သြဂုတ် ၂၃ ရက်ထိပ်တန်းသတင်းများ- မြန်မာနဲ့ ဘာစီလိုနာ U 12 ဘောလုံးအသင်းတွေ ယှဥ်ပြိုင်ဖို့ရှိ

ဂျပန်ကိုရောက်ရှိနေတဲ့ မြန်မာ U 12 ဘောလုံးအသင်းလူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဂျပန်ကိုရောက်ရှိနေတဲ့ မြန်မာ U 12 ဘောလုံးအသင်းလူငယ်တွေ

ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာကျင်းပမယ့် အသက် ၁၂ နှစ်‌ - U12 Junior Soccer World Challenge2023 ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဥ်ကို၀င်ရောက်ယှဥ်ပြိုင်မယ့် မြန်မာလူငယ်ဘောလုံးအသင်းနဲ့ ဘာစီလိုနာလူငယ်အသင်းတို့ ဒီကနေ့ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံကြပြီဖြစ်ပါတယ်။

မြန်မာယူ - ၁၂ အသင်းဟာ ဘာစီလိုနာ ယူ ၁၂ နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေပြီး မနက်ဖြန် သြဂုတ် ၂၄ ရက် ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ၊ ၄၅ မှာ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

မြန်မာနဲ့ ဘာစီလိုနာ U12 လူငယ်ကစားသမားတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, မြန်မာနဲ့ ဘာစီလိုနာ U12 လူငယ်ကစားသမားတွေ

သြဂုတ် ၂၇ ရက်အထိ ကျင်းပပြုလုပ်မယ့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ - ၁၂ အသင်းဟာ အုပ်စု C မှာ ကျရောက်ပြီး ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းတို့နဲ့ အုပ်စုတူဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ - ၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံက တာဝန်ယူပြီးပဏာမကစားသမား ၄၀ ကနေ ဆန်ခါတင် ကစားသမား ၂၅ ဦး ရွေးချယ်ပြီး သု၀ဏ္ဏအားကစားကွင်း လက်ရွေးစင်များအဆောင်မှာ စခန်းသွင်း‌လေ့ကျင့်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။

မြန်မာသံရုံးရှေ့ဆန္ဒပြကြတဲ့ ထိုင်းလူငယ် ၇ ဦးထောင်ဒဏ်ချမှတ်ခံရ

မြန်မာပြည်တွင်း အာဏာသိမ်းအစောပိုင်းကာလ ‌၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှာ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့က ဆန္ဒပြဆုတောင်းမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည်တွင်း အာဏာသိမ်းအစောပိုင်းကာလ ‌၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှာ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့က ဆန္ဒပြဆုတောင်းမှု

ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ထမာ့ဆက်တက္ကသိုလ်က ကျောင်းသားအချို့အပါအဝင် ထိုင်းနိုင်ငံသားလူငယ် ၇ ဦးကို တရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ်တွေ အသီးအသီးချမှတ်လိုက်တယ်လို့ ထိုင်းကလာတဲ့သတင်းတွေက ဖော်ပြပါတယ်။

ဒီလူငယ်တွေဟာ မြန်မာပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာသံရုံးရှေ့က ဆန္ဒပြပွဲမှာပါ ဝင်ခဲ့ကြသူတွေလို့ ဆိုပါတယ်။

အဲဒီဆန္ဒပြနေ့တုန်းကတော့ မြန်မာနဲ့ထိုင်းတက်ကြွလှုပ်ရှားသူတွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့အထိဖြစ်ခဲ့ပါတယ်။

အခုတော့ ဒီဖြစ်ရပ်ဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ ဒီ အဲဒီထဲက ထိုင်းနိုင်ငံသား ၇ ဦးဟာ ဆန္ဒပြပွဲမှာ တရားမဝင်ပါဝင်မှု၊ ကိုဗစ်ကာလစည်းကမ်းချိုးဖောက်မှုတွေနဲ့ အမှုဖွင့်ခံရပြီး အာမခံနဲ့ ပြင်ပကနေ ၁ နှစ်ခွဲကျော်ကြာ တရားရင်ဆိုင်ခဲ့ရအပြီးမှာ ထောင်ဒဏ်နဲ့ငွေဒဏ်တွေချမှတ်ခံရတာဖြစ်ပါတယ်။

