ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ အပေါ် လေ့လာစုံစမ်းပြီး အစီရင်ခံစာ ရေးသား တင်သွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဟာ ၂၀၂၅၊ ဒီဇင်ဘာလ ဒုတိယပတ်ရဲ့ တစ်ခုသော နေ့လယ်ခင်းမှာ ဘီဘီစီရဲ့ လန်ဒန်မြို့တော် ရုံးချုပ် ရုပ်သံ စတူဒီယိုခန်း တစ်ခုထဲ ရှိနေခဲ့ပါတယ်။
အထူးသံ မစ္စတာ အင်ဒရူးစ်ရဲ့ ယူကေနိုင်ငံ ခရီးစဥ် ၄ ရက်တာ အတွင်း ဘီဘီစီမြန်မာပိုင်းက သီးသန့် မေးမြန်းခန်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ထားတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ဖြစ်နေခဲ့ပါတယ်။
(ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း "Universal Declaration of Human Rights" (UDHR) အတည်ပြု နိုင်ခဲ့တာကို ဂုဏ်ပြု သတ်မှတ်ထားတာ ဖြစ်ပါတယ်။ UDHR ဟာ လူ့အခွင့်အရေး ဆိုတာ ဘာလဲ ဆိုတဲ့ အပေါ် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အနေနဲ့ ပထမဆုံး အကြိမ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အဓိပ္ပာယ် ဖွင့်ဆို နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာစစ်ကြီးတွေကို တားဆီးနိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း ထူထောင်ထားတဲ့ အဲဒီအချိန်က အသစ်စက်စက် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အစောဆုံး အောင်မြင်မှုတွေထဲက တစ်ခုလည်းပဲ ဖြစ်ပါတယ်။)
အခု မေးမြန်းခန်းမှာ တွမ်အင်ဒရူးစ်ကို သူ့ရဲ့ ကုလ အထူးသံ တာဝန် ဝတ္တရားနဲ့ လုပ်ပိုင်ခွင့်တွေအရ ယူကေ အပါအဝင် နိုင်ငံတကာကို မြန်မာ့အရေး ဘာတွေ တိုက်တွန်းနေလဲ၊ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပေါ် ဘယ်လို ရှုမြင်ထားလဲ၊ ရွေးကောက်ပွဲ အလွန် ပေါ်ထွက်လာမယ့် အစိုးရနဲ့ ဆက်ဆံရေး ထူထောင်မလား ... စတာတွေကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်း ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဘီဘီစီ။ ။ ပထမဆုံးအနေနဲ့ ကျွန်တော် မေးချင်တာက အခု လန်ဒန်ကို လာရတဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ယူကေအစိုးရနဲ့ ဆွေးနွေးဖို့ရာ အရေးတကြီး အကြောင်းချင်းရာ ကိစ္စတွေ အတိတကျ ရှိနေလား။
တွမ်အင်ဒရူးစ်။ ။ ဟုတ်ကဲ့။ ကျွန်တော် လန်ဒန်မှာ ရှိနေတာဟာ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ရင်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ရင် ယူကေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီထဲမှာ ဆိုရင် ယူကေ ဟာ မြန်မာ ကိစ္စအတွက် penholder နိုင်ငံ ဖြစ်ပါတယ်။ အဓိပ္ပာယ်က မြန်မာ အရေးနဲ့ ပတ်သက်တဲ့ အဆိုတွေ၊ ဆုံးဖြတ်ချက် မူကြမ်းတွေကို ယူကေနိုင်ငံက ရေးဆွဲတာမျိုး ... ဆွေးနွေးပွဲတွေကိုလည်း ကမကထ လုပ် ခေါ်ယူပေးတာမျိုးတွေ လုပ်ပါတယ်။
တခါ၊ လူ့အခွင့်အရေးကောင်စီမှာလည်းပဲ ယူကေ ပါဝင်ပါတယ်။ မြန်မာ အရေးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ အပေါ် ယူကေဟာ အမြဲပဲ စိတ်ဝင်တစား ရှိပါတယ်။ အသေအချာ စောင့်ကြည့်ပါတယ်။ ယူကေဟာ "လူ့အခွင့်အရေး" ဆိုတဲ့ ခေါင်းစဥ် အောက်မှာ စံနှုန်းတွေနဲ့ အညီ ပြုမူကျင့်ကြံတတ်ပြီး၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေ အပေါ် လေ့လာ စုံစမ်း အစီရင်ခံရတဲ့ ကျွန်တော်ရဲ့ ကုလသမဂ္ဂ တာဝန်ဝတ္တရားနဲ့ လုပ်ပိုင်ခွင့် အပေါ်မှာလည်း အမြဲပဲ အားပေး ကူညီတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီတော့ လန်ဒန်ကိုလာပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စကားပြောဆို ဆွေးနွေးတာဟာ အရေးကြီးတဲ့၊ အရေးပါတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ လတ်တလော အခြေအနေတွေကိုသာမက၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ရင် ကိုင်တွယ်ပုံတွေဟာ တကမ္ဘာလုံးမှာ ဘယ်လိုတွေ ပြောင်းလဲနေလဲ ... ဘယ်လို လမ်းကြောင်းမျိုးတွေဆီ ဦးတည်နေသလဲ ဆိုတာ ယူကေက တာဝန်ရှိသူတွေနဲ့ကြား ပြောဆို ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျွန်တော့် အမြင်မှာတော့ ယနေ့ခေတ်ကမ္ဘာကြီးဟာ လူ့အခွင့်အရေး စံနှုန်းတန်ဖိုးတွေကနေ ဆုတ်ခွာနေပါတယ်။ ကျွန်တော်ကတော့ "retreat" ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ စံတန်ဖိုးတွေကနေ ဆုတ်ခွာနေတယ် ... ရန်ပုံငွေ မတည်ထူထောင်တာတွေကနေလည်း ဆုတ်ခွာနေပါတယ် ... လျှော့ချ နေပါတယ်။ ဒီ အခြေအနေတွေကြားမှာ မြန်မာနိုင်ငံထဲ ဒီမိုကရေစီနဲ့ တရားမျှတမှု ထွန်းကားရေး အပေါ် လိုလားပြီး ... လူ့အခွင့်အရေး အခြေခံ စံတန်ဖိုးတွေကို အားပေးတဲ့ ယူကေ အပါအဝင် ကမ္ဘာ့မိသားစု အနေနဲ့ ရှေ့ကို ဘာတွေ ဆက်လုပ်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေး စကားပြောဖို့ရာ အရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့ ယူကေထဲမှာ ရှိနေတုန်း ကျွန်တော့်ဘက်ကလည်း မြန်မာ့အရေးကို ဆက်လက်ပြီး လေ့လာမှတ်သား နေပါတယ်။ ယူကေရောက် မြန်မာ ဒိုင်အပ်စ်ပရာ "diaspora" အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပါတယ်။ ဟိုတစ်နေ့ကပဲ ဘရက်ဖို့ဒ် မြို့ကိုသွားပြီးတော့လည်း ရိုဟင်ဂျာ ကွန်မြူနတီနဲ့ တွေ့ပါတယ်။ ကျွန်တော့်ရဲ့ ဒီခရီးစဥ်ဟာ "မြန်မာနိုင်ငံ အတွက် လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ" ဆိုတဲ့ တာဝန်နဲ့ ယူကေနိုင်ငံကို ကျွန်တော် ပထမဆုံး အကြိမ် လာရောက်တာပဲ ဖြစ်ပါတယ်။
တွမ်အင်ဒရူးစ်။ ။ တာဝန်ရှိသူတွေ တော်တော်များများနဲ့ ကျွန်တော်တွေ့ထားပါတယ်။ ကျွန်တော် ရှိနေချိန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့လည်း တိုက်ဆိုင်တော့ ယူကေ နိုင်ငံခြားရေးနဲ့ ဓနသဟာရ ဝန်ကြီးဌာနက ကျင်းပတဲ့ ပွဲကိုလည်း ယူကေ ဝန်ကြီးနဲ့ အတူ ကျွန်တော် တက်ခဲ့ပါတယ်။ အဲဒီမှာ ယူကေကနေ ကုလသမဂ္ဂကို စေလွှတ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ သံအမတ်ကြီးလည်း အတူရှိနေပါတယ်။ ယူကေ ပါလီမန် အမတ်တွေနဲ့လည်း ကျွန်တော် တွေ့သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အစိုးရ ပိုင်းက သူတွေနဲ့ရော၊ ဥပဒေပြုပိုင်းက သူတွေနဲ့ပါ ဒီ ခရီးစဥ်မှာ ကျွန်တော် စကားပြောတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UK FCDO
ဘီဘီစီ။ ။ ယူကေအာဏာပိုင်တွေ အနေနဲ့ မြန်မာ့ အရေးအပေါ် တကယ်တမ်းရော စိတ်ဝင်တစား ရှိတာ တွေ့ရလား။ သူတို့ အနေနဲ့ အတိုင်းအတာ တစုံတရာ အထိတော့ အလေးထားကောင်းထားပါလိမ့်မယ်။ ကျွန်တော် ဆိုလိုတာက ... အခု လက်ရှိ အခြေအနေတွေ အရ ... ဥပမာ ပြောရရင် ... ယူကရိန်းထဲက စစ်ပွဲလိုမျိုး အချင်းအရာတွေ ရှိနေပြီး .... အခု တွမ်နဲ့ ကျွန်တော် စကားပြောတဲ့ သီတင်းပတ်မှာပဲ တနင်္လာနေ့တုန်းကဆိုရင် ယူကရိန်း သမ္မတ ဇလန်စကီး လန်ဒန်မှာ ရှိနေခဲ့ပါတယ်။ ဥရောပ မဟာမိတ်နဲ့ သူတွေ့တာကို ယူကေက အိမ်ရှင်လုပ်ပါတယ်။ ဆိုတော့ ... ကျွန်တော် သိလိုတာက မြန်မာအရေးဟာ ယူကေ အစိုးရရဲ့ ထိပ်တန်း ဦးစားပေးထဲ ပါဝင်လား။
တွမ်အင်ဒရူးစ်။ ။ ဒါ အင်မတန် ကောင်းတဲ့မေးခွန်းပါပဲ။ ကျွန်တော်ဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို "invisible crisis" "ကွယ်ဝှက်ခံထားရတဲ့ အကျပ်အတည်း" ဆိုပြီး ကမ္ဘာကြီး သိအောင် ပုံဖော် ပြောလေ့ရှိပါတယ်။ ဖြစ်ပျက်နေတာတွေဟာ ဆိုးရွား ပြင်းထန် လွန်းလှပေမယ့် ..... အဲဒါနဲ့ ထိုက်တန်တဲ့ အာရုံစိုက်မှု၊ ဦးစားပေးမှု မခံရတဲ့ အကျပ်အတည်းကြီး ဖြစ်နေပါတယ်။
ဒီ ကာလတွေ အတွင်း ခင်ဗျား ပြောခဲ့တဲ့ ယူကရိန်း အရေးလိုမျိုး အားလုံး အပေါ် လွှမ်းမိုး သွားစေတဲ့ အဖြစ်အပျက်ကြီးတွေ ရှိနေခဲ့ပါတယ်။ ယူကရိန်း အရေး ဆိုတာကလည်း ယူကေ အပါအဝင် ဥရောပ တခွင်ရဲ့ လုံခြုံရေး အပေါ် တိုက်ရိုက် ရိုက်ခတ် သက်ရောက် နေပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံနေရတဲ့ အတွက် ၊ မြန်မာ့အရေးနဲ့ မြန်မာ နိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေဟာ လုံလောက်တဲ့ အတိုင်းအတာ ပမာဏမျိုး အထိ အာရုံစိုက်မှု မခံရ ဖြစ်နေပါတယ်။
