ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆု အမေရိကန်က သုတေသီ ၃ ဦးချီးမြှင့်ခံရ - အောက်တိုဘာ ၄ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆုကို အမေရိကန်က သုတေသီ ၃ ယောက် ဆွတ်ခူးသွားပါတယ်။
၂၀၂၃ အတွက် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆုကို အမ်အိုင်တီက မွန်ဒီရေ ဘာဘန်ဒီ၊ ကိုလံဘီယာ တက္ကသိုလ်က လူ၀တ်စ် ဘရုစ် နဲ့ Nanocrystals Technology Incorporated က အလက်ဆီ ယက်ကီမော့ဗ် တို့ကို ပေးအပ်ဖို့ တော်ဝင်ဆွီဒစ်ရှ် အကယ်ဒမီက ဆုံးဖြတ်လိုက်ပါတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဟန်စ်အယ်လီဂရန်က ကြေညာသွားခဲ့ပါတယ်။
သူတို့ ၃ ယောက်ဟာ နာနိုခရစ်စတယ်စ် ဆိုင်ရာ ကွမ်တမ်ဒေါ့စ် နယ်ပယ်မှာ ထူးခြားတဲ့ လေ့လာတွေ့ရှိချက်တွေ ရှာဖွေနိုင်ခဲ့တဲ့ အတွက် အခုလို ချီးမြင့်ခံခဲ့ကြရတာပါ။
နာနိုအမှုန်တွေဟာ LED-light နဲ့ TV ဖန်သားပြင် နည်းပညာတွေအတွက် အရေးပါလှတဲ့အပြင် ကင်ဆာကျိတ်တွေကို ခြေရာခံရာမှာလည်း အထောက်အကူပြုစေတာ ဖြစ်ပါတယ်။
အခု ဆုချီးမြှင့်ခံရတဲ့ သုတေသီတွေဟာ အနာဂတ်မှာ အီလက်ထရောနစ်စ် ၊ ဆိုလာဆဲလ်တွေနဲ့ လျှပ်စစ်သံလိုက် ဆက်သွယ်မှု နည်းပညာ တွေကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း ဆုရွေးချယ်ရေးအဖွဲ့ က ပြောပါတယ်။
ဒီသုတေသီ ၃ ယောက် ဆုရွေးချယ် ခံရမှုကို တရားဝင် မကြေညာခင် နာရီပိုင်းအလိုမှာ မတော်တဆသတင်းပေါက်ကြားမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ရုရှားအစိုးရမီဒီယာ တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ် စစ်ပွဲတွေရပ် ဆိုတဲ့စာတန်းပြခဲ့တဲ့ သတင်းထောက်ကို ထောင်၈နှစ်ခွဲချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားမှာ နိုင်ငံပိုင် ရုပ်သံသတင်း တိုက်ရိုက်လွှင့်နေတုန်း စစ်ပွဲတွေရပ် ဆိုတဲ့ စာတန်း ဝင်ပြခဲ့တဲ့ သတင်းထောက် ကို တရားရုံးက ထောင် ၈ နှစ်ခွဲ ချလိုက်ပါတယ်။
ကြားနာမှုအတွင်း တရားရုံးကို သူတက်ရောက်ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ တနှစ်လောက်ကတည်းက သူဟာ တိုင်းပြည်ထဲက ထွက်ပြေးသွားခဲ့တာပါ။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဝင်တိုက်ပြီး သီတင်းပတ်ပိုင်းအတွင်း ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုမှာ သူက အခုလို ဝင်ရောက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကင်မရာရှေ့ကနေ သူတို့ညာနေတာ ဆိုတဲ့ စာတမ်းကိုလည်း သူက ကိုင်ဆောင်ပြသ ဆန္ဒပြခဲ့ဖူးပါတယ်။
သူဟာ ရုရှားတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ သိလျက်နဲ့ မမှန်သတင်း ဖြန့်ခဲ့မှုနဲ့ အပြစ်ရှိတယ်လို့ ရုရှားတရားရုံးက စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရေကြီးမှု စစ်သား ၂၃ ယောက်ပျောက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ ဆစ်ကင်း ပြည်နယ်တလွှား ရေကြီးမှု ဖြစ်ပြီးနောက် အနည်းဆုံး စစ်သား ၂၃ယောက် ပျောက်နေပါတယ်။
မိုးသည်းသည်းထန်ထန် ရွာပြီး မြစ်ရေလျှံကာ အနားက ဆည်တခုကရေတွေ ဖောက်ချခဲ့တာကြောင့် စစ်တပ်က ယာဉ်တွေလည်း ရေမြုပ်ခဲ့ပါတယ်။
တရုတ်နဲ့ နီပေါ နားက အိန္ဒိယနယ်စပ်မှာ ရှိတဲ့ ချိုင့်ဝှမ်းတခုမှာ ရေတွေ ရုတ်တရက် မြင့်တက်လာတဲ့ပုံတွေ တွေ့ရပါတယ်။
အခုလို ရုတ်တရက် ရေလွှမ်းဒဏ်ကြောင့် တံတားနှစ်စင်းကျိုးပြီး မီးလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။
အခုတော့ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေပြီး အနိမ့်ပိုင်းမှာနေသူတွေ အနေနဲ့ နေအိမ်ကနေ စွန့်ခွာကြဖို့ အာဏာပိုင်တွေက ဆော်သြထားပါတယ်။
ဖိလစ်ပိုင်ငါးဖမ်းလှေကို ဆီတင်သင်္ဘော ၀င်တိုက်မှု လူ ၃ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်တရုတ်ပင်လယ်မှာ ဆီတင်သင်္ဘောတစင်းနဲ့ မတော်တဆ တိုက်မိခဲ့တဲ့ ဖြစ်စဉ်အတွင်း ငါးဖမ်းလှေတစင်းနစ်မြုပ်ပြီး လှေပေါ်ပါသူ ၃ယောက် သေဆုံးသွားတယ်လို့ ဖိလစ်ပိုင် ကမ်းစောင့်တပ်က ပြောပါတယ်။
ငါးဖမ်းလှေက ဝင်တိုက်ခံရတာလို့လည်း ကမ်းစောင့်တပ် အရာရှိတွေက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို သူတို့ပိုင်အဖြစ် ကြေညာထားတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား တင်းမာမှု တိုးနေချိန်မှာ အခုလို ကိစ္စ ပေါ်ပေါက်လာတာပါ။
နှစ်နိုင်ငံ အငြင်းပွားရာ စကားဘာရာ့ကျွန်းစုတွေမှာ တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင် ငါးဖမ်းလှေတွေကို အနှောင့်အယှက်လုပ်လေ့ ရှိပါတယ်။
အခုဖြစ်ရပ်မှာတော့ ဆီတင်သင်္ဘောဟာ မာရှယ်ကျွန်းစုနိုင်ငံရဲ့ အလံတင်ထားတာ တွေ့ရပါတယ်။








