့တဲ့ လတွေ အတွင်း COE စျေးနှုန်းက ဆက်တိုက် စံချိန်တင် ထောင်တက် နေပါတယ်။

ကားတစီးအတွက် အနိမ့်ဆုံး COE က စင်ကာပူဒေါ်လာ ၁၀၄,၀၀၀ ဖြစ်ပြီး ဒါဟာ ကိုဗစ်ကပ်အတွင်း ကားသစ်တွေ ဝယ်လိုအား အကျဆုံးအချိန်ဖြစ်တဲ့ ၂၀၂၀ က စျေးထက် ၃ ဆ များပါတယ်။

ဘယ်လို ကားအမျိုးအစား မဆို ဝယ်လို့ ရတယ်ဆိုတဲ့ “အားလုံးကို ဖွင့်ပေးထား” အဆင့် ဆိုရင် COE စျေးက စင်ကာပူ ဒေါ်လာ ၁၅၂,၀၀၀ နဲ့ အမြင့်ဆုံးနှုန်း စံချိန်ကို တင်ထားပါတယ်။

Toyota Borneo Motors က အဲလိစ် ချန်းက ကားသစ် ဝယ်လိုအားတွေက ဆက်တက်လာမှာမို့လို့ COE စျေးတွေက ဒီထက် ထပ်တက်လာဦးမယ် ဆိုတာကို မှန်းထားကြောင်း ဘီဘီစီကို ပြောပါတယ်။

“ဇိမ်ခံ အကောင်းစားကားတွေ ကျွန်မတို့ ရောင်းဖို့ ပြထားပြီဆိုရင် အရောင်း ပြခန်းရှေ့မှာ ဝယ်ချင်တဲ့သူတွေက တန်းစီနေကြတာ” လို့ သူက ပြောပါတယ်။

နှိုင်းယှဉ်ချက်အရ နိုင်ငံက သေးပေမယ့် ကမ္ဘာပေါ်မှ မီလျံနာ အများဆုံး နိုင်ငံတွေထဲ စင်ကာပူက ပါဝင်ပါတယ်။

ဒါပေမဲ့ သာမန် စင်ကာပူနိုင်ငံသားတွေ အဖို့ ပျမ်းမျှ တနှစ် လုပ်ခငွေက စင်ကာပူ ဒေါ်လာ ၇၀,၀၀၀ လောက်သာ ရှိတဲ့အတွက် ဒီ ကားဝယ်ခွင့် COE သတ်မှတ်ချက်အရ ကိုယ်ပိုင်ကား ဝယ်ဖို့ မတတ်နိုင်ပါဘူး။

စင်ကာပူ အစိုးရက သူ့နိုင်ငံသားတွေကို အများပြည်သူသုံး သယ်ယူပို့ဆောင်‌ရေး စနစ်ကိုသာ အသုံးပြုဖို့ အားပေးပြီး ဒီ စနစ်ကလည်း ကမ္ဘာ့ အကောင်းဆုံး‌ ပို့ဆောင် ရေး စနစ်တွေထဲက တခုပါ။

နောက် ဆယ်စုနှစ် အတွင်း နိုင်ငံရဲ့ ရထားလမ်း ကွန်ရက်ကို အသစ်လုပ်ဖို့၊ ချဲ့ထွင်ဖို့ မနှစ်က ဘတ်ဂျက်ဆွဲ အတည်ပြုထားပြီး သုံးစွဲမှာက စင်ကာပူဒေါ်လာ ၆၀ ဘီလျံ ပါ။

လူဦးရေ ၅ သန်းခွဲလောက် နေထိုင်ကြတဲ့ မြို့နိုင်ငံလေးက လမ်းမတွေပေါ်မှာ ပြေးနေကြတဲ့ ကိုယ်ပိုင်ကား အရေအတွက်ဟာ မနှစ် နှစ်ကုန်ပိုင်းက ၁ သန်း အောက်မှာသာ ရှိပါတယ်။

ကားဝယ်ယူခွင့် COE လက်မှတ် အသစ်ထုတ်ပေးမှုကလည်း လမ်းတွေပေါ်ကနေ ကားဟောင်း ဘယ်လောက်များများ ဆင်းသွားကြပြီလဲ ဆိုတဲ့အပေါ် မူတည်နေ ပါ တယ်။