ဒါဟာ မြန်မာ့အရေး ကိုင်တွယ်ဖို့ရာမှာ အဓိက စိန်ခေါ်မှု ဖြစ်လာစေပါတယ်။ ခင်ဗျားဟာ ပြဿနာကိုမှ မမြင်ရဘူး ဆိုရင် အဲဒီ ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ နံပါတ် ၁) က ပြဿနာရှိနေကြောင်း မျက်မှောက်ပြု လက်ခံ သိမြင်ဖို့ လိုပါတယ်။ နံပါတ် ၂) က အဲဒီ ပြဿနာရဲ့ သဘောသဘာဝကို အရင်းခံ အတိုင်း နားလည်ဖို့ လိုပါတယ်။ အဲဒီ အခါမှပဲ နံပါတ် ၃) အနေနဲ့ ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကြံဆ ဖော်ဆောင် နိုင်ပါလိမ့်မယ်။
ဒီတော့ ကျွန်တော့်ရဲ့ ဒီ ခရီးစဥ်ဟာ ယူကေက မူဝါဒပိုင်း ချမှတ်လုပ်ကိုင်ကြသူတွေ အတွက် မြန်မာ့ အကျပ်အတည်းကြီးဟာ မမြင်ကွယ်ရာ "invisible" ဖြစ်နေရာကနေ ၊ မြင်သာထင်သာ "visible" ဖြစ်လာနိုင်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒါကတော့ တွမ့်ဘက်ကနေ တိုက်တွန်းတာပေါ့လေ ... သူတို့ဘက်က ဘယ်လို တုံ့ပြန်ကြလဲ။
တွမ်အင်ဒရူးစ်။ ။ အင်မတန် အပြုသဘော ဆောင်ပါတယ်။ အခြေခံ မူနဲ့ စံတန်ဖိုးတွေ အရ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ယူကေဘက်က ရပ်တည်ချက်တွေ၊ ကြိုးပမ်းအားထုတ်မှုတွေဟာ ဘယ်တော့မှ ယိမ်းယိုင် သွေဖီမှာ မဟုတ်ကြောင်း ပြောကြပါတယ်။
ဒါပေမယ့် တစ်ဘက်မှာလည်း ကျွန်တော် ပြောခဲ့သလို သူတို့ အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီတော့ စံတန်ဖိုး ဆိုင်ရာ ရပ်တည်မှု ဆိုတာကို တကယ့် လက်တွေ့ လုပ်ဆောင်မှု "action" အဖြစ် ဘယ်လို အသွင်ပြောင်းမလဲ ဆိုတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
ကျွန်တော် ယူကေက တာဝန်ရှိသူတွေကို ထောက်ပြခဲ့ပါတယ်။ အခု ရာထူး တာဝန်နေရာမှာ ကျွန်တော် စပြီး ရောက်လာတဲ့ ၂၀၂၀ ခုနှစ်က ဆိုရင် ယူကေဟာ စာနာမှု ဆိုင်ရာ အထောက်အပံ့တွေကို နိုင်ငံရဲ့ အသားတင် ဝင်ငွေထဲက ဒဿမ ခုနှစ် ရာခိုင်နှုန်း (၀.၇%) သုံးရာကနေ ... နောက်ပိုင်းနှစ်တွေမှာ ဒဿမ ငါး ရာခိုင်နှုန်း ... အခုဆို ဒဿမ သုံး ရာခိုင်နှုန်း အထိ လျှော့ချ လာခဲ့ပါတယ်။ ဒီလို လျှော့ချနေတဲ့ လုပ်ရပ်ဟာ အစဥ်အလာသဖွယ် ဖြစ်လာတာဟာ စာနာမှု ဆိုင်ရာ အကူအညီပေးရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ စာနာမှု ဆိုင်ရာ အကျပ်အတည်းဟာ ကြီးမား လှပါတယ်။ လူ သန်းပေါင်းများစွာဟာ စာနာမှု ဆိုင်ရာ အထောက်အပံ့တွေ ရရှိဖို့ အရေးတကြီး လိုအပ်နေပြီး၊ အခြေအနေ ဆိုးတယ် ဆိုတာ တန့်သွား ... ရပ်သွားတယ်လို့ မရှိပဲ ... ဆိုးသတထက် ဆိုးလာနေပါတယ်။
လူ ၁၆.၇ သန်းဟာ အစာရေစာ မလုံလောက်တဲ့ ဒဏ်ကို လက်ရှိ ကြုံတွေ့ ခံစား နေရပါတယ်။ ကျန်းမာရေး ပြုစု စောင့်ရှောင့်မှု ပေးတဲ့ အခြေခံ အဆောက်အအုံကြီး တစ်ခုလုံး ပြိုကျလုမတတ် ယိုင်နဲ့ နေပါတယ်။ ဒီလို အခက်အကျပ်အတည်းတွေ တိုးမြင့် ဖြစ်လာနေတဲ့ အခြေအနေကို ကိုင်တွယ် နိုင်ဖို့ဆိုရင် ... အသုံးချတဲ့ ရင်းမြစ်တွေလည်း တိုးလာမှ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ ရန်ပုံငွေ တိုးမြှင့် မသုံးပဲနဲ့တော့ ... ပိုပြီး ကြီးမားဆိုးရွား လာနေတဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ ကျွန်တော်တို့ ဆွေးနွေးကြတာတွေထဲမှာ နိုင်ငံတကာအတွက် ပေးမယ့် ယူကေရဲ့ စာနာမှု ဆိုင်ရာ အထောက်အပံ့တွေရဲ့ ပမာဏက ဘယ်လောက်လဲ ... အဲဒီထဲကမှ မြန်မာအတွက် ဘယ်လောက် အတိုင်းအတာ ခွဲဝေမလဲ ... စတာတွေ ပါဝင်ပါတယ်။ သူတို့အနေနဲ့ လျာထားချက်အတိုင်း အတိတကျပဲ သုံးမှာ ... ပေးမှာလား ... ဘယ်လောက်အထိ အတိုးအလျှော့တွေ လုပ်နိုင်လဲ စတဲ့ အသေးစိတ် တွေ အပေါ်မှာပါ ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်။
ကျွန်တော့်ကို သူတို့ ပြောတာကတော့ ... အားလုံးခြုံကြည့်ရင် စာနာမှု ဆိုင်ရာ နိုင်ငံတကာ အကူအညီတွေကို ယူကေက လျှော့ပြီး ပေးမယ် ... လျှော့ပြီး သုံးမယ် ဆိုတာ မှန်ပေမယ့် ... အဲဒီ အဓိပ္ပာယ်ဟာ မြန်မာအရေးမှာ သုံးမယ့် ရန်ပုံငွေလည်း လျော့သွားမယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း၊ စာနာမှု ဆိုင်ရာ အသုံးစားရိတ်တွေ တစ်နှစ်ထက် တစ်နှစ် လျှော့သုံး လာနေတဲ့ အပေါ်မှာတော့ ကျွန်တော် စိုးရိမ်မှု ရှိပါတယ်၊။ ဒါ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။