သူတို့ ၇ ဦးဟာ မူလထောင်ဒဏ်အများဆုံး ၄ နှစ်ကနေ အနည်းဆုံး ၄ လအထိ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ ငွေဒဏ်နဲ့ လျှော့ပေါ့ထောင်ဒဏ်တွေ သြဂုတ်လ ၂၁ ရက်မှာ ချမှတ်ခံရတာလို့ သိရပါတယ်။

အင်ဒိုနီးရှားက မြန်မာဆီကဆန်ဝယ်ဖို့ပြင်နေ

မြန်မာ့ဆန်ကို အင်ဒိုဝယ်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနဲ့ ကမ္ဘောဒီးယားက ဆန်တွေကို အင်ဒိုနီးရှားဝယ်ဖို့ပြင်နေတယ်လို့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေကဖော်ပြပါတယ်။မြန်မာနဲ့ ကမ္ဘောဒီးယားကဆန်ကိုဝယ်ဖို့စာချုပ်မချုပ်ရသေးပေမဲ့ မကြာခင်မှာချုပ်ဖို့မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးလုပ်ငန်း- Bulog ကော်ပိုရေးရှင်းရဲ့အတွင်းရေးမှူး က ပြောထားတာပါ။

Bulog ဘက်က အပြောအရ အခုနှစ်အစောပိုင်းက ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ နဲ့ ပါကစ္စတန်တို့ကနေ ဆန် မက်ထရစ်တန် ၁ ဒသမ ၆ သန်း တင်သွင်းထားပြီး ပြည်တွင်းကနေ ဆန်တန်ချိန် ၇ သိန်းကျော်ဝယ်ယူထားတယ်လို့ပြောပါတယ်။

အယ်နီညိုရာသီဥတုဖြစ်လာနိုင်ခြေကြောင့် စားရေရိက္ခာပြတ်လပ်မှုကိုဖြစ်လာနိုင်တာကို တွက်ချက်ပြီး အင်ဒိုနီးရှားအစိုးရက ဒီလိုပြင်လာတာလို့ဆိုသလို ပြည်တွင်းစားသုံးမှု လိုအပ်ချက်ပြည့်ဖို့ နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ ဒီလိုပြည်ပဆန်ထပ်တိုးဝယ်ဖို့ဖြစ်လာတာလို့ ပြောထားပါတယ်။

ကမ္ဘာ့ဆန်စျေးကွက်ကိုဆန်တင်ပို့မှုအများဆုံးဖြစ်တဲ့အိန္ဒိယက သူ့ရဲ့ ပြည်ပဆန်တင်ပို့မှုကို ပိတ်ပင်လိုက်ပြီး တဲ့နောက် ကမ္ဘာ့ဆန်ပြတ်လပ်မှုကို စိုးရိမ်လာကြပြီး ဗီယက်နမ်နဲ့ထိုင်းဆန်စျေးတွေလည်း တက်သွားခဲ့သလို နိုင်ငံတိုင်းက အရန်ဆန်ပိုထားဖို့ ပြင်လာကြတာပါ။

UNOCHA အကြီးအကဲရဲ့ မြန်မာခရီးစဥ်ကို အရပ်ဘက်အဖွဲ့ ၅၀၀ ကျော်ဝေဖန်

ကုလလူသားစာနာအကြီးအကဲရဲ့ မြန်မာခရီးစဥ်ကိုအရပ်ဘက်အဖွဲ့ ၅၀၀ကျော််ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ရဲ့ မြန်မာခရီးစဥ်ဟာ စစ်ကောင်စီဝါဒဖြန့်ချိဖို့ အသုံးချခံတဲ့ခရီးစဥ်ဆိုပြီးပြည်တွင်းနဲ့နိုင်ငံတကာအရပ်ဘက်အဖွဲ့ ၅၀၀ကျော်က ‌ထုတ်ပြန်ချက်ထုတ်ဝေဖန်လိုက်ပါတယ်။

