ဖေဖော်ဝါရီလ ၂ ရက် ညချမ်း သတင်းများ - ဝိဂါ မွတ်ဆလင် တစ်သောင်း ခိုလှုံခွင့်ပြုမယ့် ကနေဒါရဲ့ အစီအစဉ် တရုတ်ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဝိဂါ မွတ်ဆလင် ဒုက္ခသည် တစ်သောင်းကို လာမယ့်နှစ်နှစ်အတွင်း ကနေဒါမှာ ခိုလှုံခွင့်ပြုဖို့ ကနေဒါအစိုးရရဲ့ အစီအစဉ်ကို တရုတ်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ဒီအဆိုပြုချက်ကို အတည်ပြုဖို့ ကနေဒါပါလီမန်မှာ ဗုဒ္ဓဟူးနေ့က တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြပြီး တရုတ်အစိုးရဟာ ဝိဂါ မွတ်ဆလင် ဒုက္ခသည်တွေ တရုတ်နိုင်ငံကို ပြန်လာကြဖို့ ခြိမ်းခြောက်တဲ့နည်းတွေ သုံးပြီး တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို မဲခွဲဆုံးဖြတ်ချက် ရလဒ်အရ မလုပ်မနေရ လုပ်ရမှာမျိုး မဟုတ်ပေမဲ့ ကနေဒါနိုင်ငံတွင်းမှာ ကြီးမားတဲ့ ထောက်ခံမှုတွေကြောင့် ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုအနေနဲ့ ဒီအစီအစဉ်ကို အတည်ပြုပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လတ်တလော နှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ရှင်ဂျန်းပြည်နယ်က ထိန်းသိမ်းရေးစခန်းတွေမှာ ဝိဂါ မွတ်ဆလင် တစ်သန်းလောက် ထိန်းသိမ်းခံထားရတယ်လို့ ယူဆရပါတယ်။
တရုတ်အစိုးရကတော့ သူတို့အနေနဲ့ ဘာမှ အမှားမလုပ်ဘူးလို့ ငြင်းဆိုနေပြီး ရှင်ဂျန်းပြည်နယ်က လူတွေအားလုံး ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင် အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ဂျပန်မှာ ရာဇဝတ်မှုတွေ မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျပန်နိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ရာဇဝတ်မှု ဖြစ်ပွားနှုန်းတွေ မြင့်တက်လာခဲ့ပြီး တိုးပွားလာတဲ့ ရာဇဝတ်မှုတွေထဲမှာ လူသတ်မှုနဲ့ ကလေးငယ်တွေအပေါ် မတော်မလျော်ပြုမှုတွေ ပါဝင်တာ တွေ့ရပါတယ်။
၂၀၂၀ ခုနှစ်မှာ မုဒိန်းကျင့်မှု၊ လုယက်မှုတွေအပါအဝင် ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေက အဲဒီမတိုင်ခင်နှစ်ကထက် ၈ ရာခိုင်နှုန်း တိုးလာခဲ့သလို စက်ဘီးခိုးမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအဝင် လမ်းမပေါ်ဖြစ်လေ့ရှိတဲ့ ရာဇဝတ်မှုတွေက ၁၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဂျပန် ရဲအေဂျင်စီက ပြောပါတယ်။
ကလေးငယ်တွေအပေါ် မတော်မလျော်ပြုမှုတွေက စံချိန်တင်ရလောက်အောင် မြင့်တက်ခဲ့ပြီး ကလေးငယ်တွေ ပါဝင် ပတ်သက်နေတဲ့ အမှုတွဲပေါင်း တစ်သိန်း တစ်သောင်း ငါးထောင်ကျော်ကို ရဲတွေ ကိုင်တွယ်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို ရာဇဝတ်မှုတွေ တိုးပွားလာရတဲ့ အကြောင်းရင်းတွေထဲမှာ ကိုဗစ်ကပ်ဘေးကြောင့် ပိုဆိုးဝါးလာတဲ့ စီးပွားရေး စိုးရိမ်မှုတွေ၊ စိတ်ကျန်းမာရေး ပြဿနာတွေ ပါဝင်တယ်လို့ ရာဇဝတ်မှုဗေဒ ပညာရှင်တွေက ထောက်ပြ ပြောဆိုနေပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးသဘောတူချက်သစ် ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အစိုးရဟာ ဖိလစ်ပိုင်နဲ့ စစ်ရေးသဘောတူချက်တစ်ခု လုပ်လိုက်ပြီး အရှေ့တောင်အာရှဒေသမှာ နောက်ထပ် ခြေကုပ် ယူလိုက်နိုင်ခဲ့ပါတယ်။
ဒီသဘောတူချက်သစ်အရ အမေရိကန် တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိုင်ဝမ်နဲ့ သိပ်မဝေးတဲ့ စစ်စခန်းသစ် ၄ ခု ဆီ ဝင်ထွက်ခွင့် ရလာပါလိမ့်မယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ကျူးကျော်တိုက်ခိုက်ခံရဖို့ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွား ပေါ်ထွက်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီသဘောတူချက်ဟာ ဒေသတွင်း တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုအန္တရာယ် တစ်ခု ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် အစိုးရတို့ကတော့ ဒီသဘောတူချက်ကြောင့် ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ပိုတိုးမြင့်လာစေမယ်လို့ ဆိုပါတယ်။
လတ်တလောနှစ်တွေအတွင်း ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုံအတွင်းထဲက လူလုပ်ကျွန်းတွေပေါ်မှာ တရုတ်က ဝင်ပြီး စစ်စခန်း ဆောက်တာတွေကို ဖိလစ်ပိုင်အစိုးရအနေနဲ့ တားဆီးနိုင်ခွင့် မရှိပဲ လက်ပိုက်ကြည့်နေရတာ ဖြစ်ပါတယ်။
ဟောင်ကောင်လာချင်ရင် လေယာဉ်လက်မှတ် အခမဲ့ ပေးမယ်
ကိုဗစ် လော့ခ်ဒေါင်း စည်းမျဉ်းတွေကြောင့် ဟောင်ကောင်ကို အလာနည်းသွားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ပြန်လာအောင် ကြိုးစားတဲ့အနေနဲ့ ဟောင်ကောင် လာချင်သူတွေကို လေယာဉ်လက်မှတ် ၅ သိန်း အခမဲ့ ပေးဖို့ ရှိတယ်လို့ ဟောင်ကောင်အစိုးရက ပြောပါတယ်။
"ဟယ်လို ဟောင်ကောင်" လို့ အမည်ပေးထားတဲ့ "Hello Hong Kong" အစီအစဉ်ဟာ ဟောင်ကောင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရှင်သန်လာစေဖို့ကိုလည်း ရည်ရွယ်ထားတာပါ။
ဟောင်ကောင်ဟာ ကိုဗစ်ကပ်ဘေးကာလအချိန် အတော်များများအတွင်း တရုတ်အစိုးရရဲ့ ကိုဗစ်လုံးဝ ကင်းစင်ရေး zero Covid မူဝါဒကြောင့် အကျဉ်းအကျပ် ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အခုအခါ အာရှရဲ့ ကမ္ဘာ့မြို့ကြီး ဖြစ်တဲ့ ဟောင်ကောင်ကို စီးပွားရေးအတွက်ရော၊ လာရောက်လည်ပတ် အတွေ့အကြုံ ယူချင်သူတွေအတွက်ပါ ဖွင့်ထားပေးလိုက်ပြီလို့ ဟောင်ကောင်ခေါင်းဆောင် ဂျွန် လီးက ပြောပါတယ်။
၂၀၂၀ ခုနှစ်က တရုတ်အစိုးရ ပြဌာန်းတဲ့ နိုင်ငံတော် လုံခြုံရေး ဥပဒေကြောင့်ရော၊ ကိုဗစ်လော့ခ်ဒေါင်း စည်းမျဉ်းတွေကြောင့်ပါ ဟောင်ကောင်ရဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။