ယူကေ ကြုံတွေ့နေရတာတွေ အပေါ်မှာလည်း ကျွန်တော် နားလည်မှု အပြည့်အဝ ရှိပါတယ်။ ကျွန်တော်တို့ အခုနက ပြောခဲ့သလို ရုရှားနဲ့ ယူကရိန်း အရေးဟာ ယူကေ အပါအဝင် ဥရောပ တခွင်ကို လုံခြုံရေး ဆိုင်ရာ တိုက်ရိုက် ခြိမ်းခြောက်မှု ပေးတဲ့ အတွက် စစ်ရေးမှာ တိုးမြှင့်သုံးလာရပါတယ်။ ကျွန်တော်ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးထဲ နှစ်ရှည်လများ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်တဲ့ အတွက် နိုင်ငံရေး ဆိုင်ရာ ဖိအားတွေ၊ နိုင်ငံရေးကို တွက်ချက်ပြီး လုပ်ရတဲ့ ဆုံးဖြတ်ချက်တွေ အကြောင်း ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်။
ဒါပေမယ့်လည်း စစ်ရေးအသုံးစားရိတ် တိုးမြှင့်ရတဲ့ အတွက်၊ စာနာမှု အကူအညီ လျှော့သုံးရတယ် ဆိုတဲ့ ရွေးချယ်မှုမျိုးကို မလုပ်ဖို့တော့ ကျွန်တော် တိုက်တွန်း နေပါတယ်။ အထူးသဖြင့် လူအများ ဒုက္ခဆင်းရဲ ရောက်ပြီး အကြီးအကျယ် အခက်အခဲ တွေ့နေရတဲ့ မြန်မာနိုင်ငံထဲက အကျပ်အတည်း အခြေအနေမျိုးကို ကိုင်တွယ်ရာမှာတော့ လျှော့လိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။
ကျွန်တော် ယူကေပြည်သူတွေ အပေါ်မှာ အင်မတန်မှ လေးစားပါတယ်။ ပြည်တွင်းမှာ ဘယ်လောက် အခက်အခဲတွေနဲ့ ကြုံနေရ ကြုံနေရ၊ နိုင်ငံတကာမှာ စာနာမှု အကျပ်အတည်း ဆိုးဆိုးရွားရွား ဖြစ်လာပြီ ဆိုရင် သူတို့ဟာ ဘယ်တော့မှ လက်မနှေးကြပါဘူး။ စာနာစိတ်အပြည့်နဲ့ အားတက်သရော ထည့်ဝင်ကြပါတယ်။ ကူညီကြပါတယ်။
၂၀၂၅ မတ်လ၊ ငလျင်ကြီးလှုပ်တော့ ကျွန်တော် မြန်မာနဲ့ နယ်စပ် ထိုင်းဘက်ခြမ်းက မဲဆောက်မှာပါ။ ငလျင်လှုပ်ချိန် တုန်ခါမှုကို ကျွန်တော်ကိုယ်တိုင် ခံစား သိရှိရပါတယ်။ အဲဒီလို ဆိုးရွားပြင်းထန်တဲ့ သဘာဝဘေးဒဏ် ခံရတဲ့ အခါ မြန်မာနိုင်ငံထဲ စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ရေး ဘယ်လောက်တောင် အရေးတကြီး လိုသလဲ ဆိုတာ အင်မတန် ထင်ရှားပေါ်လွင်ပါတယ်။ အရေးပေါ် အကူအညီ တွေ ပေးဖို့နဲ့ အဲဒီလို ပေးနိုင်အောင် ထိရောက်တဲ့ စီမံ ခန့်ခွဲနိုင်စွမ်း၊ ချိတ်ဆက်နိုင်စွမ်းတွေ ရှိဖို့ဆိုတာတွေဟာ အင်မတန်မှကို လိုအပ်ပါတယ်။
ယူကေပြည်သူတွေဟာ ဒီ ငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသူတွေကို အကူအညီ ပေးရေးမှာ အင်မတန်မှကို အားတက်သရော ထည့်ဝင်ခဲ့ပါတယ်။ ယူကေ အစိုးရက ပေးတာ သပ်သပ်၊ အစိုးရပေးတာနဲ့ မဆိုင်ပဲ ယူကေ ပြည်သူတွေ ထည့်ဝင်တဲ့ ရန်ပုံငွေတွေ အများအပြားပဲ ရရှိခဲ့ပါတယ်။ ဒါဟာ ယူကေက ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ပြတာပါပဲ။ သူတို့ဟာ စာနာမှုတရား အပြည့်အဝ ရှိကြတယ် ... မြန်မာနိုင်ငံထဲ ဘာတွေ ဖြစ်နေလဲ ဆိုတဲ့ အပေါ် ဂရုတ်တစိုက်ရှိတယ် ... မျက်ကွယ်ပြု လျစ်လျူမရှုဘူး ဆိုတာ ... ထင်ရှားလှပါတယ်။ ဒီတော့ အစိုးရပိုင်း၊ ဥပဒေပိုင်း မူဝါဒတွေချမှတ်ရာမှာလည်း ... ဒီလို လူအများရဲ့ ကောင်းမွန်တဲ့ အခြေခံ စိတ်ဓာတ်တွေ၊ တွန်းအားတွေကို ထင်ဟပ်နေဖို့ ကျွန်တော် တိုက်တွန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်ဟာ တွမ်ရဲ့ အလုပ်တွေ အပေါ် အမြဲပဲ သတိထား ကြည့်နေခဲ့ပါတယ်။ တွမ် ထုတ်ပြန်တဲ့ အစီရင်ခံစာတွေ ... ခရီးစဥ်တွေ ... လှုပ်ရှားမှုတွေ ... စသဖြင့်ပေါ့လေ ...လောလောလတ်လတ် အဖြစ်ဆုံးလို့ ပြောရမယ့် အောက်တိုဘာလတုန်းက ထုတ်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဆိုရင် အခု ကျင်းပမယ့် ရွေးကောက်ပွဲကို တွမ်က "ရှရိတ် shrade" ဆိုပြီး သုံးနှုံးလို့ ရည်ညွှန်းခဲ့ပါတယ်။ အဓိပ္ပာယ်မဲ့တဲ့ ဟန်ဆောင် လုပ်ရပ်လို့ ဆိုလိုတာမျိုး ထင်ပါတယ်။ ဘယ်လို အခြေခံ အချက်တွေပေါ်မှာ မူတည်ပြီး အဲဒီလို ပြင်းထန်တဲ့ မှတ်ချက်မျိုး ပြုလုပ်နိုင်တာလဲ ခင်ဗျ။
