ဗြိတိသျှပြတိုက်ထဲက ပစ္စည်းတွေ ထောင်ချီ ခိုးယူ ဖျက်ဆီးခံခဲ့ရ - ဩဂုတ်လ ၂၆ ရက် နိုင်ငံတကာ ထိပ်တန်းသတင်းများ

ပစ္စည်း အရေအတွက် ထောင်နဲ့ချီလို့ ထိခိုက် ဆုံးရှုံးခဲ့ရတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပစ္စည်း အရေအတွက် ထောင်နဲ့ချီလို့ ထိခိုက် ဆုံးရှုံးခဲ့ရတယ်

ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်က ကမ္ဘာကျော် ဗြိတိသျှပြတိုက်ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဂျွန်နသန် ဝီလျမ်စ်ဟာ ပြတိုက် အဖွဲ့အစည်းကြီး စုံစမ်း စစ်ဆေး ခံနေရတဲ့ အခုအချိန်မှာ သူ့ရဲ့ ပုံမှန် တာဝန် ဝတ္တရားတွေ ထမ်းဆောင်မှာ မဟုတ်ပဲ ဆိုင်းငံ့နေမှာ ဖြစ်တယ် ဆိုပြီး ဗြိတိသျှပြတိုက် (British Museul) ဘက်က ထုတ်ပြန်ပါတယ်။

ဗြိတိသျှပြတိုက်ကနေ ပစ္စည်းတွေ ကာလတာရှည် ခိုးယူခံနေခဲ့ရတယ် ဆိုတဲ့ သတင်း အပေါ် ပြတိုက် တာဝန်ရှိသူတွေဘက်က အသေအချာ ကိုင်တွယ် ဖြေရှင်းခဲ့ရဲ့လား ဆိုတာကို စုံစမ်း နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပြတိုက်ရဲ့ ဒါရိုက်တာ ဟာ့ထ်ဝစ်ဂ် ဖစ်ရှာဟာ သူတို့ အုပ်ချုပ်ရေးပိုင်းမှာ ပျက်ကွက် လစ်ဟာမှုတွေ ရှိခဲ့ကြောင်း ဝန်ခံပြီး ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ဗြိတိသျှပြတိုက်က ဝန်ထမ်းတစ်ယောက်ဟာ ပြတိုက်က ပစ္စည်းတွေကို ခိုးယူတာ၊ ထိခိုက် ပျက်စီးစေတာတွေ ပြုလုပ်နေတာ နှစ်အတန်ကြာ ရှိနေပြီ ဖြစ်တယ်လို့ သံသယ ရှိခံရပြီး၊ ပစ္စည်း အရေအတွက် ထောင်နဲ့ချီ ထိခိုက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြတိုက်အုပ်ချုပ်‌ရေး အဖွဲ့ထံ သတိပေး တိုင်တန်းမှုတွေ ရှိခဲ့ပေမယ့်လည်း အလေးမထားပဲ နေခဲ့တယ် ဆိုတဲ့ အချက် ထွက်ပေါ် လာအပြီးမှာ အခုလို ထိပ်ဆုံးက တာဝန်ရှိသူတွေ နုတ်ထွက်တာ၊ ရာထူးက ဆိုင်းငံ့တာတွေ လုပ်လာတာ ဖြစ်ပါတယ်။

ပြတိုက်ရဲ့ ဘဏ္ဍာရေးရေးရာ ကော်မတီ ဥက္ကဌ ဖြစ်တဲ့ အရင် ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂျော့ချ် အော့စဘွန်းက ဘီဘီစီကို အခုလို ပြောပါတယ်။

“ပြတိုက်အဖွဲ့အစည်းဘက်က စုံစမ်းတာတွေ ပြုလုပ်ခဲ့ပြီးနောက်၊ ခိုးယူခံရတာမျိုး မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါဟာ မှားယွင်းကြောင်း အခု သိလာရပြီ ဖြစ်တဲ့ အတွက် လွတ်လပ်တဲ့ ပြန်လည် စုံစမ်း စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အနမ်းခံရသူကို အရေးယူမယ်လို့ စပိန်ဘောလုံး အဖွဲ့ချုပ် ခြိမ်းခြောက်

ကမ္ဘာ့ဖလားဗိုလ်လုပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်ကို နိုင်ပြီး အောင်ပွဲခံကြတာကနေ အခုလို နမ်းရှုံ့တဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့

အမျိုးသမီး ကမ္ဘာ့ဖလား ရထားတဲ့ စပိန်ဘောလုံးအသင်းထဲက ကစားသမား တစ်ယောက် ဖြစ်တဲ့ ဂျဲန်နီ အာမိုဆိုကို တရားရေး လမ်ကြောင်းကနေ အရေးယူ သွားမယ်ဆိုပြီး စပိန် ဘောလုံး အဖွဲ့ချုပ်က ခြိမ်းခြောက်လိုက်ပါတယ်။

စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ လူဝိစ် ရူဘီယာလက်စ် က သူ့ရဲ့ သဘောတူမှု မပါပဲ သူ့ကို နမ်းခဲ့တယ် ဆိုပြီး မစ္စ အာမိုဆိုက ပြောဆိုခဲ့တဲ့နောက် ဘောလုံး အဖွဲ့ချုပ်ဘက်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ပြင်းပြင်းထန်ထန် စကားလုံးတွေပါတဲ့ စပိန် ဘောလုံး အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ အာမိုဆိုက ကိုယ်တိုင်လည်း လိမ်နေတယ်၊ တခြားသူတွေကိုလည်း သူ့ကိုယ်စား လိမ်ညာခိုင်းနေတယ်လို့ ရေးသားထားပါတယ်။

လက်ရှိမှာ စပိန် အမျိုးသမီး ဘောလုံးသမား အယောက် ၈၀ ကျော်က အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ မလုပ်မချင်း ဘယ်ပွဲမှ မကန်နိုင်ဘူး ဆိုပြီး သပိတ်မှောက်နေပါတယ်။

စပိန်အမျိုးသမီး အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်ကို နိုင်ပြီး အောင်ပွဲခံကြတာ ကနေ အခုလို နမ်းရှုံ့တဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ သူနုတ်ထွက်မှာ မဟုတ်ဘူးဆိုပြီး ပြောထားပါတယ်။

ဂျပန် နျူကလီယားစက်ရုံ ရေဆိုးစွန့်မှုကို တောင်ကိုရီးယားမှာ ဆက်လက် ဆန္ဒပြ

ထိခိုက်ပျက်စီးထားတဲ့ ဖူကူရှီမာ နယူကလီယာ စွမ်းအင် စက်ရုံက ရေတွေကို ဂျပန်က စတင် စွန့်ပစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိခိုက်ပျက်စီးထားတဲ့ ဖူကူရှီမာ နျူကလီးယား စွမ်းအင် စက်ရုံက ရေတွေကို ဂျပန်က စွန့်ပစ်လာ

ဂျပန်နိုင်ငံက ရေဆိုးတွေ စွန့်ပစ်တာကို ကန့်ကွက်ဆန္ဒပြရင်း တောင်ကိုရီးယားမှာ ဂျပန်သံရုံးထဲကို ဝင်ဖို့ ကြိုးစားတဲ့ ကျောင်းသား ၁၆ ဦး ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ရေဒီယို သတ္တိကြွရေဆိုးတွေကို ဂျပန်က စွန့်ပစ်တာကို တောင်ကိုရီးယားမှာ ဆန့်ကျင် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ထိခိုက်ပျက်စီးထားတဲ့ ဖူကူရှီမာ နယူကလီယာ စွမ်းအင် စက်ရုံက ရေတွေကို ဂျပန်က စတင် စွန့်ပစ်လာပြီး နောက်တစ်ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တောင်ကိုရီးယားကျောင်းသားတွေဟာ ဆိုးလ်မြို့တော်မှာ ရှိတဲ့ ဂျပန်သံရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ထိအောင်လည်း ဆိုးလ်မြို့တော်မှာ ဆန္ဒပြပွဲတွေ ဆက်ရှိ နေပါတယ်။

တောင်ကိုရီးယား ဆန္ဒပြသမားတွေဟာ ‌ဆိုင်းဘုတ်တွေကို ကိုင်ထားရင်း ရေစွန့်ပစ်မှုကို ကန့်ကွက်ကြောင်း အော်ဟစ် ဆန္ဒပြ နေကြပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ဒီ စွန့်ပစ်မှုဟာ အန္တရာယ်မဖြစ်စေဘူးလို့ အတည်ပြုထားပေမယ့်လည်း အရှေ့အာရှနိုင်ငံတွေမှာ စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ယူကရိန်းက ကျေးရွာ ကဖေးဆိုင်ကို ရုရှားလက်နက်ကြီး ထိမှန်

