ဂရိမှာ ရထားနှစ်စင်း တိုက်မိမှု အနည်းဆုံး လူ ၃၆ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂရိနိုင်ငံမြောက်ပိုင်း လာရစ်ဆာ မြို့အနီး မနေ့ အင်္ဂါနေ့ညပိုင်းက ရထားနှစ်စင်း တိုက်မိလို့ လူ ၃၆ ယောက် အနည်းဆုံး သေဆုံးပြီး ဒဏ်ရာရသူလည်း ၆၀ ကျော် ရှိပါတယ်။
လူ ၃၅၀ ကျော် သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားနဲ့ ကုန်တင်ရထားတစ်စင်းတို့ တိုက်မိခဲ့တာပါ။
ခရီးသည်တင်ရထားရဲ့ ပထမတွဲနှစ်တွဲဟာ မီးလောင်ပြီး လုံးဝနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှာဖွေကယ်ဆယ်ရေးသမားတွေက သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်သူတွေကို ညလုံးပေါက် လုပ်ခဲ့ကြပါတယ်။
မီးရထားတိုက်မိမှု ဘာကြောင့် ဖြစ်ရတာ ဆိုတာ မသိရသေးကြောင်း မီးရထားသမဂ္ဂအကြီးအကဲက ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။ အခု ရထားတိုက်မိမှုဟာ ဂရိနိုင်ငံမှာ အခုနှစ်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ရထားမတော်တဆ ဖြစ်မှုမိမှုတွေထဲမှာ အကြီးမားဆုံး မတော်တဆမှု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လူစီးရထား ၄ တွဲမြောက်မှာ စီးနင်းလိုက်ပါလာတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ဦးက သူကြုံတွေ့ရတာကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ကျောတွေနဲ့ ပြတင်းပေါက်တွေကို တိုက်ဖျက်ဖို့ ကြိုးစားတယ်။ ကျွန်တော်မှတ်မိ သလောက် ရုတ်တရက်ကြီး ဘရိတ်တအားအုပ်လိုက်တာရယ်၊ ပြတင်းပေါက် ဘေးကနေ မီးတောက်မီးစတွေ မြင်ရတာပါ။ ပြီးတော့ ရုတ်တရက် ရပ်သွားတယ်။ ဒါက ကျွန်တော်တို့ကို ထိတ်လန့်စေပြီး ပြတင်းပေါက်က မှန်တွေကို ချိုးပြီး အတတ်နိုင်ဆုံး အမြန်ထွက်ဖို့ ဖြစ်စေပါတယ်၊ ရှေ့မှာ မြင်ရတာကတော့ ကသောင်းကနင်းပါဘဲ၊ ဘာမှ ကျွန်တော်မမြင်တော့ပါဘူး၊ ကျွန်တော် ပြန်မပြောတတ်အောင်ပါပဲ" လို့ သူက ပြောပါတယ်။
ရထားနှစ်စင်းတိုက်မိပြီး ရထားတွဲတွေ လေထဲမြောက်တက်သွားပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ တညလုံး ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ခဲ့ပါတယ်။ ရထားနှစ်စီး တိုက်မိတဲ့ အကြောင်းအရင်းကိုလည်း စုံစမ်းမှုတွေ စတင်နေပါတယ်။ ဒေသခံ မီးရထားရုံပိုင်ကိုလည်း ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။
ဂရိဝန်ကြီးချုပ် ကေရီရာကိုစ့် မစ်ဆိုတာကစ်ကလည်း ရထားတိုက်မိတဲ့နေရာကို သွားရောက်ဖို့ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters








