အိန္ဒိယလုပ်သားတွေ ကယ်ထုတ်ခါနီးပြီ - နိုဝင်ဘာ ၂၈ ညပိုင်း နိုင်ငံတကာသတင်းများ

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေးလုပ်ငန်း စောင့်ကြည့်နေကြ

အိန္ဒိယမြောက်ပိုင်းက ဥမင်လမ်းကြောင်းပြိုကျပြီး ၁၇ ရက်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး လုပ်သား ၄၁ ယောက်ကို ကယ်ဖို့ နာရီပိုင်းပဲ လိုပါတော့တယ်။

ဆီလ်ကာယာရား လိုဏ်ခေါင်းထဲမှာ ပိတ်နေတဲ့ အပြိုအပျက်ပုံတွေကို မိုင်းတွင်း ကျွမ်းကျင်သူတွေက လက်နဲ့ ဖယ်ရှားပြီးနောက် ကယ်ဆယ်ရေး ပိုက်လိုင်းကို ထိုးထည့်ပြီးပါပြီ။

ကယ်ဆယ်ရေး အဆင့်တိုင်းမှာ တင်းကျပ်တဲ့ လုံခြုံရေး အစီအမံတွေ လိုက်နာထားတယ်လို့လည်း အိန္ဒိယ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင် အကြီးအကဲက ပြောပါတယ်။

နောက် ဒီလူတွေကို လူနာတင်လှည်းတွေနဲ့ သယ်ထုတ်ဖို့ နာရီတွေနဲ့ချီ ကြာနိုင်ပါတယ်။

လိုဏ်ခေါင်းဝမှာ ယာယီဆေးခန်းတခုလည်း ပြင်ထားပါတယ်။

နောက် ဒီအလုပ်သမားတွေကို အနားက ဆေးရုံကို ခေါ်သွားဖို့ လူနာတင်ကားတွေလည်း အသင့်စောင့်နေကြပါတယ်။

ဂါဇာ အပစ်ရက် ငါးရက်ဆက်

gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အပြိုအပျက်ကြားက ဂါဇာ

ဂါဇာမှာ ငါးရက်ဆက် အပစ်ရပ်စဲရေး ယူနေချိန်မှာပဲ လူသားချင်း စာနာရေး အကူအညီတွေ ပိုပေးဖို့လိုတယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

နောက်ထပ် နယ်စပ်ဂိတ်တွေ ပိုဖွင့်ပေးဖို့လည်း သူတို့က တောင်းဆိုကြပါတယ်။

အပစ်ရပ် ပထမ လေးရက်အတွင်း ကူညီရေး ထရပ်ကား ရှစ်ရာ ဂါဇာထဲကို အီဂျစ်ကနေ ဝင်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဂါဇာမှာ ကျန်းမာရေးစနစ် ပြန်မရပ်တည်နိုင်ရင် ရောဂါတွေဖြစ်ပြီး လူအများကြီး သေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ကြောက်စရာ စစ်ဒဏ်ရာကြီးတွေနဲ့ ကလေးအများအပြား ဆေးမကုနိုင်ဘဲ ပန်းခြံနဲ့ ကားကွင်းတွေထဲ လဲနေကြတာ တွေ့ရတယ်လို့ ဂါဇာမြောက်ပိုင်းက ယူနီဆက် အဖွဲ့က ပြောပါတယ်။

နောက်ထပ် အစ္စရေးနဲ့ ပါလက်စတိုင်း ဓားစာခံတွေလည်း ဒီနေ့ လွှတ်ပေးဖို့ ရှိပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေအတွက် တရုတ် တရားရေး

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့အင်အားကြီး ဖြစ်လာတဲ့ တရုတ်စီးပွား

တရုတ်စီးပွားရေး ပြန်နိုးထလာဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ပြန်လာအောင် ဆွဲဆောင်တဲ့ အနေနဲ့ ပြည်ပကုမ္ပဏီတွေကို ကာကွယ်ပေးနိုင်အောင် တရားရေး စနစ်ကို ခိုင်မာအောင် လုပ်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင်ပင်းက အမိန့်ပေးခဲ့ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေ တရုတ်ပြည်မှာ လည်ပတ်နိုင်အောင် ကူညီဖို့နဲ့ သူတို့ရဲ့ ဉာဏမူပိုင်ခွင့်ကို စောင့်ရှောက်ဖို့ အရေးကြီးကြောင်း မစ္စတာရှီ ပြောကြားတဲ့ မိန့်ခွန်းကို နိုင်ငံပိုင် မီဒီယာတွေက အသားပေး ဖော်ပြခဲ့ကြပါတယ်။