ပိုဒိုလီရွာ ကဖေးဆိုင် လက်နက်ကြီးကျည် ထိမှန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိုဒိုလီရွာ ကဖေးဆိုင် လက်နက်ကြီးကျည် ထိမှန်

ယူကရိန်း အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ ရုရှားတပ်ဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လူ ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ပိုဒိုလီဆိုတဲ့ ရွာမှာ ရှိတဲ့ ကဖေးဆိုင်တစ်ဆိုင် လက်နက်ကြီးကျည် ထိမှန်ခံလိုက်ရတာလို့ ဆိုပါတယ်။

အဲဒီရွာ တည်ရှိတဲ့ ဒေသဟာ ရုရှားတပ်တွေ လက်ထဲ ကျရောက်နေတဲ့ နေရာတွေကို ယူကရိန်းက ပြန်သိမ်းနိုင်အောင် တိုက်ခိုက်နေတဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ‌‌‌ဒေသဖြစ်ပါတယ်။

ရုရှားထဲမှာဆိုရင်လည်း မြို့တော် မော်စကိုကို ဦးတည်လာပြန်တဲ့ ယူကရိန်းတို့ရဲ့ ဒရုန်းယာဥ်ပျံတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဒရုန်းယာဥ်ပျံ ချည်းကပ်လာခဲ့တဲ့ အတွက် မော်စကိုမြို့တော်က လေဆိပ် ၃ ခု လုံး ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ပိတ်ချထားခဲ့ရပါတယ်။

တမီလ်နာဒူးမှာ မီးရထားပေါ် မီးလောင်လို့ လူ အနည်းဆုံး ၉ ယောက် သေဆုံး

သီးသန့် ပါတီပွဲ လုပ်နေတဲ့ ရထားတွဲပေါ်က သူတွေ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီးသန့် ပါတီပွဲ လုပ်နေတဲ့ ရထားတွဲပေါ်က သူတွေ သေဆုံး

အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်နယ်မှာ ရပ်ထားတဲ့ မီးရထားတစ်စင်းပေါ် မီးလောင်မှု ဖြစ်ခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၉ ယောက် ရှိတယ်လို့ အာဏာပိုင်တွေ ဘက်က အတည်ပြုပါတယ်။

ရှေးမြို့တစ်ခု ဖြစ်တဲ့ မာဒူရိုင်းမှာ အခုလို ဖြစ်ပျက်ခဲ့တာပါ။ ရထားပေါ်က တရားမဝင် ရှိနေတဲ့ ဂက်စ်အိုးကြောင့် မီးလောင်ရတာလို့ မီးရထား အာဏာပိုင်တွေက ဆိုပါတယ်။

သေဆုံးသူတွေဟာ ဥတာပရာဒတ်ရှ် ပြည်နယ်၊ လပ်ခနောင်ကနေ လာတဲ့ သီးသန့် ပါတီပွဲ လုပ်နေတဲ့ ရထားတွဲပေါ်က သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် ဆောင်းရာသီ အိုလံပစ် အဖွဲ့ ခေါင်းဆောင် ဖမ်းဆီး စစ်ဆေးခံနေရ

တရုတ် အားကစား အုပ်ချုပ်ရေးပိုင်းကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် အားကစား အုပ်ချုပ်ရေးပိုင်းကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေ

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အိမ်ရှင် အဖြစ် ကျင်းပခဲ့တဲ့ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဝင် တရုတ်အသင်းကို ဦးဆောင်ခဲ့သူဟာ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးခံနေရပါတယ်။

အုပ်ချုပ်ရေးမှူး နီဟွေကျောင်းဟာ ပြင်းထန်ဆိုးရွားတဲ့ စည်းကမ်းဖောက်ဖျက်တာတွေ လုပ်ခဲ့ကြောင်း သံသယ ရှိရတယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

နီဟွေကျောင်းကို အခု ဖမ်းဆီးထားတယ်လို့ နားလည်ရပါတယ်။ ပြီးခဲ့ ဧပရယ်လကစလို့ တရုတ် အားကစား အုပ်ချုပ်ရေးပိုင်းကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပြီး၊ တရုတ်အမျိုးသား လက်ရွေးစင် ဘောလုံးအသင်းကို အုပ်ချုပ်နည်းပြခဲ့သူကိုလည်း လာဘ်စားမှုနဲ့ အရေးယူထားပါတယ်။