မိုခါမုန်တိုင်းအပြီးလိုအပ်ချက်တွေရှိနေတဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီးလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ညှိနှိုင်းတဲ့ကြိုးပမ်းချက်ကိုတွေ့ရပေမဲ့ မစ္စတာ Griffiths ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုမရှိဘူးလို့ပြောထားတာတွေ့ရပါတယ်။

OCHA ရဲ့ ထုတ်ပြန်ချက်ထဲ “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ” လို့သုံးနှုန်းထားပြီးဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့ကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အသုံးပြုတဲ့အသုံးအနှုန်းတွေနဲ့မကိုက်ညီဘဲ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုရာရောက်တယ်ဆိုပြီးလည်း အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲရေးပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ အထောက်အပံ့အကူအညီပေးရေးကို လက်နက်သဖွယ် အသုံးချနေသလို မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအားလုံးရဲ့ အဓိကတရားခံလည်းဖြစ်လို့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံတာထက် လူထုကတရားဝင်ကိုယ်စားပြုသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တရားဝင်ဆက်ဆံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ နယ်စပ်ဖြတ်ကျော်အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကို မြေပြင်မှာထိထိရောက်ရောက်ပံ့ပိုးပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်သွားဖို့ဆိုပြီးလည်းတိုက်တွန်းပါတယ်။

အကျပ်အတည်းတွေတိုးလာရတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့်ဆိုတာနဲ့ ဆိုင်ကလုန်း မိုခါ ဒုက္ခသည်တွေဆီဝင်ရောက်ခွင့်ပိတ်ဆို့ခံရတာတွေကိုချန်လှပ်ထုတ်ပြန်ထားတယ်ဆိုပြီးလည်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သြဂုတ် ၁၇ ရက်ကမြန်မာခရီးစဥ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာမှာ အကူအညီပေးရေးတွေတိုးမြှင့်လုပ်ဆောင်ခွင့်ရဖို့နဲ့ ရန်ပုံငွေရရှိမှုလိုအပ်နေပြီးလက်ရှိမှာ တောင်းဆိုထားတဲ့ ရန်ပုံငွေရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရရှိတယ်လို့ တောင်းဆိုထုတ်ပြန်ထားပါတယ်။

ကရင်၊ ကရင်နီ၊ ချင်းအပါအဝင် လူ့အခွင့်အရေး၊ အကူအညီပေးရေးနဲ့ ဒီမိုကရေးစီအ‌ရေးလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးနဲ့ ‌ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ အရပ်ဘက် ၂၅၀ ကျော်နဲ့ လုံခြုံရေးအရအမည်မ‌ဖော်လိုတဲ့ အရပ်ဘက် အဖွဲ့ ၂၆၀ အပါအဝင် ၅၁၄ ဖွဲ့က ထုတ်ပြန်တာလို့ ရှေ့ပြေးအသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

PDF တပ်ရင်းတွေကို ဒရုန်းအစင်းရေ ရာနဲ့ချီဖြန့်ဝေထားတယ်လို့NUG ပြော

NUG ကထုတ်ပြန်လာတဲ့ ဒရုန်းတွေဖြန့်ဝေမှု

ဓာတ်ပုံ ရင်းမြစ်, NUG/MOD

တိုင်း နဲ့ ပြည်နယ်အသီးသီးက PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကိုမြေပြင်ထောက်လှမ်း‌ တိုက်ခိုက်နိုင်တဲ့ ဒရုန်းအစင်းရေ ၄၀၀ ကျော်ဖြန့်ဝေထားတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။

လူထုရဲ့‌ ထောက်ပံ့ရေးရန်ပုံငွေတွေနဲ့ ဝယ်ယူထားတဲ့အဲဒီဒရုန်းတွေကိုပို့ဆောင်ထားတာဖြစ်ပြီးရှေ့တန်းစစ်မြေပြင်မှာ ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးတာဝန်တွေကိုထမ်းဆောင်နေပြီလို့ဖော်ပြပါတယ်။

