တူရကီသမ္မတ အာဒိုဝမ်ရဲ့အောင်ပွဲက အနောက်အုပ်စုအတွက် ဘာကြောင့်အရေးပါတာလဲ

ဓာတ်ပုံ ရင်းမြစ်, PPO/REUTERS
- ရေးသားသူ, ကက်တာယာ အက်ဒ်လာ
- ရာထူးတာဝန်, ဥရောပ အယ်ဒီတာ
ယူကရိန်းစစ်ပွဲ ဖြစ်ရတဲ့ နောက်ခံအကြောင်းရင်းမှန်ကို တူရကီက လက်မခံပဲ ပြောင်ပြောင်တင်းတင်း နေခဲ့ပေမဲ့ တနင်္ဂနွေနေ့ညက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရေချက် တေရစ် အာဒိုဝမ်ကို ကမ္ဘာ့ ခေါင်းဆောင်တွေ အပြေးအလွှား ဂုဏ်ပြုခဲ့ကြတာဟာ ကမ္ဘာတဝန်းမှာ တူရကီရဲ့ မဟာဗျူဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာကို တွေ့နိုင်ပါတယ်။ အဲဒီထဲမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရှေ့ဆုံးကပါ။
သမ္မတပူတင်ဟာ သူ့ရဲ့ မိတ်ဖက်၊ အမာခံပုဂ္ဂိုလ်ကြီး မစ္စတာ အာဒိုဝမ်ကို ချီးကျူး ဂုဏ်မြှင့်ပြောဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေသလဲ ဆိုရင် ရွေးကောက်ပွဲ တရားဝင် မဲရလဒ်ကိုတောင် မစောင့်နိုင်တော့ဘဲ မစ္စတာ အာဒိုဝမ်ရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ ဟာ သူရွေးကောက်ပွဲ အနိုင်ရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်တယ်ဆိုတဲ့အကြောင်းကို ရွေးထုတ်ပြောခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက အင်အားအလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့အပြီး နေတိုးအဖွဲ့ထဲက တူရကီရဲ့ မိတ်ဖက်နိုင်ငံတွေက ရုရှားအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာတွေ၊ ရုရှားဆီက စွမ်းအင် ဝယ်ယူသုံးစွဲတာတွေ ဖြတ်တောက်လိုက်ကြပေမဲ့လည်း မစ္စတာ အာဒိုဝမ်ကတော့ ရုရှားကို ဖယ်ကျဉ်မထားဘဲ ဆက်လက်ခံထားတဲ့ အချက်က တူရကီရဲ့ မူဝါဒတွေထဲမှာ အထူးသဖြင့် ရုရှားအစိုးရ သဘောတွေ့ခဲ့တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ယူကရိန်းစစ်ပွဲ စဖြစ်ကတည်းက တူရကီနဲ့ ရုရှားအကြား ကုန်သွယ်မှုဟာလည်း သိသိသာသာ တိုးလာတာတောင် တွေ့ရပါတယ်။
ဒါပေမယ့် မစ္စတာ အာဒိုဝမ်ကို တနင်္ဂနွေနေ့က ဂုဏ်ပြုခဲ့ကြသူတွေထဲမှာ သမ္မတ ပူတင်လိုပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် တို့လည်း ပါဝင်ပါတယ်။
ရုရှားအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေတာကိုရော၊ မစ္စတာ အာဒိုဝမ်ရဲ့ ပထမပိုင်း ဆယ်စုနှစ် နှစ်ခုကြာ သမ္မတသက်တမ်းအတွင်း တူရကီနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ ဒီမိုကရေစီ စံနှုန်းတွေ ပိတ်ပင်ထားခဲ့တာတွေကို မကြိုက်ပေမဲ့လည်း အနောက်အုပ်စု မိတ်ဖက်နိုင်ငံတွေအတွက် တူရကီအစိုးရဟာ ကိုင်တွယ်ရခက်ခဲ၊ ကြိုခန့်မှန်းလို့မရရင်တောင် အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။
တူရကီဟာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အဖွဲ့ရဲ့ လုပ်ငန်းစဉ်အားလုံးမှာ ပါဝင် ဆောင်ရွက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
မစ္စတာ အာဒိုဝမ်ဟာ ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားကောင်း ထိန်းထားမှာ ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း ယူကရိန်းကို စစ်ရေး အကူအညီတွေ ပေးနေတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လူသိများတဲ့ သူ့ရဲ့လတ်တလော စွမ်းဆောင်ချက်တစ်ခုက ကမ္ဘာက အားထားနေရတဲ့ ယူကရိန်းနိုင်ငံရဲ့ ဂျုံတင်ပို့မှုကို ရုရှားက ပိတ်ဆို့ တားဆီးထားတာကို ပြေလည်သွားအောင် ကြားဝင် ညှိနှိုင်းပေးခဲ့တာပါ။
ဒါ့အပြင် အချိန်အကြာကြီး တုံ့ဆိုင်းနေတဲ့ ရုရှားရဲ့ အိမ်နီးချင်း ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ ဝင်ဖြစ်လာဖို့ကိစ္စကိုလည်း တရားဝင် ခွင့်ပြုချက် ပေးခဲ့ပါတယ်။
တစ်ချိန်က ဥရောပသမဂ္ဂထဲ တူရကီနိုင်ငံဝင်ဖို့ ကိစ္စကို စိတ်အားထက်ထက်သန်သန် စည်းရုံးပြောဆိုခဲ့တဲ့ မစ္စတာ အာဒိုဝမ်ဟာ အခုအချိန်မှာတော့ "တူရကီနိုင်ငံကြီး ပြန်လည် တိုးတက်ထွန်းကားလာဖို့ " အကြောင်းကိုပဲ ပြောနေပါတယ်။
အာဒိုဝမ်ဟာ ပိုလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ထားတဲ့သူပါ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာလည်း သူ့ရဲ့ မဟာမိတ်နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးတွေတိုးမြင့်လာအောင် မစ္စတာ အာဒိုဝမ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် ခွင့်ပြုဖို့ မစ္စတာ အာဒိုဝမ်ကို နားချ သိမ်းသွင်းနေရတာနဲ့ ပတ်သက်လို့ စိတ်မရှည်တော့ဘူး ဆိုတာကို အမေရိကန် အိမ်ဖြူတော်က ထုတ်ပြောထားပြီးပါပြီ။ ရုရှားကို ဆန့်ကျင်တဲ့ မဟာမိတ်နိုင်ငံတွေအတွက် ဘောလ်တစ် ပင်လယ်ဒေသကို ထိန်းချုပ်ထားနိုင်ဖို့ ဆွီဒင်ဟာအရေးပါပါတယ်။
တူရကီနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းလာနေပြီး ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်ဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ မစ္စတာ အာဒိုဝမ် အာရုံစိုက်လာရရင် ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် ခွင့်ပြုနိုင်ရေးကို တွန်းအားပေးနိုင်တဲ့ အနေအထားရောက်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက မျှော်လင့်ထားပါတယ်။
ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး ပိတ်ပင်ထားတဲ့ နိုင်ငံတွေက တူရကီနဲ့ဟန်ဂေရီ နိုင်ငံတွေ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဥရောပသမဂ္ဂနိုင်ငံတွေထဲ ရွှေ့ ပြောင်းအခြေချမယ့်သူတွေအလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်နေတဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း အဲဒီကိစ္စကို တားဆီးပေးပါ့မယ်ဆိုတဲ့ အာမခံချက်ကို မစ္စတာ အာဒိုဝမ်ဆီက အမြန်ဆုံးရဖို့ မျှော်လင့်နေပါတယ်။
၂၀၁၅ခုနှစ်က ရွှေ့ပြောင်းအခြေချသူတွေ အလုံးလိုက်အရင်းလိုက် ဝင်လာတဲ့ အကျပ်အတည်းကာလအတွင်းတုန်းက ဆီးရီးယားက ဒုက္ခသည် အများစု အပါအဝင် ခိုလှုံခွင့်တောင်းခံဖို့လာတဲ့သူ တစ်သန်းကျော်ဟာ မှောင်ခိုစက်လှေတွေနဲ့ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပနိုင်ငံတွေထဲ အန္တရာယ်များတဲ့ ခရီးကို ဖြတ်သန်းလာခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ဥရောပသမဂ္ဂက တူရကီနဲ့ သဘောတူညီချက်ရယူခဲ့ပါတယ်။