မညီမျှ ဘက်လိုက်တဲ့ စီးပွားရေး ပတ်ဝန်းကျင်မှာ ရုန်းကန်ရတဲ့အတွက် နိုင်ငံခြား ကုမ္ပဏီတွေ တရုတ်ဥပဒေစနစ်မှာ ယုံကြည်မှု ကျဆင်းလာကြောင်း အမေရိကန်နဲ့ ဥရောပ စီးပွားရေး လုပ်ငန်းတွေက တရုတ်ကို နှစ်ပေါင်းများစွာ သတိပေးခဲ့ပါတယ်။

ဖိလစ်ပိုင်ကွန်မြူနစ်နဲ့ ဆွေးနွေးပွဲ ပြန်စ

philippines

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NPA ခေါ် ပြည်သူသစ် တပ်သားများ

ဖိလစ်ပိုင်မှာ NPA ခေါ် ပြည်သူသစ် တပ် ကွန်မြူနစ် သူပုန်တွေနဲ့ ဆယ်နှစ်ကြာ ပဋိပက္ခ ရပ်စဲရေးအတွက် ပုံမှန် ညှိနှိုင်းဆွေးနွေးတာတွေ ပြန်စနေပြီလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

ခြောက်နှစ် တရားဝင် ဆွေးနွေးပွဲ မရှိခဲ့ပေမယ့် နော်ဝေ အကူအညီနဲ့ ညှိနှိုင်းတာတွေ ဆက်ရှိခဲ့ပါတယ်။

NPA ကို ငြိမ်းချမ်းရေး လှုပ်ရှားမှု အဖြစ် အသွင်ပြောင်းရေးအတွက် ဦးတည် ဆွေးနွေးကြတာပါ။

ဒါပေမဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်မရသေးလို့ စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

NPA သူပုန်ထမှုအတွင်း လူ လေးသောင်းကျော် သတ်ဖြတ်ခံခဲ့ရပြီးနောက် တပ်သားအင်အား အများကြီး လျော့နည်းသွားခဲ့ပါတယ်။

ဂျပန် တားဆေး အစမ်းရောင်း

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တားဆေး အလွယ်ဝယ်လို့မရတဲ့ ဂျပန်

ဂျပန်မှာ ဆရာဝန်ဆေးစာမလိုဘဲ မနက်ခင်း သောက်ရတဲ့ သန္ဓေတားဆေးကို အစမ်းစရောင်းနေပြီ ဖြစ်ပါတယ်။

အရင်က ဆရာဝန် ခွင့်ပြုစာပါမှ ဒီဆေးကို ဆေးခန်း ဆေးဆိုင်တွေမှာ ဝယ်လို့ ရခဲ့ပါတယ်။

ရှေးရိုးဆန်တဲ့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက လူထုကြားနာမှု လုပ်တဲ့အခါမှာတော့ ဆေးဆိုင်မှာ အလွယ် ဝယ်လို့ရအောင် လုပ်ဖို့ အများစုက ထောက်ခံကြတာကို တွေ့ခဲ့ပါတယ်။

တားဆေးကို ဝယ်ရခက်အောင် လုပ်ရင် မတရားကျင့်ခံရသူတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအပါအဝင် အမျိုးသမီးအများအပြား အခက်တွေ့နိုင်ကြောင်း လူ့အခွင့်အရေး အုပ်စုတွေက သတိပေးကြပါတယ်။

ဒီအစမ်းရောင်းချမှု ရလဒ်ကို မူတည်ပြီး နိုင်ငံအနှံ့ ရောင်းချဖို့ ဝန်ကြီးဌာနက ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

ဂျပန် ဆေးဆိုင် သုည ဒသမ နှစ်ရာခိုင်နှုန်းသာ ပါဝင်တဲ့ ဒီကနဦးအဆင့် ရောင်းချမှုက မလုံလောက်ဘူးလို့လည်း လူ့အခွင့်အရေး အုပ်စုတွေက ဆိုပါတယ်။