ဂျပန်ကိုလာတဲ့ နိုင်ငံခြားခရီးသည် မတ်လအတွင်း ၃ သန်းကျော်ရှိ

ချယ်ရီပန်းတွေ အုံနဲ့ကျင်းနဲ့ ပွင့်တဲ့ကာလဟာ ဂျပန်ကို ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နိုင်ဆုံးကာလဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ချယ်ရီပန်းတွေ အုံနဲ့ကျင်းနဲ့ ပွင့်တဲ့ကာလဟာ ဂျပန်ကို ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နိုင်ဆုံးကာလဖြစ်ပါတယ်

ပြီးခဲ့တဲ့ မတ်လက ဂျပန်ကိုလာလည်တဲ့ နိုင်ငံခြားသား ခရီးသည် ၃ သန်းကျော်ရှိခဲ့ပြီး ဒါဟာ လ တလအတွင်း ဂျပန်ကိုလာလည်တဲ့ နိုင်ငံခြားသား ခရီးသည် အများဆုံး စံချိန်ပါ။

လာလည်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသည် ၃.၀၈ သန်း ဆိုတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် ၆၉.၅ % တက်လာတာဖြစ်ပြီး ကိုဗစ်ကပ်မဖြစ်ခင် အချိန်ကာလ ၂၀၁၉ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် ခရီးသွားတွေ လာနှုန်းက ၁၁. ၆ % မြင့်တက်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ကြောင့် ပိတ်ထားတဲ့ နယ်စပ်တွေကို ဂျပန်မှာ ပြန်ဖွင့်လာခဲ့တဲ့နောက်ပိုင်း ခရီးသွားလုပ်ငန်းက ပြန်ကောင်းလာသလို ဂျပန် အစိုးရကလည်း ခရီးသွားတွေ ပြန်လာကြဖို့ ဆွဲဆောင်တဲ့လုပ်ငန်းတွေကို အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။

Japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျိုတိုက ကင်ကကူဂျီ ရွှေကျောင်းတော်ကို နောက်ခံထားပြီး ခရီးသွားတွေက ဆယ်ဖီ ဆွဲကြစဉ် - ၂၀၂၄ ခုနှစ် ဧပြီလ

ဂျပန်ရဲ့ နာမည်ကျော် ချယ်ရီပွင့်ချိန်ကြောင့် ပြီးခဲ့တဲ့လက ခရီးသွားတွေ များခဲ့တာ ဖြစ်သလို နှစ်ပေါင်း ၃၀ အတွင်း ဂျပန် ယန်းငွေက ဒေါ်လာနဲ့နှိုင်းယှဉ်ရင် တန်ဖိုး အနိမ့်ဆုံးကို ထိုးကျနေတာကြောင့်လည်း နှိုင်းယှဉ်ချက်အရ စျေးသက်သာမယ့် ဂျပန်ခရီးကို ဧည့်သည်တွေက ရွေးခဲ့ကြတာပါ။

Japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျိုတိုမှာ ခရီးသွားတွေ သိပ်များလွန်းလို့ ဒေသခံတွေ ငြီးငြူကြ

လာလည်ကြတဲ့ ခရီးသွားတွေထဲ အိန္ဒိယ၊ ဂျာမနီ၊ ထိုင်ဝမ်၊ အမေရိကန်တို့ဆီက အများဆုံးပါ။

ဂျပန် ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရ အရာရှိတွေက ဒီလို တိုးတက်လာမှုတွေကို ကြိုဆိုနေကြပါတယ်။

“မှတ်တမ်းတွေအရ လ တလအတွင်းမှာ ဧည့်သည်အများဆုံးလာခဲ့တာပါ၊ ၃ သန်းကျော်သွားတာလည်း ဒီတကြိမ်သာဖြစ် ပါတယ်” လို့ အစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ခရီးသွားအဖွဲ့က ဆိုပါတယ်။

ဒါပေမဲ့ ဂျပန်မှာ ခရီးသွားတွေ အခုလိုများလာတာကို လူတိုင်းက မကြိုဆိုကြပါဘူး။

အထူးသဖြင့် သမိုင်းဝင်မြို့ဖြစ်တဲ့ ကျိုတိုမြို့က ဒေသခံတွေက ခရီးသွားတွေရဲ့ တချို့ အပြုအမူတွေကို မကျေမနပ် ပြောဆိုကြပါတယ်။

ရိုးရာဝတ်စုံနဲ့ ဖျော်ဖြေတင်ဆက်တဲ့ ဂေရှာမယ်တို့ရဲ့ နေရာတွေက ပုဂ္ဂိုလ်ရေးသီးသန့် သတ်မှတ်ထားတဲ့နေရာတွေ ဖြစ်ပေမဲ့ ဝင်ပြီး ဓာတ်ပုံရိုက်ကြတဲ့ တိုးရစ်တွေကိုလည်း အာဏာပိုင်တွေက တားမြစ်နေရပါတယ်။