တူရကီရေပိုင်နက်ထဲကနေ စာရွက်စာတမ်းမပါဘဲ ဥရောပနိုင်ငံတွေထဲ ဝင်ရောက်မယ့်သူတွေကို တူရကီသမ္မတက အတတ်နိုင်ဆုံး တားဆီးပေးမယ်ဆိုရင် ဥရောပသမဂ္ဂ ဘက်က တူရကီနိုင်ငံကို ငွေကြေးအမြောက်အမြား ထောက်ပံ့မယ်၊ ဗီဇာမပါဘဲ တူရကီတွေကို ဥရောပနိုင်ငံတွေထဲ ဝင်ခွင့်ပြုမယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တူရကီအစိုးရကို ဝေဖန်သူတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို ထောင်သွင်း အကျဉ်းချတဲ့ကိစ္စကို ဥရောပသမဂ္ဂက ကန့်ကွက်ခဲ့တာကြောင့် တူရကီတွေ ဗီဇာမပါဘဲ လာခွင့်ကိစ္စ ဖြစ်မလာခဲ့ပါဘူး။
ဒါပေမဲ့ တူရကီနိုင်ငံတွင်းမှာ ဆီးရီးယားဒုက္ခသည်တွေ တစ်နေ့တခြား တိုးလာနေတာကြောင့် အစိုးရအပေါ် တူရကီမဲဆန္ဒရှင်တွေ ထောက်ခံအားပေးမှု အကြီးအကျယ် လျော့ကျလာခဲ့ပါတယ်။
အခုလ တူရကီ လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်အရွေးခံတဲ့ နိုင်ငံရေး ပါတီတိုင်းက “လူတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းဝင်ရောက်လာနေတဲ့ ပြဿနာ” ကို ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ ကတိပြုထားကြပါတယ်။
ဒုက္ခသည်တွေကို သူတို့ရဲ့ မူရင်းနိုင်ငံဖြစ်တဲ့ အန္တရာယ်များတဲ့ ဆီးရီးယားနိုင်ငံထဲ တူရကီအစိုးရက ပြန်ပို့ မှာကို ဥရောပသမဂ္ဂက စိုးရိမ်နေပြီး တူရကီကလည်း ခိုလှုံခွင့်တောင်းခံမယ့် ဒုက္ခသည်တွေနဲ့ တခြားပြောင်းရွှေ့အခြေချမယ့်သူတွေကို သူတို့နိုင်ငံကတဆင့် မြေထဲပင်လယ်ဖြတ်ပြီး ဥရောပထဲ လှေနဲ့ သယ်ပို့ဖို့ လူမှောင်ခိုသမားတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြု ထားပါတယ်။
အေဂျီယံ ပင်လယ်ထဲက ကျွန်းတွေ ပိုင်ဆိုင်မှုကိစ္စနဲ့ ပတ်သက်ပြီး တူရကီနဲ့ ဂရိ အငြင်းပွား နေတဲ့ကိစ္စမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် ဂရိနိုင်ငံဘက်က ဥရောပသမဂ္ဂက အကာအကွယ်ပေး ရပ်တည်နေသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးက ဆိုက်ပရပ်စ်ကို တူရကီက ကျုးကျော်ခဲ့အပြီး ဆယ်စုနှစ်နဲ့ချီ တင်းမာနေတဲ့အခြေအနေကို ဂရိ-တူရကီ နှစ်နိုင်ငံသာ ညှိနှိုင်းဖြေရှင်းဖို့ မစ္စတာ အာဒိုဝမ်က တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် ဆိုက်ပရပ်စ် က မကြေမလည် ဖြစ်နေဆဲပါပဲ။
အနောက်အုပ်စုနိုင်ငံတွေက တူရကီနိုင်ငံရဲ့ မဟာဗျူဟာမြောက် အရေးပါမှုကို ဥရောပနဲ့ အရှေ့အလယ်ပိုင်းကြားက ပေါင်းကူးတံတားအဖြစ် ဖော်ပြလေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့အပြီးမှာတော့ တူရကီရဲ့ အနေအထားက ပြောင်းလဲသွားပါတယ်။
တူရကီနိုင်ငံကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၃၀ ထဲ ဝင်လာတော့မယ့် မစ္စတာ အာဒိုဝမ်ဆီက ကြီးမားတဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲတွေ တွေ့ဖို့ သိပ်မမျှော်လင့်ထားကြပါဘူး။ ဒါပေမဲ့ တူရကီအစိုးရရဲ့ မဟာဗျူဟာတွေကိုတော့ မဟာမိတ်နိုင်ငံတွေက အနီးကပ် စောင့်ကြည့်နေကြမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် တူရကီနိုင်ငံဟာ သူတို့အတွက် အရေးပါတယ်ဆိုတဲ့ အချက်ကတော့ ငြင်းမရတာသေချာပါတယ်။








