အာဂျင်တီးနား ကမ္ဘာ့ဖလား သုံးကြိမ်မြောက် ဗိုလ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အာဂျင်တီးနား အသင်းနဲ့ ပြင်သစ်အသင်းတို့ သာမန်ပွဲကစားချိန် မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃၀ ပြီးဆုံးချိန်အထိ တစ်ဖက် ၃ ဂိုးစီနဲ့ သရေဖြစ်နေလို့ ပယ်နယ်တီကန်သွင်းကြရာမှာ အာဂျင်တီးနားက ပြင်သစ်ကို ပယ်နတီမှာ နိုင်ပြီး ကမ္ဘာ့ဖလားကို သုံးကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။
ပြင်သစ်အသင်း ပယ်နယ်တီ ၂ လုံး ဂိုးမဝင်ခဲ့လို့ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဂျင်တီးနားအသင်းဟာ ပြင်သစ်ကို ပထမပိုင်းမှာ မက်ဆီရဲ့ ပယ်နတီဂိုးနဲ့ ဒီမာရီယာရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နေခဲ့ပြီး ပြင်သစ်ဘက်ကတော့ ပထမပိုင်းအတွင်းမှာ ဂိုးပေါက်တည့်တဲ့ ကန်ချက် လုံးဝမရှိခဲ့တဲ့အထိ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
အာဂျင်တီးနားဟာ ပြင်သစ်ကို ဒုတိယပိုင်း အစောပိုင်းမှာ အသာစီး ဆက်ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော၊ ဘောလုံးပေးပို့ တိကျမှု အသာတွေနဲ့ပါ ထိန်းကစားသွားနိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းကတော့ ပွဲပြီးခါနီးမှာ ကစားပုံ ပိုကောင်းလာခဲ့ပြီး ရှေ့တန်းလူ အမ်ဘက်ပေက ပွဲချိန် မိနစ် ၈၀ မှာ ပယ်နတီကတဆင့် စတင် ဂိုးသွင်းယူပြီး နောက်ထပ် တမိနစ်အကြာ ၈၁ မိနစ်မှာပဲ နောက်တဂိုးထပ်မံ သွင်းယူတဲ့အတွက် ပွဲချိန်အပြီး နောက်ထပ် မိနစ်သုံးဆယ် အချိန်ပို ကစားခဲ့ရပါတယ်။
အချိန်ပိုကန်ရာမှာ မက်ဆီက ၁၀၈ မိနစ်မှာ ဂိုးသွင်းပေမယ့် နောက် ဆယ်မိနစ်အကြာ ၁၁၈ မိနစ်မှာ အမ်ဘက်ပေက ချေပဂိုး သွင်းပြန်လို့ နှစ်ဖက် အပြန်အလှန် ပယ်နတီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။
အမ်ဘက်ပေဟာ အခုလို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် သုံးဂိုး သွင်းနိုင်မှုနဲ့ အတူ ပွဲစဉ်တလျှောက် စုစုပေါင်း ၈ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပယ်နတီကန်ရာမှာတော့ ပြင်သစ်ဘက်က ကင်စလေ ကိုးမန်းနဲ့ ချူဝါမန်နီ တို့က လွဲချော်ခဲ့တဲ့အတွက် အာဂျင်တီးနားက ပယ်နတီမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ အာဂျင်တီးနားဘောလုံးအသင်းဟာ ယခု ၂၀၂၂ မှာ ထပ်မံ ဗိုလ်စွဲခဲ့တဲ့အတွက် သုံးကြိမ်မြောက် ကမ္ဘာ့ဖလားကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်က ကမ္ဘာ့ဖလား ပထမဆုံး ရထားပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်ကတော့ အလားတူ သုံးကြိမ်မြောက် ကမ္ဘာ့ဖလား ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား
-လူငယ် အားကစားသမားဆု အာဂျင်တီးနား အန်ဇို ဖာနန်ဒက်ဇ်
-ရွှေလက်အိတ်ဆု အာဂျင်တီးနား အမ်မလီယိုနို မာတီနက်ဇ်
-ရွှေဖိနပ်ဆု ပြင်သစ် အမ်ဘတ်ပေ
-ရွှေဘောလုံးဆု အာဂျင်တီးနား မက်ဆီ