တွမ်အင်ဒရူးစ်။ ။ ကျွန်တော်က တကယ့် ဖြစ်နေတာတွေကို ထောက်ပြတာပါပဲ။ နိုင်ငံရေးအရ ဆန့်ကျင်ဘက် ဖြစ်နေသူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာနဲ့ တချိန်တည်းမှာ .. တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပလို့ မရနိုင်ပါဘူး။ နိုင်ငံရေး ကို အခြေခံပြီး လူအများအပြားဟာ ထောင်သွင်း အကျဥ်းချခံထားရပါတယ်။
ဒီထဲက တချို့ဆို ခင်ဗျား အခု လုပ်နေတာမျိုးတွေ လုပ်လို့ ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။ ဆိုလိုတာက သတင်းသမားက သတင်း အလုပ်လုပ်လို့ ထောင်ချ ခံရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တိုင်းပြည်ထဲ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သတင်းလုပ်လို့ ... စစ်အာဏာပိုင်တွေကို ဝေဖန်လို့ လူတွေဟာ ထောင်ချ ခံနေရပါတယ်။
အခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေသစ်ဆိုပြီး ထုတ်ထားပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တာမျိုးလုပ်ရင် ... ဝေဖန်ရင် ... အဲဒီ ဥပဒေ ဆိုတာကို သုံးလို့ ဖမ်းဆီး အပြစ်ပေးတာမျိုး လုပ်ပါတယ်။ ဒီလို အခြေအနေတွေ အောက်မှာ ဘယ်လိုနည်းနဲ့မှကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ရှိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွက်တော့ စစ်အာဏာပိုင်တွေ ဘယ်ခြေလှမ်း လှမ်းနေတယ် ဆိုတာ အင်မတန် သိသာ ထင်ရှားလှပါတယ်။ သူတို့ဟာ "တရားဝင်မှု legitimacy" ရှိလာအောင် လုပ်နေတာဖြစ်ပါတယ်။
ဒီ "ဟန်ဆောင် ရွေးကောက်ပွဲ"လုပ်ငန်းစဥ် ကို ကျော်ဖြတ်ပြီး အစိုးရ တစ်ရပ် ဖွဲ့ကြတဲ့ အခါ နိုင်ငံတကာ အနေနဲ့ ဘာမှ အလေးအနက်ထား ဆန်းစစ်တာမျိုး မလုပ်ပဲ ပေါ့တိပေါ့ဆ သဘောနဲ့ "ကဲ ... ဘာဖြစ်ဖြစ် မြန်မာပြည်မှာတော့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ်တော့ ပေါ်လာပြီ" ဆိုပြီး အလိုက်သင့် လက်သင့်ခံ လိုက်မယ် ဆိုရင်တော့ အကြီးအကျယ် ဒုက္ခများကုန်မှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာ စစ်အာဏာပိုင်တွေ အပေါ် ဖိအားတွေ တသမတ်တည်း ဆက်ရှိနေဖို့ လိုပါတယ်။ ပြောရရင် .. အခု လက်ရှိ ထက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဖိအားတွေ ပိုပြီး ပေးဖို့ လိုပါတယ်။
အပြစ်မဲ့ အရပ်သားတွေ အပေါ် စစ်တပ်က ပစ်မှတ်ထားနေတာတွေကို တကယ်မှ လျှော့ချ ချင်တယ် ဆိုရင် အခု ရှိလက်စ နိုင်ငံတကာ ဖိအားတွေဟာ အနည်းဆုံး နှစ်ဆတိုးဖို့ လိုပါတယ်။ စစ်တပ်ဘက်မှာတော့ ကျေးရွာတွေ၊ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်တဲ့အခါ သမားရိုးကျ မဟုတ်တဲ့ အဆင့်မြင့် နည်းပညာသုံး လက်နက် ပစ္စည်းတွေကို အသုံးပြုနိုင်စွမ်း မြင့်တက်လာပါတယ်။
ငလျင်ကာလ အပစ်ရပ်မယ် ကြေညာပြီး အရပ်ဘက် နေရာထိုင်ခင်းတွေပါ မရှောင် တိုက်ခိုက် ဗုံးကြဲတာတွေကို ပို တိုးလို့တောင် ပြုမူပါတယ်။ သူတို့ရဲ့ ဒီတတ်နိုင်စွမ်းကို လျှော့ချဖို့ ဆိုရင် သူတို့ဆီ စီးဝင်နေတဲ့ ငွေကြေးနဲ့ လက်နက်တွေကို ဖြတ်တောက် ရမှာ ဖြစ်သလို၊ တရားဝင်နိုင်မှု "legitimacy" ကိုပါ ဖြတ်တောက်ဖို့ လိုပါတယ်။ တချို့ တိုင်းပြည်တွေ အနေနဲ့ ဒီ ရွေးကောက်ပွဲကနေ ဘယ်လို အစိုးရမျိုး ပဲ ဖြစ်ဖြစ် ပေါ်ထွက်လာပြီ ဆိုရင် .... ဒါ အရပ်သား အစိုးရ ပေါ်လာပြီးပဲ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလိုက်သင့် လက်ခံ လိုက်မှာကို ကျွန်တော် အတော်လေးပဲ စိုးရိမ်မိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရှိနေခဲ့တာကတော့ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်ပါတယ်။ တွမ် သိတဲ့ အတိုင်း ဒီတစ်ခေါက် စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီး နောက်မှာ အကြမ်းပတမ်း သွေးထွက်သံယို ဖြစ်ရပ်တွေဟာ ပိုပြီး ဆိုးရွား လာခဲ့ပါတယ်။ အခုတော့ သူတို့ဟာ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကျင်းပေးတော့မယ့် အနေအထား ရောက်လာပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာဟာ တိုင်းပြည်ရဲ့ အကျပ်အတည်း ပြေလျော့အောင် ငြိမ်းငြိမ်းချမ်းချမ်း ရှာဖွေနိုင်တဲ့ နည်း အဖြစ် ဘာလို့ မမြင်တာလဲ တွမ် ... ဒါဟာ သွေးထွက်သံယို ဖြစ်ရပ်တွေကို လျှော့ချ ပေးနိုင်မယ်လို့ မထင်ဘူးလား။