စစ်ရေးအနေနဲ့လည်း နေပြည်တော်အပါအဝင် ဒေသအားလုံးမှာ PDF တပ်ဖွဲ့တွေရှိနေပြီးနယ်စပ်ဒေသတင် မဟုတ်ဘဲရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက် ဝင်ရောက်တိုက်ပွဲဝင်ဖို့စီမံချက်ထားရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးကမနေ့သြဂုတ် ၂၂ ရက်ပြောဆိုထားပါတယ်။

တဖက်မှာလည်း NUG လက်အောက်မဟုတ်တဲ့ဒေသကာကွယ်ရေးအဖွဲ့တွေအပေါ် ထောက်ပံ့မှုမရှိသလောက်အားနည်းတယ်ဆိုပြီး ဝေဖန်မှုအချို့ရှိနေ‌တာပါ။ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကတော့ NUG လက်အောက်က တပ်ရင်းတွေကို ထောက်ပံ့မှုမှာတင် ငွေကြေးလုံလောက်မှုမရှိသေးဘူးလို့ ပြောထားပြီး အချို့အဖွဲ့တွေကိုတော့မစ်ရှင်အလိုက်စရိတ်တွေကိုတော့ထောက်ပံ့ပေးတာမျိုးရှိတယ်လို့ ဘီဘီစီကိုဖြေကြားထားပါတယ်။

စစ်ကိုင်းမြို့၊ ထန်းတောဆိပ်မှာ ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးသေဆုံး

စစ်ကြောင်းထိုးမှုကြောင့် မိုးထဲလေထဲစစ်ရှောင်ကြရတယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ထန်းတောဆိပ်ရွာကို မနေ့ သြဂုတ် ၂၂ ရက်က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် ကျေးရွာကင်းသမား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရသလို အလောင်းသွားကောက်တဲ့ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးလည်းပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

‘‘ ပစ်ခတ်၀င်ရောက်ဝင်လာတော့ ကျေးရွာကင်းသမား ၂ ဦးနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာပေါ့။ နေ့လယ်ပိုင်း အလောင်းပြန်သွားကောက်တဲ့ ရဲဘော်သုံးဦးထဲကလည်း စစ်ကောင်စီကင်းပုန်းပစ်လို့ နောက် တစ်ယောက် ထပ်ကျတယ် စုစုပေါင်း ၃ ယောက်ကျသွားပါတယ်'' လို့ ဒေသခံကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းမြို့ အရှေ့ခြမ်းရော အနောက်ခြမ်းပါ စစ်ကြောင်းဝင်ရောက်နေပြီး နေအိမ်တွေကိုမီးရှို့တာကြောင့် ‌ရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံ သောင်းချီဟာ ထွက်ပြေးနေရတယ်လို့ ‌ထန်းတောဆိပ်‌ရွာခံတစ်ဦးကပြောပါတယ်။

‘‘ စစ်ကြောင်းဝင်တယ်။ ပစ်ခတ်တယ်။ မီးရှို့တာ‌လည်းတွေ့နေရတယ်။ ပြေးနေရတော့ဘာမှလှည့်မကြည့်နိုင်ဘူး။ မိုးကရွာတော့ပြေးရတာလည်းအရမ်းခက်ခဲကြတယ် '' လို့ ထန်းတောဆိပ်ဒေသခံတစ်ဦးကလက်ရှိပြေးနေကြရတဲ့ အခြေအနေကိုပြောပါတယ်။

သြဂုတ် ၂၁ရက်ကလည်း ညောင်ပင်ရှည်ရွာကစစ်ကောင်စီတပ်က မူးမြစ်အနောက်ဘက်က မြင်းမူ၊မူးမန္တလေးရွာကို လှမ်းပစ်လို့ အသက် ၂၁အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦး‌ကပြောပါတယ်။

