ဂျပန်လေဆိပ်က လေယာဥ်တိုက်မှု ၅ ဦး သေဆုံး- ဇန်နဝါရီလ ၂ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုကျိုက ဟနဲဒ လေဆိပ်မှာ ဂျပန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်တွေကို သယ်ယူ ပို့ဆောင်တဲ့ လေယာဥ်တစင်းနဲ့ ဂျပန်လေကြောင်းလိုင်းက ခရီးသည်တင် လေယာဥ် တစင်းတိုက်မိပြီး ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသွားပါတယ်။
လေဆိပ်က လေယာဥ်ဆင်းလမ်းမှာ အရှိန် လျှော့ချထားလာနေတဲ့ ခရီးသည်တင် အဲယားဘတ်စ် A350 လေယာဥ်ကြီး မီးလောင်နေတာကို ရုပ်မြင်သံကြားတွေမှာ တွေ့ခဲ့ရပါတယ်။
ခရီးသည်တင်လေယာဥ်ပေါ်က ခရီးသည်တွေနဲ့ လေယာဥ်အမှုထမ်းတွေ စုစုပေါင်း လူ ၃၀၈ ယောက် ကို လေယာဥ်ကြီးတခုလုံး မီးလုံးကြီးနဲ့ ဖုံးမသွားခင်မှာ ကယ်တင် နိုင်ခဲ့ကြပါတယ်။
ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကို တင်ထားတဲ့ လေယာဥ်ပေါ်မှာ နီအီဂတ ဘက်က ငလျင် ဒဏ်အတွက် အရေးပေါ် အကူအညီပေးဖို့ ပစ္စည်းတွေကို တင်ဆောင်ထားကြောင်း သိရပါတယ်။
အဲဒီလေယာဥ်က ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင် တယောက် သေဘေးကလွတ်ခဲ့ပေမဲ့ ဒဏ်ရာအကြီးအမား ရထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း လိင်ပိုင်းစော်ကားမှုနဲ့ တရားစွဲခံရနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မက်ဒရစ်မြို့တော်က တရားရုံးတခုမှာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း လူဝစ် ရုဘီယာလက်စ် ကို စစ်ဆေးနေတဲ့ ခုံရုံးဆီကို စပိန် အမျိုးသမီး ဘောလုံးသမား ဂျန်နီ အားမိုဆိုက သက်သေထွက်ဆိုသူ နောက်ဆုံးလူ အဖြစ် ရောက်လာခဲ့ပါတယ်။
မစ္စတာ ရုဘီယာလက်စ်ဟာ လိင်ပိုင်းစော်ကားမှုနဲ့ တရားစွဲခံနိုင်ရဖွယ်ရှိပါတယ်။
သြဂုတ်လက စပိန်အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲလို့ ဆုယူ အောင်ပွဲခံချိန်မှာ သူက မစ္စ အာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့ပြီး အဲဒီအရေးနဲ့ နောက်ပိုင်းမှာ စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။
မစ္စတာ ရုဘီယာလက်စ်က သူ နမ်းတာက တဖက်သားရဲ့ သဘောတူချက်နဲ့ နမ်းတာ လို့ ပြောပြီး မစ္စ ဟာမိုဆိုက သူ့ဖက်က ဘာမှ သဘောတူတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါ တယ်။
ဒီကိစ္စဟာ အကြီးအမား သက်ရောက်မှုတွေရှိလာခဲ့ပြီး ဘောလုံးလောကရဲ့ အပြင်ဘက်ကိုပါရောက်လာကာ စပိန်လူမှုအသိုင်းအဝိုင်းမှာဖြစ်နေတဲ့ ကျားမ ခွဲခြား ဆက်ဆံခြင်း ဓလေ့တွေကိုပါ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ဘာမင်ဂမ် စီးတီးမန်နေဂျာ တာဝန် ကနေ ဝိန်းရူနီ ဖယ်ရှားခံရ

ဓာတ်ပုံ ရင်းမြစ်, REX FEATURES
ဝိန်းရူနီဟာ ဘာမင်ဂမ် စီးတီး ဘောလုံးအသင်းမန်နေဂျာ အဖြစ် တာဝန်ယူခဲ့တာ ၃ လ မပြည့်ခင်မှာပဲ အလုပ်ကနေ အထုတ်ခံလိုက်ရပါတယ်။
အင်္ဂလန်ဘောလုံးအသင်း ကပ္ပတိန်ဟောင်း လည်းဖြစ်၊ မန်ချက်စတာ ယူနိုက်တက်ခ် တိုက်စစ်မှူးဟောင်းလည်း ဖြစ်တဲ့ အသက် ၃၈ နှစ် အရွယ် ရူနီကို ချန်ပီယံရှစ် အတန်းမှာ ကန်နေတဲ့ ဘာမင်ဂမ်အသင်းက အောက်တိုဘာလတုန်းက အရင် မန်နေဂျာကို ဖြုတ်ပြီး အလုပ်ခန့်ခဲ့တာပါ။
အဲဒီအချိန်က ချန်ပီယံရှစ်မှာ ဘာမင်ဂမ်အသင်းက အမှတ်ပေးဇယားရဲ့ နံပတ် ၆ နေရာမှာ ရှိခဲ့ပြီး ရူနီ ကိုင်တဲ့အချိန်အတွင်း ၁၅ ပွဲမှာ ၂ ပွဲသာ နိုင်ခဲ့ကာ အခု နံပတ် ၁၂ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
အရင်တုန်းက ရူနီဟာ အင်္ဂလန်က ဒါဘီကောင်တီ အသင်းမှာ မန်နေဂျာလုပ်ဖူးခဲ့သလို အမေရိကန်က ဒီစီ ယူနိုက်တက် အသင်းကိုလည်း ကိုင်တွယ်ဖူးခဲ့ပါတယ်။