တွမ်အင်ဒရူးစ်။ ။ ကျွန်တော် မထင်ပါဘူး။ အဲဒါရဲ့ ပြောင်းပြန် ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ စစ်အာဏာရှင်တွေ အပေါ် ဖိအားတွေ ရုပ်သိမ်းလိုက်မယ် ဆိုရင် ... လူ့အခွင့်အရေး ချိုးဖောက်တာတွေကို မယုံနိုင်စရာ ကောင်းတဲ့ ပမာဏ အတိုင်းအတာနဲ့ကို "ဆက်လက် ကျူးလွန်ပိုင်ခွင့် လိုင်စင်" သူတို့ကို ပေးလိုက်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အရပ်သားတွေ အပေါ် သူတို့ ဆတက်တပိုး တိုးပြီး တိုက်ခိုက် လာပါလိမ့်မယ်။
ဒါတွေဟာ သမိုင်းတလျှောက် အကြိမ်ကြိမ် မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်တပ်က အကြိမ်ကြိမ်ကျော့ပြီး ကျူးလွန်နေခဲ့ ... ကျူးလွန် နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အကြိမ်ကြိမ် ဟန်ဆောင်ခဲ့ပြီး၊ အဲဒီ ဟန်ဆောင် လုပ်ထားသမျှကိုလည်း သူတို့ဘာသာ အကြိမ်ကြိမ် ချိူးဖောက် ခဲ့ပါတယ်။ အနီးဆုံး သာဓကကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းကလည်း စစ်တပ်ဟာ ယူနီဖောင်း ချွတ်ပြီး အရပ်ဝတ်လဲ ခဲ့ပါသေးတယ်။ သူတို့ကိုယ်သူတို့ ... "ဒီမိုကရေစီ ဖော်ဆောင်ရေး" "အသွင်ကူးပြောင်းရေး" သမားတွေ အသွင် ယူခဲ့ပါတယ်။ တကယ်ပဲ အပြောင်းအလဲဘက် ဦးတည်သယောင် လုပ်ခဲ့ပါတယ်။
စီးပွားရေး ပြစ်ဒဏ် ချခံထားရတာတွေ၊ နိုင်ငံရေး ဖိအားတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးရဲ့ အဆုံးသတ်ကတော့ ဒီကနေ့ ဘာတွေ ဖြစ်လာခဲ့သလဲ ဆိုတာကိုပဲ ကြည့်ပါ။ ဒီနေ့ အခြေအနေဟာ ပိုလို့တောင် ဆိုးသွားပါတယ်။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ အမှန်ဘက်က ရပ်တည်ဖို့ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အမှန်ဘက်ကရပ်တည်တယ် ဆိုရာမှာ ... အခု ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အနေနဲ့ မပြောမိစေဖို့ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ "free and fair" ဖြစ်တယ်လို့ ပြောရင် ပြောတဲ့သူ ညာတာပဲ ဖြစ်ပါတယ်။
အခု စစ်တပ် ပြုမူသမျှ၊ လုပ်ဆောင်သမျှဟာ "free and fair election" ဆိုတာရဲ့ အခြေခံ အုတ်မြစ်တွေနဲ့ ဆန့်ကျင်ဘက် အရာတွေချည်းဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာအနေနဲ့ လုပ်ဆောင်နိုင်တာက အဲဒီ အရင်းခံ အတိုင်း အမှန် အတိုင်းရပ်တည်ပြီး စစ်တပ်ကို သူကျူးလွန်နေသမျှ ရပ်တန့်နိုင်စေရး ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုပါတယ်။
ဘယ်လို လမ်းကြောင်းမျိးနဲ့ ပြုပြင်ရေး လုပ်သင့်သလဲ ဆိုတာ ရှိနှင့်ပြီး ဖြစ်ပါတယ်။ အာဏာသိမ်းပြီး လအနည်းငယ် အတွင်းမှာပဲ ဒီ အခြေအနေကနေ နောက်ကြောင်းပြန် လှည့်နိုင်ဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ ဆိုတာ အာဆီယံ အတွင်း ဘုံသဘောထားတွေ အနေနဲ့ အချက် ၅ ချက် ရယူထားနှင့်ပြီး ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင် သူ လက်ခံ ပါတယ် ဆိုပြီး သဘောတူထားတဲ့ အချက်တွေ ဖြစ်ပါတယ်။
အဲဒီထဲက ပထမဆုံး အချက်ကိုက အကြမ်းဖက် ပြုမူတာတွေကို ရပ်ဖို့ ဖြစ်ပါတယ်။ လူတွေကို သတ်ဖြတ်နေတာတဲ့ လုပ်ရပ် ရပ်တန့်တာမျိုး ... စပြီး မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။ အဲဒီ ပထမဆုံး အချက်ကိုပဲ စစ်ခေါင်းဆောင်ဟာ အခုအချိန်ထိ မဖော်ဆောင်သေးတာ ဖြစ်ပါတယ်။
ဒီတော့ ဘုံသဘောတူညီချက်ပါ ပထမဆုံး အချက်ကို စစ်တပ်ဘက်က လေးစား လိုက်နာလာအောင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရော ... ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဆက်ပြီး တွန်းအားပေးနေရမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ ငြိမ်းချမ်းစွာ အဖြေရှာရေး ဆိုတာကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲ "fake election" ကို လက်သင့်ခံခြင်းက ငြိမ်းချမ်းစွာ အဖြေရှာရေးရဲ့ စမှတ် မဟုတ်ပါဘူး။