သြဂုတ် ၁၅ ရက်ကနေ ၂၂ ရက် အထိ တစ်ပတ်အတွင်း စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး နဲ့ တော်လှန်ရေးအဖွဲ့ဝင် ၅ ဦးသေဆုံးကာ ရွာ ၄ ရွာမီးရှို့ခံထားရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မ‌န္တလေး - မြစ်ကြီးနားရထားလမ်းပြင်နေတာကို လုံခြုံရေးယူဖို့အသွင်နဲ့ ရွာတွေကိုစစ်ကြောင်းထိုးနေသလို ပိတ်မိနေတဲ့ ပျူရွာတွေကိုကယ်ထုတ်ဖို့အတွက် စစ်ကြောင်းထိုးပြီးစစ်ဆင်ရေးလုပ်နေတာလို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ ကုန်စျေးနှုန်းတက်တဲ့အကြောင်း ကြိမ်ဖန်များစွာ မေးခွန်းထုတ်ခံရ

ဆန်စျေးတက်နေမှုအပေါ် အဓိက မေးခွန်းထုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်စျေးတက်နေမှုအပေါ် အဓိက မေးခွန်းထုတ်ခံရ

စစ်ကောင်စီက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆန်စျေးအပါအဝင် အခြေခံကုန်စျေးနှုန်းတွေ တက်နေတဲ့အပေါ်မှာ ကြိမ်ဖန်များစွာ မေးခွန်းထုတ်ခံခဲ့ရပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်နေတဲ့အကြောင်း စစ်ကောင်စီကလည်း ဝန်ခံခဲ့ပြီး လောဘကြီးပြီးစျေးကစားတဲ့လုပ်ငန်းရှင်တွေကြောင့်လို့ အပြစ်ဖို့ခဲ့ပါတယ်။

ဗဟိုဘဏ်အပါအဝင် စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့က ဒုဝန်ကြီးတွေပါ ဝင်ရောက်ဖြေကြားခဲ့ပေမဲ့ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကိုပဲ အဓိကထားဖြေကြားခဲ့ပြီး အမေရိကန်ပိတ်ဆို့မှု၊ ငွေကြေးစျေးကစားသူတွေ နဲ့ လုပ်ငန်းရှင်တွေကို အပြစ်ဖို့ခဲ့ပါတယ်။

နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ဝယ်ယူဖို့ စစ်ကောင်စီက တစ်ဒေါ်လာ ၂၉၂၂ ကျပ် နဲ့ ရောင်းပေးတာကို တစ်ဒေါ်လာ ၃၅၀၀ ကျော်နဲ့ ညှိရောင်းနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဆန်စျေးတက်တဲ့ကိစ္စက အများဆုံးမေးခွန်းထုတ်ခံရပြီး အခြေခံစပါးစျေးကစပြီး မြင့်တက်နေတဲ့အကြောင်း စစ်ကောင်စီဘက်က ဖြေကြားပါတယ်။

မနှစ်က မိုးစပါးက တင်းတစ်ရာကို ၉ သိန်းကနေ ၁၀ သိန်းကြားမှာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကျပ် ၁၇ သိန်းကနေ ကျပ် ၁၈ သိန်း ကြား အထိ ပေါက်နေတယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

‘’ဧည်မထစျေးနှုန်းကလည်း ၅ သိန်း ၃ သောင်းကနေ ၁၈ သိန်းအထိ ဖြစ်သွားတယ်’’ လို့ သူက‌ ပြောပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရဲ့ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက တော့ မြန်မာမှာဆန်လက်ကျန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်ရှိနေပြီး မိုးစပါးမထွက်ခင်အထိ ဆန်လုံလောက်မှုရှိတယ်လို့ သြဂုတ် ၂၂ ရက်က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်တာကို ဖြေရှင်းဖို့ ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြည်ထောင်စုအဆင့်ထိ ဖွဲ့စည်းထားပြီး လိုအပ်တဲ့ ထိန်းကျောင်းမှုတွေ လုပ်နေတယ် လို့ ဦးမင်းမင်း က ဆက်ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီက သူတို့ရဲ့ လုပ်ဆောင်မှုတွေကိုပဲ ပြောပြသွားပြီး လက်ရှိမြေပြင်မှာဖြစ်ပေါ်နေတာတွေကိုဖြေရှင်းဖို့ တိကျတဲ့အဖြေတွေပေးသွားတာမတွေ့ရဘူးလို့ သုံးသပ်နေကြပါတယ်။