အခုလို အခြေအနေတွေ အတိုင်း ဘာမှ ပြုပြင် ပြောင်းလဲတာတွေ မလုပ်ပဲ ရွေးကောက်ပွဲ ကျင်းပတာဟာ အင်မတန်မှာ လွန်ကျူးတဲ့ လုပ်ရပ် outrageous ဖြစ်ရုံမက၊ ယုတ္တိယုတ္တာကနေလည်း အတော် ကင်းဝေးတဲ့ လုပ်ရပ် preposterous လည်း ဖြစ်လှပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ တွမ်ရဲ့ အစီရင်ခံစာတွေက အင်မတန် အသေးစိတ်လှပါတယ်။ အဲဒီလို အသေးစိတ် အချက်အလက်တွေဟာ ရည်ညွှန်းကိုးကားစရာ ဖြစ်တဲ့ အတွက် ကျွန်တော့် လို သတင်းသမား တစ်ယောက် အနေနဲ့လည်း အကျိုးရှိစေပါတယ်။ တချို့ အဖြစ်အပျက်တွေ ဆိုရင် လူတွေ အမြောက်အများ အစုလိုက် အပြုံလိုက် သေဆုံးရတာမျိုး ဖြစ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ လိုတဲ့ အရာမျိုးတွေ ဖြစ်ပါတယ်။ တွမ့်အနေနဲ့ တိုင်းပြည်ထဲထိဝင်ပြီး စုံစမ်း လေ့လာတာတွေ လုပ်နိုင်ဖို့ စစ်အာဏာပိုင်တွေကို ပြောခဲ့ဖူးလား။
တွမ်အင်ဒရူးစ်။ ။ တိုင်းပြည်ထဲ ဝင်ခွင့်ရဖို့ ကျွန်တော် အမြဲပဲ အငြင်းခံရပါတယ်။ ကျွန်တော်ကို ဝင်ခွင့် မပြုနိုင်ဘူး ဆိုတဲ့ အချက်နဲ့ ပတ်သက်ရင် သူတို့ ဘက်က အင်မတန်မှ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။
ဘီဘီစီ။ ။ ကျွန်တော်တို့ အနေနဲ့လည်း လူ့အခွင့်အရေး ဆိုင်ရာ ကျုးလွန် ချိုးဖောက်ခံရတဲ့ သတင်းတွေကို မြေပြင်ကနေ အမြဲပဲ ရပါတယ်။ တချို့ အရာတွေဟာ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ နေရာတွေမှာ ဖြစ်ပါတယ်။ အဲဒီလို နေရာမျိုးတွေမှာရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ရာ စောင့်ကြည့်တဲ့ ... အပြစ်ပေးအရေးယူတဲ့ စနစ်ယန္တရားမျိုးတွေ ရှိ မရှိကို တွမ် အနေနဲ့ ဘယ်လို နားလည်ထားသလဲ။
တွမ်အင်ဒရူးစ်။ ။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ မေးခွန်း ဖြစ်ပါတယ်။ တာဝန်ခံမှု ရှိစေရေး ယန္တရား ဖော်ဆောင် ထားရှိနိုင်ရေးဆိုတာ အင်မတန် အခြေခံကျနတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ အခြေအနေဟာ အသက်သွင်းနေကြဆဲ "rudimentary" အဆင့်လို့ ပြောရမှာပါ။ လုပ်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးရှိရမယ် ... ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့ အပေါ် စုံစမ်းရမယ် ... နစ်နာသူတွေ အတွက် တရားမျှတမှုကို ရှာဖွေ ပေးနိုင်ရမယ် ... စတဲ့ လုပ်ငန်းစဥ် အဆင့်ဆင့်လိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ဘယ်ဘက်က ကျူးလွန်ကျူးလွန် လက်သင့်ခံလို့ မရဘူးဆိုတဲ့ ကျွန်တော့်ရဲ့ ရပ်တည်မှုကို ရှင်းအောင် ပြသထားပြီး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အစီရင်ခံစာတွေဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ သက်သက်ကိုပဲ ဖော်ပြတာမဟုတ်ပဲ၊ အတိုက်အခံတွေ ထိန်းချုပ်တဲ့ နေရာတွေမှာ ပေါ်ပေါက်တဲ့ အဖြစ်အပျက်တွေကိုလည်း ဖော်ပြနေပါတယ်။ ရှေ့ဆက် ပြီးတော့ လည်း ဒီအတိုင်းပဲ ကျွန်တော် ဆက်လုပ်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံတကာ အနေနဲ့လည်း ကူညီနိုင်တာတွေ ရှိပါတယ်။ အခုနပြောတဲ့ တာဝန်ခံမှု ရှိစေရေး နဲ့ ဥပဒေကြောင်းဆိုင်ရာ စနစ် ယန္တရားတွေကို တော်လှန်ရေး အဝန်းဝိုင်းထဲ၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ ... ဖော်ဆောင် ထားရှိနိုင်ရေး အတွက် အကူအညီတွေ ပေးနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သင့်ပါတယ်။ လုပ်ထားလက်စတွေ ရှိသလို ... အဲဒါတွေဟာ တဖြည်းဖြည်းနဲ့တော့ ပိုပြီး ခိုင်မာ လာနေပါတယ်။
ဒါပေမယ့်လည်း အခုနက ကျွန်တော် ပြောခဲ့သလို နိုင်ငံတကာ အထောက်အပံ့ တွေဟာ အခု အကျပိုင်းကို ရောက်လာပါတယ်။ ကဏ္ဍအမျိုးမျိုးမှာ ဖြတ်တောက် လျှော့ချ နေကြပါတယ်။ ဒီ့အပေါ် ကျွန်တော် အင်မတန်ပဲ စိုးရိမ်ပါတယ်။ ဒီလို ကိစ္စတွေမှာ လျှော့ချတာမျိုး မလုပ်ဖို့ ကျွန်တော် အနေနဲ့လည်း နိုင်ငံတကာကို တိုက်တွန်းနေပါတယ်။ အခုလည်း ယူကေ အစိုးရကို တိုက်တွန်း နေတာတွေထဲ အကူအညီ အထောက်အပံ့ပေးတာတွေကို လျှော့မချရေးဟာ အဓိကပဲ ဖြစ်ပါတယ်။ ကူညီရမယ့် တာဝန်ဝတ္တရားတွေကို ဒီလို အခန်းကဏ္ဍတွေမှာ ဘယ်လိုမှ မလျှော့ချ ပစ်သင့်ပါဘူး။
ကျူးလွန်ခံရသူတိုင်း အတွက် တရားမျှတမှု ရှာဖွေ ပေးနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ချက်ခြင်းလက်ငင်း ဖြစ်ချင်မှ ဖြစ်မယ် ... ခနတဖြုတ် ဆိုတာထက် လွန်ပြီး အချိန်အကြာကြီး စောင့်ရတာမျိုးလည်း ဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမယ့် အရေးအကြီးဆုံးက သူတို့ဟာ အမေ့ပျောက်ခံတွေ မဟုတ်ဘူး ... သူတို့ အပေါ် ကမ္ဘာကြီးက လျစ်လျူရှု မျက်ကွယ်ပြု မထားဘူး ... သူတို့ရဲ့ အဖြစ်အပျက်တွေ ... သူတို့ ခံစားခဲ့ရတာ ... တွေ့ကြုံခဲ့ရတာတွေဟာ အရေးပါတယ် ဆိုတဲ့ အချက် သူတို့ သိရှိနေဖို့ လိုပါတယ်။
ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူလို့ မရမချင်း၊ တရားမျှတမှု ရှာဖွေ မပေးနိုင်မချင်း ..... နိုင်ငံတကာ အသိုင်းအဝိုင်းက ရပ်နားမှာ မဟုတ်ပဲ၊ အဆက်မပြတ် ကြိုးစားနေမှာ ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျူးလွန်ခံရသူတွေ၊ နစ်နာသူတွေ သိမြင်နေစေဖို့ ကျွန်တော်တို့ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ သူတို့ အနေနဲ့ကတော့ နိုင်ငံတကာရဲ့ ပြစ်တင် ကန့်ကွက်မှုတွေ ဘယ်လိုပဲ ရှိနေနေ ရွေးကောက်ပွဲကတော့ မဖြစ်မနေ လုပ်သွားမယ် ဆိုတာ မြင်နေရပါတယ်။ ပြီးရင်လည်း အစိုးရသစ်ဆိုတာ ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်ရော ... တွမ့်ရဲ့ ရပ်တည်မှုက ဘယ်လို ရှိမလဲ ... အဲဒီ ရွေးကောက်ပွဲလွန် ရှိလာမယ့် အစိုးရသစ်နဲ့ကြား ဆက်ဆံရေး လမ်းကြောင်း ဖွင့်နိုင်ဖို့ ကြိုးစားမှာလား။
တွမ်အင်ဒရူးစ်။ ။ ကျွန်တော့် အမြင်မှာတော့ ဖြစ်လာမယ့် အစိုးရ ဆိုတာ အသစ်လို့ မပြောနိုင်ပါဘူး။ သူတို့ဟာ စစ်တပ်ရဲ့ ထုတ်ကုန် တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာပိုင်တွေနဲ့ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အခြေအနေတွေလည်းပဲ ဘာမှ ပြောင်းလဲ သွားနိုင်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံထဲ ဖြစ်ပေါ်ခဲ့တဲ့ ... အခု ဖြစ်နေခဲ့တဲ့ အင်မတန် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေ တကယ်တမ်း ရပ်သွားဖို့ ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီရေးတို့ကို ရှေ့ရှုပြီး တကယ့်ကို စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုပါတယ်။ အဲဒီလို စစ်မှန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်လိုတဲ့ အရိပ်အယောင်မျိုးတောင် စစ်အာဏာပိုင်တွေဆီမှာ မတွေ့ရပါဘူး။
သူတို့ ကျွန်တော့်ကို မြန်မာနိုင်ငံထဲ ရောက်မလာစေလိုတဲ့ အဓိက အချက်၊ ကျွန်တော်နဲ့ ထိတွေ့ ဆက်ဆံရေး မတည်ဆောက်လိုတဲ့ အဓိက အချက်ကလည်း ... ဘယ်မသွားရ ... ဘယ်သူနဲ့ မတွေ့ရ ဆိုတာမျိုး ထိန်းချုပ် ကန့်သတ်ချက်တွေ အောက် ကျွန်တော်ဟာ လိုက်နာမှာ မဟုတ်တဲ့သူ ဆိုတာ သူတို့ သိတဲ့ အတွက် ဖြစ်ပါတယ်။ ကျွန်တော့်ဘက်က ကိုင်စွဲတဲ့ အဓိက တောင်းဆိုချက် အခြေအနေကလည်း တစ်ခုတည်းပဲ ဖြစ်ပါတယ် ... "အမှန်အတိုင်း မြင်နိုင်ရေးနဲ့ ပြောနိုင်ရေး" ဖြစ်ပါတယ်။ အဲဒါကို သူတို့ လက်မခံ နိုင်ပါဘူး။
မြန်မာ စစ်အာဏာပိုင်တွေဟာ ဘာနဲ့ တူသလဲ ဆိုရင် "မှိုလိုပဲ ... အမှောင်ထဲမှာမှ ဖွံ့ဖြိုး ကြီးထွားနိုင်စွမ်း ရှိသူတွေ" ဆိုပြီး ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ပြောဖူးပါတယ်။ သူတို့ဟာ အလင်းအောက် မနေလိုပါဘူး ... ပကတိ အမှန်တရား အ တိုင်း ပြရမယ့် အပေါ် အင်မတန် ဝန်လေးကြသူတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအလွန် ကျရင်လည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်ဟာ သူတို့ ဖုန်းကွယ်ထားတဲ့ အမှောင်ထဲက အရာတွေကို အားလုံးသိမြင်နိုင်အောင် မီးမောင်းထိုး ဖွင့်ချမယ့်သူ အဖြစ် သူတို့ သိမြင်ထားတဲ့ အတွက် ... အခု ပုံစံမျိုးပဲ ဆက်ရှိသွားမှာ အသေအချာပါပဲ။








